သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

ပန်ကြားလွှာ

ဘာသာဝင်အများတို့အား
ချစ်ကြည်လေးစားစွာဖြင့် ပန်ကြားလွှာ

ကမ္ဘာပေါ်ရှိ မိမိတို့ဆိုင်ရာ အားလုံးစုံသော ဘာသာဝင်မိတ်ဆွေအပေါင်းတို့အပေါ်၌ ငြိုငြင်မှု၊ မနာလိုမှု၊ ဣဿာ၊ မစ္ဆရိယ မထားပါ၊ ကျမ်းဆရာ၏တစ်ခုတည်းသော စိတ်ကူးမှာ မိမိတို့နေထိုင်ရာ ပြည်ထောင်စု
မြန်မာနိုင်ငံတော် အခြေခံဥပဒေက “လူတိုင်းလူတိုင်းသည် မိမိတို့ကြိုက်ရာရာဘာသာကို လွတ်လပ်စွာကိုးကွယ်နိုင်ကြောင်း” အခွင့်ကောင်းပေးထားပြီးသားဖြစ်၍
ဘာသာဝင်သူ တဦးတယောက်က တခြားဘာသာတစ်ခုကို မှားသည်၊ လွဲသည်၊ ချော်သည်ဟု မသင့် မလျော် မတော်မတန်သောစကားဖြင့် ဝေဖန်ပြောကြား ကဲ့ရဲ့ရှုံ့ချ အပြစ်ပြ စွပ်စွဲစရာမလိုပေ၊ ကဲ့ရဲ့စွပ်စွဲမှုကိုလည်း နိုင်ငံတော်တရားဥပဒေက ခွင့်မပြုချေဟု ယုံစားပါ၏။
အမှန်မှာ မည်သည့်ဘာသာဝင်မဆို မိမိယုံကြည်လေးစားစွာ ခံယူ၊ ကိုးကွယ်၊ ဆည်းကပ်၊ ပူဇော်၊ ကော်ရော်၊ ပသ မှုပြုနေသော ဘာသာတရား၏ညွှန်ကြားစေခိုင်းမှုသည် မိမိအတွက်မှန်ကန်အကျိုးရှိသော ညွှန်ကြားမှု တရား(ဓမ္မ)အစစ်များသာ ဖြစ်သည်ဟု ယုံကြည်အားကိုးစွာဖြင့် ပြောဆိုစွဲယူကာ လိုက်နာဝန်ခံကြပေမည်။ ဤကား ဘာသာဝင်သူတိုင်းတို့၏ ဓမ္မတာပင်ဖြစ်၏။
ထို့ကြောင့် ကိုယ်နှင့်မဆိုင် ကိုယ်မခံယူ မကိုးကွယ်သော တခြားဘာသာတစ်ခုကို ရန်လိုမှုစိတ်ထားဖြင့် ၀င်ရောက်စော်ကား ပြစ်မှားပြောဆို ကဲ့ရဲ့မုန်းထား ပြစ်တင်မှုများ မပြုရပေ။
အမှန်မှာ မိမိတို့ဘာသာရှင်၏ မူလဟောကြား ပညတ်တော်မူသွားသော အချက်အလက် ဓမ္မစက်တော်မှာ လာသည့်အတိုင်း လိုက်နာခံယူ ကျင့်သုံးအားထုတ် ပြုလုပ်သွားကြဖို့သာ လိုရင်းအစစ်ဖြစ်ချေသည်။
မှန်လှ၏။ ဘာသာဝင်တိုင်း ဘာသာဝင်တိုင်းတို့သည် မိမိတို့ လိုက်နာခံယူ ကိုးကွယ်၊ ဆည်းကပ်၊ ပူဇော်ပသ၊ ကျင့်ကြံအားထုတ် ပြုလုပ်မှုဟူသမျှကို မိမိတို့ ကယ်တင်ရှင်၊ သို့မဟုတ် နိဗ္ဗာနမဂ္ဂ လမ်းညွှန်ရှင် ဘုရားသခင် ချမှတ်ပေးထားတော် မူခဲ့သော မူလရှေးဟောင်း ဓမ္မက္ခန် ကျမ်းစာတော်အပေါင်းတို့နှင့် သို့မဟုတ် မုက္ခပါဌ်တော်တို့နှင့် ညီ မညီ၊ ကိုက်မကိုက် ကိုသာ (ယခုလက်ရှိ မိမိတို့ လိုက်နာကျင့်သုံးခံယူစေရန် ဘာသာရေးခေါင်းဆောင် ဓမ္မဆရာတို့ ဟောပြောချက်နှင့်ရော၊ ၎င်းတို့စီစဉ်ရေးသား ပုံနှိပ်ထုတ်ဝေ ပေးထားသော ကျမ်းစာအုပ်များနှင့်ပါ) အကြိမ်ကြိမ် တိုက်ဆိုင်ညှိနှိုင်း စစ်ဆေး ဝေဖန် ဆွေးနွေးမှု ပြုကြရမည်သာ ဖြစ်၏။
ဤသည်တို့ကား မိမိတို့ ကြိုက်ရာဘာသာဝင်သူတိုင်းတို့၏ ကိုယ်ရေး၊ ကိုယ်ပိုင်၊ ကိုယ်နှင့်ဆိုင်သော ကိစ္စဖြစ်၍ (ယထာဓမ္မ) ကျ၊ မကျ မိမိဗုဒ္ဓ၏ ချက်မှတ်ချက်စည်းကမ်းနှင့် ညီမညီ လူသားတိုင်း၏ မုချရှိထားကာ လိုက်နာစစ်ဆေးကြရမည့် မိမိတို့အယူဘာသာ၏ အစဉ်အလာမှန်ကန်တည့်မတ်ရေး ယဉ်ကျေးမှု လုပ်ငန်းရပ်လည်းဖြစ်၍ ကိုးကွယ်မှုဘာသာရှိသူတိုင်း မပစ်ပယ် မပေါ့ဆအပ်သော အရေးကြီးသည့် ကိစ္စကြီးတွေသာ ဖြစ်ချေသည် မဟုတ်ပါလော၊ ဘာသာ ၀င်မိတ်ဆွေ အပေါင်းတို့။
ဤတွင်၍ ပန်ကြားလွှာ ပြီး၏။

No comments: