သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

သာသနာတော်မှာ ဘယ်တရားကို ပွားများဖို့ အရေးကြီးဆုံးလဲ

သာသနာတော်မှာ ဘယ်တရားကို ပွားများဖို့ အရေးကြီးဆုံးလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာ သာသနာတော်မှာ ဘယ်တရားဟာ လိုရင်းမူလလဲ၊ ဘယ်တရားဓမ္မကို ပွားစီးသတိရဖို့ အရေးအကြီးဆုံးပါလဲ၊ မြတ်ဗုဒ္ဓရဲ့ ပိဋကတ်တော်စာပေက ဘယ်လိုများ ညွှန်ကြားထားပါသလဲ ဆရာတော်။

ဆရာ။ ။မြတ်ဗုဒ္ဓသာသနာတော်မှာ (သီလာနုဿတိ) သီလဓမ္မကို ပွားစီးသတိရဖို့ အရေးအကြီးဆုံးပဲ ဒကာကြီးတို့ရ၊ ပိဋကတ်တော်စာပေ ညွှန်ကြားချက်ကလည်း သီလကိုလိုရင်းမူလညွှန်ပြထားတယ်။
သီလန လက္ခဏံ သီလံ တဲ့။
သီလံ- သီလဓမ္မသည်၊ သီလန လက္ခဏံ- ကာယသုစရိုက်၊ ၀စ္စသုစရိုက်တို့ကို မပျက်စီးရအောင် ချုပ်၊ ထိန်း ကွပ်ကဲစောင့်ရှောက်ထားခြင်း လက္ခဏာရှိ၏။ ၀ါ- ထိုထိုကုသိုလ်ဟူသမျှတို့၏ တည်ရာ ရွှေခွက်ကြီးနဲ့ တူ၏တဲ့။
နောက်တစ်ချက် မြတ်ဗုဒ္ဓ ဆက်လက်မိန့်ကြား ဟောထားတော်မူပုံကတော့…
သိရဋ္ဌ သီတလဋ္ဌေဟိ၊
သလန သုပနဋ္ဌတော။
သာလာယ သဒိသတ္တာ စ၊
သီလန္တိ ၀ုစ္စတေ ထ၀ါ။
သိရဋ္ဌ သီတလဋ္ဌေဟိ၊ ဦခေါင်းနှင့်တူသောအနက်သဘော၊ ငြိမ်းချမ်းအေးမြသော အနက်သဘောတို့ ကြောင့်။ သီလန္တိ ၀ုစ္စတေ၊ သီလဟု ခေါ်ဆိုရ၏တဲ့။
သလန သုပနဋ္ဌတော၊ လှုပ်ရှား ထကြွ သောင်းကျန်းသော အကုသလဓမ္မ ဒုစရိုက်အကျင့်ပျက်တို့၏ ငြိမ်သက် အိပ်စက်ရာဖြစ်သောကြောင့်လည်း။ သီလန္တိ ၀ုစ္စတေ၊ သီလဟု ခေါ်ဆိုရ၏တဲ့။
အထ၀ါ၊ နောက်တစ်မျိုးကတော့။ သာလာယ သဒိသတ္တာ စ၊ ဧည့်သည် ခရီးသွား အပေါင်းတို့၏ ချမ်းသာစွာ နားနေခိုအောင်းရာ ဇရပ်နှင့် တူသောကြောင့်လည်း။ သီလန္တိ ၀ုစ္စတေ၊ သီလဟု ခေါ်ဆိုရ၏တဲ့။
ဒါကြောင့် သူတော်ကောင်းတို့၏ အေးငြိမ်းချမ်းသာစွာနဲ့ နားနေရာ သမာဓိပညာ သူတော်တရားတို့၏ တည်နေရာဇရပ် ရွှေခွက်နဲ့တူတဲ့သီလ၊ သို့မဟုတ် သတ္တ၀ါတို့၏ အရေးအကြီးဆုံး ဦးခေါင်းနဲ့တူတဲ့ သီလဟာ သမာဓိတို့ ပညာတို့ထက် အရေးကြီးတယ်လို့ မှတ်ပါ။
ဒကာ။ ။ ဒကာကြီးတို့ ဒါထက် ပိုမိုနားလည်အောင် အနည်းငယ်မျှ ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ သီလတော သုခိတေ။ ။ သီလကြောင့် ကိုယ်ရောစိတ်ပါ ချမ်းသာစွာ နေထိုင်ကြရတယ် တဲ့။
သုခံ သမာဓတ္ထာယ။ ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသည် စိတ်နှလုံးတည်တံ့မှု သမာဓိရခြင်း၏ အကြောင်းရင်းပဲတဲ့။
ကဲ…သီလရှိလို့ ကာယဒုစရိုက်အပြစ်နဲ့ ၀စီဒုစရိုက်အပြစ် ကင်းစင်ပြီးတော့ကာ တည်ငြိမ်မှုသမာဓိရှိလာ တယ်၊ တည်ငြိမ်တဲ့ သမာဓိစိတ် ရှိနေပြီဆိုရင်……
သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ။
သမာဓိရှိတဲ့ ယောဂီဟာ ဟုတ်တိုင်းမှန်ရာ ရုပ်နာမ်တို့ သဘောတရားကို သမ္မသနဉာဏ်နဲ့ ကိုယ်ထဲမှာ စိုက်ပြီး လိုက်ရှာစစ်ဆေးလိုက်ရင် မခိုင်မြဲတဲ့ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်တွေကိုသာ တွေ့မြင်နေရတော့ အင်း.. ငါမရှိ၊ ငါမဟုတ်တဲ့ ရုပ်နာမ်မျှသာ ဖြစ်ပျက်နေတာပဲ၊ ငါမှမရှိရင် ငါ့ဥစ္စာ ဘယ်လိုနည်းနဲ့ ဖြစ်နိုင်ပါ့မလဲဆိုတဲ့အတွေး ယထာဘူတဉာဏ်မှန်တွေ ဖြစ်ပေါ်လာကာ ဒိဋ္ဌိစွဲပြုတ်၊ ငါ သူတစ်ပါးယောက်ျား မိန်းမ ဟိုဘ၀ ဒီဘ၀ဆိုတဲ့ ယုံမှားသံသယ ၀ိစိကိစ္ဆာတွေပြုတ်၊ အရိယာပိုင်းကူးပေါ့၊ ကဲ…. ရှင်းရဲ့လား “သီလေ ပတိဋ္ဌာယနရော” တွေ ဘာတွေ ပြောစရာတွေ အများကြီးကို ချန်ထားခဲ့တာနော်။
ဒကာ။ ။ ရှင်းလိုက် ကောင်းလိုက်တာ ဆရာတော်၊ သီလနဲ့တူတဲ့ ဦးခေါင်းပြတ်ရင် သေတဲ့သူနဲ့ အတူတူပေါ့၊ သီလဟာ သာသနာတော်ရဲ့ အသက်ပဲနော် ဆရာတော်။

No comments: