သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

စစ်တုရင် ကျား ကစားတာဟာ ကမ္မဋ္ဌာန်း သမာဓိ အလုပ်လော

စစ်တုရင် ကျား ကစားတာဟာ ကမ္မဋ္ဌာန်း သမာဓိ အလုပ်လော
ဒကာ။ ။ စစ်တုရင်ထိုးခြင်း၊ ကျားထိုးခြင်း၊ ပိုကာဒေါင်းကစားခြင်းတို့ဟာ ကစားကွက်အာရုံထဲမှာ စိတ်ထားတည်ငြိမ်နေတာသာဖြစ်လို့ ကမ္မဋ္ဌာန်းအားထုတ်တဲ့ သမာဓိ အလုပ်သမားယောဂီများနဲ့ အတူတူပဲ မဟုတ်လား ဆရာတော်၊ ဒကာကြီးတို့စိတ်ဓါတ်ဟာ ကစားကွက်အာရုံထဲက ဘယ်မှမထွက်ဘူး ငြိမ်နေတာပဲ။

ဆရာ။ ။ အင်း.. ကမ္မဋ္ဌာန်း တရားဆိုတာက ဘာဝနာကုသိုလ်အလုပ်ပဲ၊ ဘာဝနာကလည်း သမထမျိုး ၀ိပဿာနာမျိုးလို့ နှစ်ပါးပြားတယ်၊ ဒကာကြီးတို့ မှတ်သားထားဖို့ကတော့….
ကမ္မဋ္ဌာန်း၊ ဘာဝနာတရားဟူသမျှတို့သည် အပြစ်ကင်းသော အရှု အသိခံအာရုံ၏ အပေါ်မှာသာ စိတ်ကို တည်ငြိမ်အောင်ထား၍ ရှုမှတ်ပွာများနေရသော လုပ်ငန်းဖြစ်တယ်။ အဲဒီလို အပြစ်ကင်းသောကြောင့်လည်း ယင်း လုပ်ရပ်ကို မြတ်သောအလုပ်စခန်းဟု ခေါ်ဆိုသမုတ်ကြတယ်၊ လုပ်ကြတယ်၊ အဲဒါပဲ။
ဒကာ။ ။ အပြစ်မရှိ အပြစ်မကင်းဆိုတာက ဘယ်ဟာပါလဲ ဆရာတော်၊ ဒကာကြီးတို့ ပိုကာဒေါင်း၊ စစ်တုရင်၊ သုံးပုံဖဲကစား၊ ကျားထိုးတာဟာ အစိုးရဥပဒေ အပြစ်မကင်းတာကို ဆိုလိုတာလား ဘုရား။
ဆရာ။ ။ အစိုးရဥပဒေ နည်းဥပဒေ ပုဒ်မတွေ နားမလည်ဘူး၊ အဘိဓမ္မာနည်းအရ အပြစ်ကျရောက်တဲ့ အာရုံကိုသာ ပြောတာ၊ ဒါက လေ့လာလိုက်စားတဲ့ သူမှသာ သိတာ၊ ပညာရှိများ၏ အလုပ်ဖြစ်တယ်။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် မိန့်ကြားပါဆရာတော်၊ အခုဆရာတော်ရဲ့ ထံပါးမှာ လေ့လာနေတာပဲဟာ။
ဆရာ။ ။ အင်း.. ကစားကွက်ထဲမှာ တည်ငြိမ်နေတယ်ဆိုတဲ့ ဒကာကြီးတို့ရဲ့ ဧကဂ္ဂတာက သူများအ ပေါ် အောင်နိုင်ချင်တဲ့ အနိုင်ရလိုချင်တဲ့ အဘိဇ္ဈာ၊ တဏှာ၊ ဥပါဒါန်၊ သူများကို ရှုံးနိမ့်ပျက်စီးစေချင်တဲ့ ဗျာပါဒ၊ ဒေါသတို့နဲ့ ယှဉ်စပ်ဖြစ်ပေါ်လာတဲ့ အပြစ်မကင်းသော ဧကဂ္ဂတာ တည်ငြိမ်မှုတွေသာဖြစ်လို့ မြတ်သော ကမ္မဋ္ဌာန်း အလုပ်မဟုတ်ဘူးတဲ့၊ နားထောင်ပါဦး။
အဲဒီဧကဂ္ဂတာ တည်ငြိမ်မှုမျိုးက ငါးမျှားတဲ့ တံငါတို့ သားလိုက်ုဆိုး တို့မှာလည်း ဖြစ်နေတာပဲ၊ မုဆိုးဟာ သားကောင်အာရုံထဲ စိတ်စောနေလိုက်တာ ကိုယ်ကိုမလှုပ်ဘူး၊ သားကောင် လန့်သွားမှာ စိုးလို့၊ တံငါဟာလည်း အဲဒီလိုပဲ ငါးလန့်ပြေးမှာစိုးလို့ တည်ငြိမ်စွာ နေတယ်၊ အဲတာတွေကဟာ အဘိဇ္ဈာ၊ ဗျာပါဒတို့နဲ့ ယှဉ်တဲ့ ဧကဂ္ဂတာ တည်ငြိမ်မှုတွေပဲ။ အဲဒီမုဆိုး တံငါတို့ရဲ့ စိတ်ဇောတွေဟာ အပြစ်မကင်းတဲ့ သားကောင်အာရုံ ငါးအာရုံထဲက ဘယ်ကိုမှ မသွားဘူး၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိနဲ့ ယှဉ်ကာ ဧကဂ္ဂတာ ကျနေတာပဲ၊ တစ်ခုတည်းသော အာရုံထဲမှာ တည်၊ စွဲ၊ မြဲ၊ ငြိမ်နေတာပဲ၊ အဲဒါကိုများ အပြစ်ကင်းတဲ့ သူတော်ကောင်းတရား ကမ္မဋ္ဌာန်းသမားနဲ့များ နှိုင်းစာပြောတာဟာ အတော်ဆိုးတယ်လို့ ဆိုချင်တယ်။ (ဤ ပဥှာကို စမ်းချောင်း ခေမာလမ်း ကျန်းမာရေး ၀န်ထောက် ဦးကြည်တို့အုပ်စုမေးသည်ဟု ထင်သည်။)
ဒကာ။ ။ မသိနားမလည်ခင်တော့ မှားကြတာပေါ့ ဆရာတော်၊ ဒီလို ရှင်းရှင်းလင်းလင်း သိထားပြန်တော့လည်း မမှားမဆိုးတော့ပါဘူး ကျေးဇူးတင် ၀မ်းသာပါတယ် ဘုရား။

No comments: