သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

ပါဋိဟာရိယ ပညာဆိုတာ ဘာလဲ

ပါဋိဟာရိယ ပညာဆိုတာ ဘာလဲ
ဒကာ။ ။ ၀ိပဿနာတရား ပွားများတဲ့သူဟာ ပါဋိဟာရိယပညာဉာဏ်အရေးကြီးတယ်၊ သူရှိမှဖြစ်တယ် လို့ ပြောဟောနေတာ၊ ပါဋိဟာရိယ ပညာဉာဏ်ဆိုတာ ဘယ်လိုဟာကိုခေါ်တာလဲ ဆရာတော်။

ဆရာ။ ။ အင်း.. ( ပါဋိံ သမုခံ ဟာရေတိ ပကာသေတီတိ ပါဋိဟာရိယံ)တဲ့၊ သူ့ရဲ့အနက်အဓိပ္ပါယ်က တော့.. ပါဋိံ သမုခံ- တိုက်ရိုက်၊ တဲ့တိုး၊ မျက်မှောက်၊ ရင်ဆိုင်။
ဟာရေတိ - ပကာသေတိ = ထင်ထင်ရှားရှားနဲ့ ဖော်ပြပေးတတ်၏။ သိစေ၏….တဲ့။
ကဲ အဲဒါကြောင့်မို့ ပါဋိဟာရိယပညာဉာဏ်မည်၏တဲ့၊ သဘောပေါက်ရဲ့လား။
ဒကာ။ ။ ၀ိပဿနာနဲ့ ဘယ်လိုဆိုင်တာလဲ ဆရာတော်၊ နားမလည် သဘောမပေါက်သေးပါဘူး ဘုရား။
ဆရာ။ ။ ပါဋိဟာရိယ ပညာဆိုတာ မမေ့မလျော့တဲ့ သတိရင့်ကျက် ထင်ရှားအားကောင်းမှုကို ခေါ်ဆိုတယ်။
ဝိပဿနာတရားဆိုတာက ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တို့ ပျက်ပျက်သွားမှု အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘာဝတို့ ကို ပြတ်သား ပိုင်းခြားစွာ သိသိသွားတာ ဖြစ်တယ်။
တိုတိုနဲ့လိုရင်းကတော့ ဖြစ်ပေါ်ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တို့ ဓမ္မသဘာဝကို မမေ့တဲ့၊ ရင့်ကျက်အားကောင်းတဲ့ သတိနဲ့ ထင်ထင်ရှားရှား ဘွားကနဲဘွားကနဲ သိသိသွားတဲ့ အသိဉာဏ်ဟာ ပါဋိဟာရိယ ပညာပဲ။
အဲဒီ…ပါဋိဟာရိယ ခေါ်တဲ့ ပညာဉာဏ်က ရုပ်နာမ်တို့ရဲ့ သဘာဝတရားဆိုတာ ဟောဒီ ဥဒယနဲ့ ၀ယပဲလို့ ယူဆောင်ပြပေးလိုက်သလို ဘွားခနဲ ဘွားခနဲနေအောင် ဖော် ဖော်ပေးလိုက်တယ်၊ မူကြိုကျောင်းသင် တန်းပဲ။
အဲဒီအခါကျမှ ၀ိပဿနာပညာက ရုပ်နာမ်တို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိ သိသွားတာတဲ့၊ ပါဋိဟာရိယဉာဏ်က သိစရာ အာရုံ ဓမ္မသဘောကို ထင်ထင်ရှားရှား ဘွားခနဲ ဘွားခနဲနေအောင် ယူဆောင်ကာ ဖော် ဖော်ပြပေးနိုင်ရုံလောက်ပဲ ရှိတာဖြစ်တယ်။ သူ့ရဲ့ စွမ်းအင် ကိလေသာတို့ကို သန့်စင်အောင်တော့ မပယ်နိုင်ဘူးတဲ့။
ဒါကြောင့် ကိလေသာကို ပယ်ရှား ရှင်းနိုင်တဲ့ ၀ိပဿနာဉာဏ် လက်တွင်းကို ရောက်အောင် ခန္ဓာ အာယတန ဓါတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် ရုပ်နာမ်တို့၏ မူလသဘာဝကို ရှေးရှုသယ်ဆောင်ကာ ပို့ပေးတတ်တာဟာ ပါဋိဟာရိယပညာဉာဏ်လို့သာ မှတ်ပေတော့ ဒကာကြီးတို့၊ ဉာဏ်ရှိသူဆိုရင် သိလောက်ပါပြီနော်…
ဒကာ။ ။ အော်.. သူက ၀ိပဿနာဉာဏ်ရဲ့ ရှေးဦးမူကြိုဉာဏ်ပဲကိုး၊ ဒီလိုသိရတာ ကျေနပ်လှပါတယ် ဆရာတော်။

No comments: