သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, June 26, 2010

သူရဿတီနတ်သမီးသည်ပိဋကတ်သုံးပုံဆောင် နတ်ရဟန္တာမကြီးလော?သူရဿတီ ဘယ်နှစ်ယောက်ရှိသလဲ၊ သူရဿတီဆိုတာ ဘာစကားလဲ အနက်အဓိပ္ပါယ်က ဘာလဲ?သူရဿတီက ဘာ့ကြောင့် ဟင်္သာရုပ် စီးတာလဲ?ဗေဒင် ၆ ပုံက ဘာတွေလဲ?

သူရဿတီနတ်သမီးသည်ပိဋကတ်သုံးပုံဆောင် နတ်ရဟန္တာမကြီးလော
ဒကာ။ ။ သူရဿတီ နတ်သမီးကြီးဟာ ပိဋကတ်သုံးပုံဆောင်သော နတ်ရဟန္တာမကြီးဟု ပြောဆိုကာ ပုံတော်နဲ့ ကိုးကွယ်ဆည်းကပ်နေကြတာ ပိဋကတ်ကျမ်းစာမှာ ပါရှိပါသလား ဆရာတော်။

ဆရာ။ ။ သမ္မာသမ္ဗုဒ္ဓ ဟောကြားတော်မူတဲ့ ထေရ၀ါဒပိဋကတ်တော်မှာတော့ သူရဿတီဆိုတာကို ရော ပိဋကတ်သုံးပုံဆောင်တာတွေ ရဟန္တာမကြီးတွေဆိုတဲ့ ဂုဏ်ပုဒ်တွေကိုရော မတွေ့ဖူးပါဘူး ဒကာကြီးတို့ရာ၊ ပါလည်း မပါပါဘူး။
ဒကာ။ ။ အနို့၊ ဘယ်ကျမ်းစာများမှာ တွေ့ဖူးပါသလဲ၊ ဘယ်ဝါဒက လာတာလဲ ဆရာတော်၊ သိသလောက် ရှင်းပြပါဦး၊ ပိဋကတ်တော်မှာ မပါတဲ့ဟာတွေ ဘယ်နေရာက ရောက်လာတာလဲ ဘုရား။
ဆရာ။ ။ ဣန္ဒိယတိုင်း ဗြဟ္မဏ၀ါဒ ( ဟိန္ဒီဝါဒီ) ဝေဒကျမ်းကြီးများမှာ လာရှိတာက ဗုဒ္ဓဘာသာ မဟုတ်သူတို့ မူလကိုးစားပူဇော်ရာ ဗြဟ္မန်( ပရမတ္တမ) ထာဝရသခင်ကယ်တယ်ရှင် လောကကိုဖန်ဆင်းပေးသော မဟာဗြဟ္မာမင်းကြီးနဲ့ ကြင်ဖက်တော် သူရဿတီနတ်မိဖုရားကြီးဟု တွဲလျက်လာရှိတယ်၊ ဗေဒင် ၄ ပုံ ၆ ပုံ ဆောင်ပဲ၊ ပိဋကတ်သုံးပုံဆောင်လို့တော့ မဆိုဘူး။
နောက် သတ္တ၀ါများကို စောင့်ရှောက်ပေးတတ်တယ်ဆိုသော ဗိဿနိုး နတ်မင်းကြီးနဲ့ သူ၏ကြင်ဖက်တော် လက္ခမီ(လက္ချမီ) နတ်မိဖုရားကြီးက တစ်တွဲ။
နောက်သတ္တ၀ါအပေါင်းတို့ အမှန်ကို မသိဘဲ မိုက်မဲမှုကို ပယ်ဖျောက်လျက် အမှန်ကိုသာ ပြပေးတတ်တယ်ဆိုသော သိဝ (သျှိဝ)နတ်မင်းကြီးနဲ့ သူ၏အချစ်ဆုံးကြင်ဖက်တော် ပရာဝတီ နတ်မိဖုရားကြီးတို့က တစ်တွဲဟု လာရှိတယ်။
သူတို့တွဲဖက် ၃ ပါးထဲမှ သီးခြားခွဲထုတ်ပြီး ကြိုက်ရာရာ နတ်မင်းများကိုလည်းကောင်း၊ နတ်မိဖုရားကြီးများကို လည်းကောင်း၊ အတွဲလိုက်သော်လည်းကောင်း ပုံတော်တွေထုပြီးတော့လည်း ပူဇော်ပသ၊ ကိုးကွယ်ကြတယ်၊ ဟိန္ဒီနတ်ကွန်းများမှာတော့ ပရာဝတီရဲ့ လိင်ထဲကို သီဝရဲ့လိင်ကြီးထိုးစိုက်ပြီး ကိုးကွယ်ကြတာ ပဲ၊ သက္ကတဝေဒကျမ်းလာ ဗြဟ္မဏတို့ရဲ့ အယူဝါဒသာဖြစ်တယ်။
မှတ်ချက်။ ။ မြန်မာဗုဒ္ဓဘာသာတွေက သိဝနတ်မင်းကြီးရဲ့ လိင်ကို ပရာဝတီနတ်မင်း ကြီးရဲ့လိင်ထဲ ထိုးစိုက်ပြီး မကိုးကွယ်တာပဲ တော်ပါသေးရဲ့ ဟု မှတ်ရမည်။
သူရဿတီကို ပိဋကတ်သုံးပုံဆောင်ဟူ၍လည်းကောင်း၊ ရဟန္တာမ နတ်သမီးကြီး ဟူ၍လည်းကောင်း ဆိုတာကိုတော့ ဗုဒ္ဓဘာသာတရားတော်မှာ မပါမရှိလို့ မတွေ့ဖူးပါဘူး၊ အပြောပဲကြားဖူးတယ်၊ သိချင်ရင် ဗေဒကျမ်းကြီးတွေမှာ ရှာကြည့်ပေါ့၊ ပိဋကတ်တော်မှာတော့် မပါတာ အမှန်ပဲ၊ ကဲ… သူရဿတီ နတ်သမီးကြီးကို ပူဇော်ကိုးကွယ်ချင်သေးသလား။
ဒကာ။ ။ မှန်ပါ့၊ နိဗ္ဗာန်ရောက်ကြောင်းနဲ့ ဘ၀သံသရာရဲ့ ကောင်းစားရေးလည်း မဟုတ်လို့ရှာကြည့်နေ စရာလည်း မလိုတော့ပါဘူး ဆရာတော်၊ ဒကာကြီးတို့က ဗုဒ္ဓဘာသာပဲဟာ ကိုးကွယ်နေစရာလည်း မလိုပါဘူး ဆရာတော်၊ ဒီအကြောင်း ဆက်မေးပါရစေဦး ဘုရား။

သူရဿတီ ဘယ်နှစ်ယောက်ရှိသလဲ၊ သူရဿတီဆိုတာ ဘာစကားလဲ
အနက်အဓိပ္ပါယ်က ဘာလဲ
ဒကာ။ ။ သူရဿတီဆိုတာ ဘာစကားလဲ ဆရာတော်၊ အဲဒီအဘိဓါန်ပုဒ်ရဲ့အနက်အဓိပ္ပါယ်က ဘာကိုဆိုလိုပါသလဲ ရှင်းလင်းပြပေးပါဦးဘုရား၊ သူရဿတီနှစ်ယောက် ရှိတယ်ဆိုတာကော ဟုတ်ပါသလား။


နံပါတ်(၁) သူရဿတီ
ဆရာ။ ။ အင်း… သူရဿတီက နှစ်ယောက်ရှိတယ်၊ ဒါက ဣန္ဒိယပြည် ဝေဒကျမ်းကြီးတွေက လာတဲ့ စကားတွေပဲ၊ ဣန္ဒိယတိုင်းထဲမှာ ကုလားလို နဒီခေါ်တဲ့ မြစ်တွေရှိတယ်၊ ဂင်္ဂါနဒီ၊ အစီရ၀တီနဒီ၊ ယမုနာနဒီ၊ မဟီနဒီ၊ သရဘူနဒီ စသည်ဖြင့် မြစ်တွေများစွာရှိတဲ့အထဲမှာ စွာရစတီနဒီ ဆိုတဲ့ မြစ်လည်းရှိတယ်၊ မြန်မာအသံနဲ့ ဆိုရင် (သွာရသတီ) သူရဿတီမြစ်ပေါ့။
အဲဒီမြစ်ရဲ့ ကမ်းခြေတစ်နေရာမှာ နဂါးကိုစီးနေတဲ့ နတ်သမီးကျောက်ဖြူရုပ်တစ်ခု ရှိတယ်တဲ့၊ အတော်လှပတယ်၊ အသက်ဝင်နေသလိုပဲတဲ့၊ ကုလားတွေက အဲဒီစွာရစတီမြစ်ကို စွဲပြီးတော့ ယင်းကိုလည်း စွာရစတီဒေ၀ီ၊ စွာရစတီနတ်သမီးလို့ ခေါ်ဝေါ်ပူဇော်ပသကြတယ်၊ ကိုးကွယ်ကြတယ်တဲ့။
အဲဒီ သူရဿတီမြစ် ကမ်းခြေမှာရှိတဲ့ နတ်သမီးကတော့ ဟင်္သာရုပ်မစီးပါဘူး၊ နဂါးရုပ်စီးနေတဲ့ နတ်သမီးရုပ်ပုံပဲ၊ အဲဒါက ကုလားပြည်မှာရှိတဲ့ စွာရစတီခေါ်တဲ့ သူရဿတီနတ်သမီးပဲ။
ဣန္ဒိယပြည်မှာ သိန္ဓောမြစ်ဆိုတာရှိတယ်၊ အဲဒီမြစ်အနီးအနားမှာ မွေးဖွားကျက်စားနေတဲ့ တောမြင်းတွေ ကို သိန္ဓောမြင်းလို့ ခေါ်တယ်။
အဲဒီ သိန္ဓောမြစ်ကမ်းခြေပေါ်၌ ကြာမြင့်စွာဖြစ်ပေါ်နေတဲ့ ဆားတုံးကြီးတွေကိုလည်း သိန္ဓောဆားလို့ ခေါ်တယ်။
အဲဒီလိုပဲ စွာရစတီ မြစ်အနီးမှာ ထုလုပ်ထားတဲ့ နတ်သမီးကျောက်ထုရုပ်ကိုလည်း စွာရစတီနတ်သမီး၊ (၀ါ) သူရဿတီနတ်သမီးလို့ ခေါ်ဆိုကြတယ်၊ ဟိုကလာတဲ့အမည်စကားတွေဟာ မြန်မာတွေရဲ့ နှုတ်ဖျားမှာ လျှာလည်နေတာပဲ။ သိန္ဓောမြင်းတဲ့၊ သိန္ဓောဆားတဲ့၊ သူရဿတီတဲ့၊ ကဲ…. ရှင်းရဲ့လား၊ သူရဿတီ မိဖုရားကြီးအကြောင်း။
ဒကာ။ ။ မှန်ပါ့၊ ၁ နံပါတ် သူရဿတီအကြောင်းတော့ ရှင်းပါပြီဆရာတော်၊နောက် သူရဿတီတစ်ယောကို မိန့်ကြားပါဦးဘုရား။
နံပါတ် ၂ သူရဿတီ
နောက် သူရဿတီတစ်ယောက်ကတော့ ဗြဟ္မာ့ပြည်မှာ ရှိတယ်ဖြစ်တယ်၊ မဟာဗြဟ္မာမင်းကြီးက သူ၏လက်ကို ဆန့်တန်းလိုက်တော့ သူ့လက်ဝါးပေါ်မှာ အလွန်အမင်းလှပချောယဉ်တဲ့ နတ်သမီးတစ်ယောက် မတ်တတ်ရပ်လျက် ဖြစ်ပေါ်လာတယ်။
အဲဒီနတ်သမီးက ဗြဟ္မာကြီးကို မကြောက်ဘူး၊ ရဲရင့်တယ်၊ ဗြဟ္မာကြီးကို ကြည့်ပြီးတော့ ပြုံးတယ်၊ ရယ်တယ်၊ က တယ်၊ သီချင်းဆိုတယ်။
အဲဒီလိုရဲရင့်တဲ့အတွက် ဗြဟ္မာကြီးက ချစ်ကြည်မြတ်နိုးစွာနဲ့ စွာရစတီ လို့ ခေါ်ဆိုလိုက်တယ်တဲ့၊ မြန်မာလိုတော့ သူရဿတီပေါ့။
(သူရဿတီ) = သူရာ- ဆိုတာ ရဲရင့်သောသူတဲ့၊ ရဲစွမ်းသတ္တိရှိသောသူပေါ့၊
အဲဒါ စွာရစတီ၊ သွာရသတီ၊ သူရဿတီ ဖြစ်လာတာပဲ၊ သက္ကတဘာသာ ဝေဒကျမ်းကြီးတွေ က လာတဲ့အဘိဓါန်ပုဒ်ပဲ၊ ကဲ…. တိုတိုပြောရရင် မဟာဗြဟ္မာမင်းကြီးက စွာရစတီကို မိဖုရားမြှောက်ပြီး မယားအဖြစ်နဲ့ ပေါင်းဖော်နေတာပဲ၊ စွာရစတီ၊ သို့မဟုတ် သူရဿတီနဲ့ မဟာဗြဟ္မာကြီးက ဇနီးမောင်နှံ၊(၀ါ) လင်မယားတစ်တွဲလို့ မှတ်ပေါ့။

သူရဿတီက ဘာ့ကြောင့် ဟင်္သာရုပ် စီးတာလဲ
ဒကာ။ ။ အခု မြန်မာဗုဒ္ဓဘာသာအချို့တို့ ကိုးကွယ်ပူဇော် ပသနေကြတဲ့ သူရဿတီကတော့ နဂါးမစီးဘဲ ဟင်္သာရုပ်ကြီးစီးနေတာက ဘာသဘောလဲ ဆရာတော်၊ သိသလောက်ပြောပြပါဦး ဘုရား။
ဆရာ။ ။ အဲ… ဟုတ်ပြီ မေးသာမေး သူရဿတီအတွက်ကိုတော့ အဖြေပေးဖို့ အသင့်ရှိတယ်၊ ဟင်္သာရုပ်စီးတာကတော့ အဲဒီ သူရဿတီ မိဖုရားခေါင်ကြီးရဲ့ ကြင်ဖက်တော် မဟာဗြဟ္မာကြီးက ဟင်္သာယာဉ်ကို ပိုင်ဆိုင်တယ်လို့ ဝေဒကျမ်းကြီးများမှာ လာရှိတယ်၊ ဒါ့ကြောင့် သူရဲ့လင်တော်မောင်ပိုင်ဆိုင်တဲ့ ဟင်္သာယာဉ်ကို သူစီးတာလို့ မှတ်ပေါ့၊ ဒါပေမယ့် အဲဒီ သူရဿတီကိုးကွယ်မှုကို လက်ရှိခံယူသူတွေဟာ ဗုဒ္ဓဘာသာ စစ်စစ် ကျပ်ပြည့်သမ္မာဒိဋ္ဌိအပိုင်း အခန်းထဲကိုတော့ မ၀င်နိုင်ဘူးပဲ၊ သူတို့ဟာ ရောရိ ရောရာ အရံဗုဒ္ဓဘာသာဝင်လောက် ပဲ ဖြစ်နိုင်မယ်။
ဒကာ။ ။ သူရဿတီမယ်တော်ကြီးအား ကိုးစား ပူဇော်တာနဲ့ သမ္မာဒိဋ္ဌိဗုဒ္ဓဘာသာစစ်စစ် မဖြစ်နိုင်ဘူးလား ဆရာတော်၊ သူက ပိဋကတ်တော် သုံးပုံဆောင်တဲ့ နတ်သမီးပဲဟာ။
ဆရာ။ ။ လာပြန်ပြီလား ဒီစကား၊ သူရဿတီဒေ၀ီ မိဖုရားခေါင်ကြီးက ဗုဒ္ဓဘုရား ဟောကြားတော်မူသွားတဲ့ ထေရ၀ါဒပိဋကတ်တော်သုံးပုံကို ဆောင်တာ မဟုတ်ဘူး ဒကာကြီးတို့ရ၊ ဂေါတမ မြတ်စွာဘုရားသခင် ပွင့်တော်မမူမီ ပညာရှိတို့ရဲ့ ခန့်မှန်းချေအားဖြင့် (ဘီစီ ၂၅၀၀)လောက်က စတင်ပေါ်ပေါက်ကြီးထွားပြီး ပြန့်ပွားလာတဲ့ ဗြဟ္မဏဣသိဆရာကြီးတွေရဲ့ အယူဝါဒဖြစ်တဲ့ ဝေဒအဘိဓမ္မာ၊ တစ်နည်း ဝေဒ ပိဋကတ်တော် ၄ ပုံ၊ နောက်တစ်နည်း ၆ ပုံကို မဟာဗြဟ္မာကြီးရဲ့ ကြင်ရာသက်ထား သူရဿတီမိဖုရားကြီးက ဆောင်ယူထားတာ ဖြစ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ပိဋကတ်သုံးပုံဆောင် သူရဿတီမယ်တော်ကြီးဆိုတဲ့ နာမည်က ဗုဒ္ဓဘာသာမြန်မာ တွေရဲ့ လျှာထဲမှာစွဲနေပြီဆရာတော်၊ ဒါ့ကြောင့် ပြောမှားမိတာပါ ဘုရား၊ သူရဿတီဆောင်တာက ပိဋကတ်သုံးပုံ မဟုတ်ဘဲ ဗေဒင်သုံးပုံဆိုတာကို ခုမှပဲ ကွဲကွဲပြားပြား သိရတော့တယ် ဆရာတော်။

ဗေဒင် ၆ ပုံက ဘာတွေလဲ
ဒါထက် ဒကာကြီးတို့ ကြားဖူးတာက ဗေဒင် ၄ ပုံလို့သာ ကြားဖူးပါတယ်၊ ဗေဒင် ၆ ပုံဆိုတာက ဘာတွေပါလဲ ဘုရား၊ ၀န်မလေးရင်လည်း ပြောကြားပေးပါဦး ဆရာတော်။
ဆရာ။ ။ အင်း… ဝေဒ ပိဋကတ်တော် ၄ ပုံ၊ တစ်နည်း ၆ ပုံ ဆိုရာမှာ - နံပါတ်(၁)က သုတ္တဝေဒကျမ်းကြီးပဲ၊ အဲဒီ သုတ္တဝေဒကျမ်းကြီးကလည်း နယအားဖြင့် ၆ မျိုးပြားထွက်သွားသေးတယ်။
(၁) သုတ္တဝေဒ ။ ။ အဲဒီ… ကျမ်းရင်းကြီးထဲမှာ ပါတာတွေကတော့ လူသားတို့ ကိုးကွယ်ဆည်း ကပ် ပူဇော်ပသမှု ဘာသာရေး၊ နေထိုင်စားသုံးတတ်ရေး၊ ပေါင်းသင်း ဆက်ဆံတတ်ရေး၊ လက်မှု နှုတ်မှု ပညာရေး၊ စာပေကျမ်းဂန်ပညာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး စတဲ့ အကြောင်းအရာတွေ များစွာ ပါဝင်တဲ့အပြင် အောက်ပါအတိုင်း သုတ္တဝေဒ ပင်မကြီးမှ ကျမ်းပေါင်း ၆ မျိုး ပြားထွက်လာပြန်တယ်။
(က) သရောတြ သုတ္တ။ ။ ယဇ်ပူဇော်ပုံ နယကဏ္ဍ။
(ခ) ၀ရဟိတ သုတ္တ။ ။ အိမ်တွင်းဆိုင်ရာနှင့် မင်္ဂလာအခမ်းအနားများ။
(ဂ) ဓရမ္မ သုတ္တ။ ။ လူသားတို့ လိုက်နာကျင့်သုံးရန် တရားဥပဒေများ။
(ဃ) ပတိသာခ သုတ္တ။ ။ ဝေဒကျမ်းလာ ဂါထာမန္တန်များကို ရွတ်ဆိုနည်း စည်းကမ်းများ။
(င) ပါနိနီ သုတ္တ။ ။ စာပေ ရေးသားစီကုံးဖွဲ့ထုံးမှုဆိုင်ရာ စည်းကမ်းများ။
(စ) ကာမ သုတ္တ။ ။ ကာမဂုဏ် ခံစားနည်း မျိုးစုံတို့ကို ဖွင့်ဆိုထားသော ကျမ်းဖြစ်သည်။
(၂) သမိတိ ဝေဒ။ ။ သုတ္တဝေဒတို့ကို မှီး၍ မနုရသေ့ကြီးနှင့် ယညရသေ့၊ နာရဒ စသော ရသေ့ပညာရှိကြီးများ ဖော်ထုတ်ဖွင့်ဆိုရေးသား ပြုစုထားကြသော ဝေဒကျမ်းပေါင်း ၁၅၀ ကျော်တို့ကို ခေါ်ဆိုတယ်။
(၃) ပုရာဏ ဝေဒ။ ။ ပုရာဏ်ပြည်သား ဗျာသရသေ့ဆရာကြီး ရေးသားပြုစုခဲ့သော ဗြဟ္မန္ဒပုရာဏ ဝေဒကျမ်းကြီးကို ထိုဆရာကြီး၏ တပည့်အဆက်ဆက်ဖြစ်ကြသော သုတရသေ့နှင့် ဂေါမဟာသန၊ အကရိတစတြီ၊ သောမဒတ္တ၊ သုသျှာမ စတဲ့ ဣသိ ပညာရှိတို့ အသီးသီး ရေးသားပြုစုသွားကြသော ပုရာဏဝေဒကျမ်းပေါင်း ဆယ်သိန်းခန့်မျှကို ခေါ်ဆိုသည်တဲ့၊ အဲဒါကို ပုရာဏ်ကျမ်းလို့ ခေါ်ဆိုနေကြတာပဲ။
(၄) တန္တရ ဝေဒ။ ။ ယင်း တန္တရဝေဒကျမ်းများလည်း လက်ဝဲဂိုဏ်း ၀ါမတန္တရဝေဒနှင့် လက်ယာဂိုဏ်း ဒက္ခိဏတန္တရဝေဒဟု ဂိုဏ်းနှစ်မျိုးရှိနေကြပြန်ပါတယ်။
(က) ဒက္ခိဏ တန္တရ ဝေဒ။ ။ မိမိတို့လိုရာဆုများကို နတ်ဘုရားကြီးများထံ၌ တောင်းဆိုရွတ်ဖတ်သောအခါ ဥုံ၊ သြောင်း၊ ရှရု၊ ရှရ၊ တြိန်း၊ တြပ်၊ ဟရီ၊ ဟရုဟူသော ပုဏ္ဏားအတို့အသံကို အရင်းခံထား၍ အုန်းငှက်ပျောပွဲတို့ကို ပြင်လျက် စိန္တာမဏိမန္တန်စသည်တို့ ကို ရွတ်ဆိုကာ နတ်ဗြဟ္မာ ဘုရားကြီးများအား ရှိခိုး ပူဇော်၍ စီးပွား ဥစ္စာတိုးတက်ရေးတို့ကို တောင်းဆိုသော ဝေဒကျမ်းစာ အထက်လမ်းဂိုဏ်းတစ်မျိုး ဖြစ်သည်၊ ဗုဒ္ဓဘာသာစစ်စစ်တို့နှင့် လုံးဝမစပ်ယှက် မသက်ဆိုင်ပေ။
(ခ) ၀ါမ တန္တရ ဝေဒ။ ။ လူသားတို့ကို ဒုက္ခပေးတတ်သည့် စုန်း၊ တစ္ဆေ၊ ကဝေ၊ ဘီလူး၊ သရဲ၊ ရက္ခိုသ်၊ မြေဘုတ်၊ ပြိတ္တာ၊ ၃၇ မင်း၊ နတ်ဆိုး မိစ္ဆာကောင်တို့ကို ကျွေးမွေးထားပြီး စေခိုင်းရန်အတွက် ဥုံ၊ သြောင်း၊ ဟရီ၊ ဟရု၊ ရှရု၊ ရှရ၊ တြိန်း၊ တြပ်တို့ကို အရင်းခံ အစချီကာ ဟိန်းဟောက် ရွတ်ဆို မန်းမှုတ်လျက် လူသားတို့၏ အသက်စည်းစိမ်ဥစ္စာတို့ကို ပျက်စီးဆုံးပါးစေတတ်တဲ့ ဂါထာမန္တန်မန္တရား
တို့များစွာပါတဲ့ အောက်လမ်း အတတ်ပညာ ကျမ်းများကို ခေါ်ဆိုသည်၊ ဤသည်တို့ကား ဗြဟ္မဏအယူများ သာဖြစ်၍ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သူတို့အတွက် နှစ်သက်ယုံကြည်ကာ လိုက်နာခံယူစရာ မဟုတ်ပါချေ။
(၅) ရာမာယန ဝေဒ။ ။ ယင်း ရာမာယန ဝေဒကျမ်းကြီးကတော့ (စီတာ၊ ရာမ်- ဆိုတဲ့) သီတာနဲ့ ရာမတို့ ညီတော် လက္ခဏတို့ ဟာနုမာမျောက်ကြီးနဲ့ သုဂျိတ် ဗာလီတို့ရဲ့ ဇာတ်လမ်းရှည်ပဲ ဖြစ်တယ်။
ပါဝင်တဲ့ အခန်းးကဏ္ဍတို့ကတော့ ဣတ္ထိ ပုရိသတို့၏ အချစ်သဘာဝေ၀ဒ ဘာသာဝင် ဣန္ဒိယ တိုင်းသားတို့ အကြိုက်အများဆုံးဖြစ်တဲ့ အဲဒီဇာတ်လမ်းကြီးထဲမှာ နိုင်ငံရေး၊ စစ်ဗျူဟာ ခင်းကျင်းတိုက်ခိုက်ရေး၊ ဘာသာရေး ကိုးကွယ်ပူဇော်မှု စသည်တို့ ပါရှိတဲ့ ဇာတက ၀တ္ထုရှည်ကြီးတစ်မျိုးပဲ၊ ယင်းဇာတ်လမ်းကို ၀ါလမိကိ ဣသိဗြဟ္မဏ ရေးသား ဖော်ထုတ်ပြီး နောက် တူလဆီဒါသခေါ် ကဗျာဆရာကြီးက တစ်ဖန် ချဲ့ထွင်ဖွင့်ဆို ဖွဲ့နွဲ့ သီကုံးထားလျက် ဣန္ဒိယ တိုင်းရင်းသားတို့အတွက် သြဇာထက်မြက်လှသော ဝေဒကျမ်းကြီးပင် ဖြစ်လေသည်တဲ့။
(၆) မဟာဘာရတ ဝေဒ။ ။ မဟာ= ကြီးကျယ်မြင့်မြတ်သည်ထက် ပိုမိုကြီးကျယ် မြင့်မြတ်သော၊ (၀ါ) သူ့ထက်သူ လူစွမ်းကောင်းသော၊ ဘာရတဝေဒ = ဣန္ဒိယတိုင်းရင်းသားတို့၏ ဝေဒပိဋကတ်တော်ကြီးများ၊ (၀ါ) ဣန္ဒိယနိုင်ငံသားတို့ ရိုသေလေး မြတ်၍ ဂါထာတစ်သိန်းကျော်ပါရှိတဲ့ ဝေဒအဘိဓမ္မာကျမ်းကြီး ဟူ၏တဲ့။
ယင်းဝေဒကျမ်းကြီး၌ ကုရုတိုင်း ပဏ္ဍ၀မင်းနှင့် ကောရဗျမင်းတို့ စစ်ခင်း တိုက်ခိုက်ကြသော တိုက်ပွဲကြီး အကြောင်းအရာများကို အခြေခံလျက် လူမျိုးအသီးသီးတို့၏ အကြောင်းအရာများ၊ လူကောင်း နှင့်လူဆိုးတို့ ၏ ရရှိသည့် သုခ ဒုက္ခ ခံစားမှု အဖြစ်အပျက်များ၊ လူသားတို့ လိုက်နာ ခံယူရမည့် တရားဥပဒေ စီမံအုပ်ချုပ်ရေးနှင့် ဓလေ့ထုံးတမ်းများ၊ တိုင်းရေး ပြည်ရေး ပေါင်းသင်းဆက်ဆံရေးနှင့် တိုင်းတစ်ပါး၌ သံတမန်ထားရေး၊ အမျိုးဘာသာရေးနှင့် ယုံကြည်ကိုးကွယ်ရေး၊ လောကဓမ္မရေးရာနှင့် စစ်ဗျူဟာခင်းကျင်း တိုက်ခိုက်ရေးများကို စိတ်ဝင်စားစရာ ဖွင့်ဆိုရေးသားပြုထားသော ဝေဒကျမ်းမဟာကြီး ဖြစ်လေသည်တဲ့။
ဝေဒကျမ်းတို့တွင် အလွန်ကျော်ကြားထင်ရှားသော ဘဂ၀ါဂီတိကျမ်းကြီးဟာလည်း ဤမဟာဘရတ ကျမ်းကြီး၏ အစိတ်အပိုင်းအစ အနသာ ဖြစ်၏တဲ့။
ကုရုစစ်ပွဲကြီးအတွင်း၌ ကရိရှန (ကြိသျှန)ဘုရားကြီး စစ်ရထား မောင်းနှင်စဉ် အဇ္ဈုနမင်းသားဟောသော (၀ိညာဏ်) အတ္တ၏ နိစ္စ၊ ဓုဝ သဿတ ဖြစ်ပုံတို့ကို ဖွင့်ဆိုထားသော အခန်းအပိုင်းများ လည်း ပါရှိတယ်၊ ယင်းသည် ဣန္ဒိယတိုင်းသားတို့ အမြတ်တနိုး အနှစ်သက်ဆုံးကျမ်းကြီးဖြစ်၍ မူလက ဂါထာ ၄၀၀၀ နောက် ၂၄၀၀၀ ဆင့်ပွားလာကာ ယခုအခါ၌ ဂါထာပေါင်း တစ်သိန်းမျှရှိသည်တဲ့၊ ကဲ…အဲဒါ သူရဿတီနတ်သမီးကြီး ဆောင်ထားတဲ့ ဝေဒပိဋကတ်တော် (ဗေဒင် ၃ ပုံ၊ ၄ ပုံ၊ ၆ ပုံ ပါပဲဗျာ) သမ္မာသမ္ဗုဒ္ဓ ဘုရားသခင်ဟောကြားတော်မူတဲ့ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိစစ်စစ်တို့ ခံယူလိုက်နာကျင့်ကြံအားထုတ် ကိုးကွယ်ဆည်းကပ်နေတဲ့ ထေရ၀ါဒပိဋကတ်တော် ၃ ပုံနဲ့ ဘာမှမဆိုင်မစပ်ဘူး၊ စပ်လို့လည်း မရဘူးနော်၊ တခြားစီပဲ၊ ကဲ… ရှင်းပြီလား၊ နောက်ဘာထပ်ပြောချင်သေးလဲ။
ဒကာ။ ။ မပြောတော့ပါဘူး ဆရာတော်၊ ကိုယ်ကမှ ခံယူလိုက်နာကိုးကွယ်ဆည်းကပ်မှု မပြုတဲ့ ကိစ္စတွေပဲဟာ၊ အင်း… သူရဿတီရဲ့ ဇာတ်ကြောင်းတရားကို အခု ဆရာတော် ပြောကြားမှပဲ ကွဲကွဲပြားပြားနဲ့ သိရတော့တယ်၊ ဒကာကြီးတို့မှာလည်း ဗဟုသုတတွေရလို့ ၀မ်းသာလှပါတယ် ဆရာတော်၊ ဒါပေမယ့် အိမ်ပေါ်မှာ သူရဿတီမယ်တော်ကြီး ရောက်နေတာက ကြာပြီမို့ အိမ်က ဒကာမကြီးနဲ့ သမီးတွေအတွက်က ခက်သေးတယ်ဘုရား (အမှားကြာတော့လည်း အမှန်လိုဖြစ်နေမှကိုး) တဖြည်းဖြည်းတော့ အမှန်ပိုင်းရောက်အောင် ဆွဲဆောင်ရမှာပဲ ဆရာတော်၊ ကိုယ်က ဗြဟ္မဏမဟုတ်တဲ့ ဗုဒ္ဓဘာသာပဲဟာ။
ဆရာ။ ။ အင်း.. ဒကာကြီးတို့မှာ တာဝန်ရှိတယ်၊ အမှန်တရားရအောင်တော့ ပြုပြင်ပေးကြပေါ့လေ။
ဒကာ။ ။ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ လက်စသတ်တော့ ဟိန္ဒူ ဗြဟ္မဏဘာသာ ကုလားတွေယူလာတဲ့ နတ်သမီးပဲဟာ ခုမှပဲ ရှင်းတော့တယ်ဘုရား၊ ပိဋကတ်တော်မှာ မပါတဲ့ဟာကို ပိဋကတ်သုံးပုံဆောင်လေး ဘာလေးနဲ့ သက်သက် ညာပေးနေကြတာ။

No comments: