သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

အနိစ္စ ဒုက္ခ အနတ္တ ကို ရွတ်ဆိုပြီး ပုတီးစိပ်ကောင်းပါသလား

အနိစ္စ ဒုက္ခ အနတ္တ ကို ရွတ်ဆိုပြီး ပုတီးစိပ်ကောင်းပါသလား
ဒကာ။ ။ ခုကာလမှာ ပုတီးစိပ်စေရာ စာပေတွေက အမျိုးမျိုးထွက်နေလို့ ဘယ်မှာနေတဲ့ဆရာတော်ဆီ ဘယ်က ဆန်ရောင်းစားသူ အမျိုးသမီးက ပေးခဲ့တဲ့ ပုတီးစိပ်နည်း၊ ဘယ်ဘုရားရုပ်ပွားတော်ရဲ့ ဓမ္မခဏ်မှာပါတဲ့ ပုတီးစိပ်နည်း၊ ဒီဟာကို ပုတီးစိပ်ရင် အသက်တစ်ထောင်ရှည်တယ်၊ ရွှေ၊ ငွေတွေ ပေါတယ်၊ ဆန်တွေရောင်းလို့ မကုန်နိုင်ဘူး စသည်ဖြင့် ညွှန်ကြားချက်မက်လုံးအမျိုးမျိုးနဲ့ စာအုပ်ပေလွှာတွေ ပလူပျံနေတာပဲ ဆရာတော်။

ဆရာ။ ။ အင်း… ဒါ ဘာဖြစ်တာလဲ၊ ဒကာကြီးတို့ မေးချင်တဲ့ အချက်အလက်ကိုသာ တိုတိုတိတိနဲ့ သိအောင် မေးစမ်းပါလေ၊ သိသလောက် ဖြေကြားပေးမှာပေါ့။
ဒကာ။ ။ သူတို့ဟာက ပုတီးကြီးကိုင်ပြီး နှုတ်ကကျယ်လောင်စွာနဲ့ အသံထုတ်ကာ….
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
အနိစ္စံ ဒုက္ခံ အနတ္တံ ဆိုလိုဆို။
နာမရူပါ အနိစ္စံ ဒုက္ခံ အနတ္တံ ဆိုလိုဆို။
ပုတီးကြီးကိုင်ပြီး အနိစ္စ ဒုက္ခ အနတ္တလို့ ရွတ်ဆိုအော်ဟစ်ကာ ပုတီးစိပ်နေကြတာ မှန်ပါရဲ့လား ဆရာတော်၊ အနိစ္စ ဒုက္ခ အနတ္တလို့ နှုတ်က ဆိုဆိုပြီး ပုတီးစိပ်လို့ ရနိုင်ပါ့မလားလို့ မေးချင်တာပါပဲ ဘုရား၊ တစ်ချို့အဖွားကြီးတွေက ဥပုသ်စောင့်ရင်း ပုတီးကြီးကိုင်ပြီး အနိစ္စ ဒုက္ခ အနတ္တနဲ့ ဆိုဆိုပြီး ပုတီးစိပ်နေကြတာတွေလည်း ရှိနေလို့ပါ။
ဆရာ။ ။ အင်း.. သည်ကိစ္စနှင့်စပ်ပြီး စဉ်းစားဉာဏ်ဝင် ပညာရှင်တွေက လာလာမေးကြတာ၊ ဒကာကြီး တို့တင်မကဘူး လေးငါးဦးရှိနေပြီ၊ ဆရာတော်များရဲ့ဖြေကြားချက်ကို ပညာရှိများမှသာ ခံယူနိုင်မှာဖြစ်တယ်၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ ၀ိပဿနာ ဘာဝနာ မနောကံ စိတ်ဉာဏ်အလုပ်သာဖြစ်တာ၊ ၀စီကံနဲ့ ရွတ်ဆိုပြီး ပုတီးစိပ်လို့ မရနိုင်ဘူးလို့သာ မှတ်ပေတော့၊ အထောက်အထားကိုတော့ ပါဠိတွေ ဘာတွေ ပြမနေတော့ဘူး၊ ဆရာတော်တို့ ပဉ္စင်းငယ်ဘ၀က ကျက်မှတ်ရထားဖူးတဲ့ လင်္ကာကလေး ၃ ပုဒ်ကိုပဲ ပေးလိုက်မယ်၊ စာဆိုတော် ရှင်ကတော့ မန်လည်ဆရာတော်လိုလို၊ လယ်တီဆရာတော်လိုလို စာသားက အတော့ကို ပြောင်မြောက်တယ်၊ ကဲ နားထောင်ကြည့်ပါ။
၁။ အနိစ္စ ဒုက္ခ အနတ္တဟု၊ ရွရွ လှုပ်လှုပ် လက်ကကုတ်၍၊ နှုတ်ကတွတ်တွတ် ဖွာအောင်ရွတ်လည်း၊ ပေါက် လွတ်ပဲစား စိတ်ကိုထားက၊ တရားအငွေ့ ပိတ်မတွေ့ဘူး။
၂။ မေ့မေ့လျော့လျော့ ပေါ့ပေါ့စားစား မနေအားလင့်၊ ဘုရားမိန့်ဟန် ဗျာဒိတ်သံမှာ နိစ္စံသုခရှာမရတဲ့၊ အတ္တမဟုတ် ဓါတ်နာမ်ရုပ်ကို၊ မိန့်ထုတ်ဖန်ခါ ကိုယ်မှာရှာလော့။
၃။ ငါ၊ ငါ ဓါတ်ခဲ ငါဓါတ်ကွဲအောင်၊ မမြဲအနိစ္စ ဆင်းရဲဒုက္ခ အစိုးမရ အနတ္တဟု၊ ရွရွလှုပ်လှုပ် လက်ကကုတ်လျက်၊ နှုတ်ကတွတ်တွတ် တယ်မရွတ်လင့်၊ စိတ်ညွတ်ဉာဏ်ပါ ကိုယ်တွင်းမှာသာ ခါခါရှာလော့၊ စိတ်ကတွေ့လျှင် ဉာဏ်ကမြင်သည် စိတ်ရှင်ဉာဏ်ဓါတ် လိုရင်းတည်း။
အဲသည် လင်္ကာစကားအရ နှုတ်ကရွတ်ဆိုပြီး ပုတီးစိပ်လို့ မရနိုင်ပုံကို စိစစ်ပေတော့၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ ၀ိပဿနာ ဘာဝနာအလုပ်မျိုးသာဖြစ်လို့ စိတ်နဲ့ကိုယ်ထဲကို စိုက်ပြီးလိုက်ရှာရမှာ၊ ပုတီးကြီးကိုင်ပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ အနိစ္စံ ဒုက္ခံ အနတ္တံဟု ကျယ်လောင်စွာနဲ့ အော်ဆိုကာ ပုတီးစိပ်လို့ ရတာမျိုးမဟုတ်ဘူး၊ ပညာ ရှိ စာတတ် ပေတတ်တွေက ကဲ့ရဲ့ရှုတ်ချ အပြစ်ပြတော်မူကြတယ်၊ ဘာမှလည်း အဓိပ္ပါယ်မပါဘူးတဲ့၊ သမထနဲ့ ၀ိပဿနာ ကွဲပြားစွာမသိတဲ့သူတွေက ရေးထုတ်တဲ့ ပုတီးစိပ်နည်းတွေတဲ့၊ ကဲ.. သဘောကျရဲ့လား၊ တချို့က ၀ိပဿနာ ပုတီးစိပ်နည်းလို့တောင် စာအုပ်ထုတ်လိုက်သေးတယ်။
ဒကာ။ ။ ဒီအမေးပုစ္ဆာကို ဆရာတော်တစ်ပါးပဲ မငဲ့မညှာ အမှန်ကိုသာ ရဲရဲတောက် ဖြေကြားပေးလို့ သဘောကျကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments: