သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, June 26, 2010

ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိသလား၊ ဘယ်တရားမျိုးတွေလဲ။

ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိသလား၊ ဘယ်တရားမျိုးတွေလဲ
ဒကာ။ ။ ယောဂီတွေဘာဝနာတရားအားထုတ်ပွားများတဲ့အခါ ဓမ္မရာဂ ဓမ္မတဏှာက ခံခံနေလို့ အောက်မဂ်ကိုရော အထက်အထက် မဂ်ဖိုလ်တို့ကိုပါ မတက်နိုင် မရနိုင်ဘူးလို့ အဆိုရှိကြပါတယ်၊ ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိပါသလား၊ ဘယ်သူမျိုးမှာဖြစ်တဲ့ တရားမျိုးတွေပါလဲ ဆရာတော်။

ဆရာ။ ။ အင်း….ဓမ္မရာဂ ဓမ္မနန္ဒ ဓမ္မတဏှာဆိုတာရှိတယ်၊ ဘာဝနာတရားပွားများသူတွေမှာ ဖြစ်ပေါ်တတ်တဲ့ တရားဆိုးတမျိုးပဲ။
၁။ သမထ ဘာဝနာ အားထုတ်လို့ ဈာနသမာဓိ အပိုင်းရောက်သွားတော့ ဈာနလာဘီ ယောဂီဟာ သူရထားတဲ့ဈာန်တရားကို နှစ်သက်သာယာကာ အခါခါဝင်စားပြီး နေတော့တာပဲ၊ အဲ့ဒီလို ဈာန်ထဲမှာ သာယာနစ်မျောကာ နေတာကိုလည်း ဓမ္မတဏှာ ဓမ္မရာဂ ဓမ္မနန္ဒီ လို့ခေါ်တယ်။
၂။ ၀ိပဿနာပွားများတဲ့ယောဂီကလည်း သမ္မသနဉာဏ်ပိုင်းကနေပြီး ဥဒယ ၀ယ ရုပ်နာမ်တို့ဖြစ်ပျက်မှုကို ကျကျနန ပိုင်းခြားသိမြင်တဲ့ဉာဏ် ရင့်သန်ရင့်သန်ကာ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီန၀ဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်အထိ ရုပ်နာမ်ဓမ္မတို့ရဲ့ ဖြစ်ပျက်မှု အသိအမှတ်ဉာဏ်တွေဟာ အားကောင်းလျင်မြန်လာကာ ကြိုးစားအားထုတ်ရမှု သမ္မာဝါယမမဂ္ဂင် အရှိန်အဟုန် လျော့နည်းပြီး အလွန်သိမ်မွေ့နူးညံ့တဲ့ အသိဉာဏ် အမှတ်သဘောတွေ ပေါ်လာလျက် ကြိုးစား အားထုတ်မှုလည်း မပြုရဘဲနဲ့ အလွန်မှတ်လို့ကောင်းနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ထဲ ရောက်နေတယ်။
အဲဒီအခါ ယောဂီဟာ ဖြောင့်တန်းညက်ညောတဲ့ လမ်းမကြီးပေါ်၌ အရှိန်အဟုန်ပြင်းစွာနဲ့ မောင်းနှင်သွားတဲ့ ယာဉ်ရထား မော်တော်ကားပေါ်မှာ ထိုင်ပြီး ဘာမှ အားပါးမထုတ်ရဘဲ ကိုယ်ကလေး နွဲ့ကာ ယိမ်းကာနဲ့ လိုက်ပါသွားတဲ့သူလို၊ တရိပ်ရိပ် တဖွဲဖွဲနဲ့ လျင်မြန်စွာဖြစ်ပေါ်နေတဲ့ (ရုပ်နာမ်တို့ဖြစ်ပျက်မှု) သင်္ခါရဓမ္မတွေပေါ်မှာ ရှေ့ကလို ၀ီရိယမစိုက်ရတော့ဘဲ လျင်မြန်စွာနဲ့ လိုက်သိနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ဟာ လောကီဝိပဿနာဉာဏ်တရားတွေထဲမှာတော့ နှစ်သက်သာယာ ခင်မင်တွယ်တာစရာ အကောင်းဆုံးပဲတဲ့။
ဒါကြောင့်ဝိပဿနာဓမ္မ အားထုတ် ပွားများသူတို့မှာ သမ္မာဝါယာမ မဂ္ဂင်နဲ့ သတိမမေ့ရအောင် ကြိုးစားအားထုတ်မှု မပြုရတော့တဲ့အတွက် အဲဒီ သာယာနှစ်သက်ဖွယ် အကောင်းဆုံးဖြစ်တဲ့ သင်္ခါရုပေက္ခာဉာဏ်ထဲမှာချည်းပဲ အကြာကြီးနစ်နစ်ပြီး မှတ်သိနေတာကိုပင် ဓမ္မတဏှာ ဓမ္မရာဂ ဓမ္မနန္ဒီ လို့ခေါ်တယ်။ သည့်အပြင် အသေးအဖွဲ သြဘာသ၊ ပီတိ၊ ပဿဒ္ဓိ….စတဲ့ ဓမ္မတဏှာ ကလေးတွေကတော့ ထင်ရှားနေလို့ ထုတ်ဆိုပြစရာ မလိုတော့ပါဘူး၊ ကိုင်း….သဘောကျရဲ့လား။
ဒကာ။ ။ပြည့်စုံတဲ့ အဖြေမို့ အားရ နှစ်သက် ကျေနပ်လှပါတယ် ဆရာတော်၊ ဓမ္မတဏှာအကြောင်း ကောင်းကောင်းသိကြပါပြီ။

No comments: