သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

မဂ်စိတ်တစ်ပါးက ဈာန် ၅ ပါးလုံးကို ယှဉ်တွဲ ရယူနိုင်ပါသလား

မဂ်စိတ်တစ်ပါးက ဈာန် ၅ ပါးလုံးကို ယှဉ်တွဲ ရယူနိုင်ပါသလား
ဒကာ။ ။ လောကုတ္တရာစိတ် ရှစ်ပါးကို ဈာန်ငါးပါးနဲ့ ပွားတဲ့အခါ လေးဆယ်ရလို့ လောကုတ္တရာစိတ် အကျဉ်း ရှစ်ပါး၊ အကျယ်လေးဆယ်ဟု ဆိုထားရာ မဂ်စိတ်တစ်ပါး ဖြစ်တဲ့အခါမှာ ဈာန်ငါးပါးစလုံးနဲ့ အတူဖြစ်နိုင်ပါသလား ဆရာတော်၊ ဒါ.. အငြင်းထနေကြလို့ ရှင်းပြပေးပါဦး ဘုရား၊ အကျယ်ကြီးတော့ မလုပ်ပါနဲ့ ဆရာတော်၊ ရှုပ်ကုန်မှာစိုးလို့ပါ။

ဆရာ။ ။ အင်း… အကျဉ်းကလေးနဲ့ နားလည်အောင်ပြောတာကို နားလည်အောင် နားထောင်ပါ၊ နက်နဲ ခက်ခဲတယ် ဒကာကြီးတို့ရ။
ဝိပဿနာတရားပွားများနေတဲ့ ယောဂီဟာ ရုပ် နာမ် ဓမ္မတို့ ဖြစ်ပျက်မှု အထဲမှာ သတိအား အလွန် ကောင်းပြီး သမ္မာသမာဓိ မဂ္ဂင်ဘာဝနာက (အ၀ိက္ခေပ ဘာဝနာ) မပျံ့လွင့်တဲ့ ပွားများမှုအပိုင်းထဲ ရောက်နေတယ်၊ အဲဒီ သမ္မာသမာဓိ မဂ္ဂင်ဆိုတာ သူရဲ့တရားကိုယ်က ဧကဂ္ဂတာစေတသိက်ကို ခေါ်တာပဲဖြစ်တယ်။
ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ပဉ္စမဈာန်ဆိုတဲ့ ဈာန်ငါးပါးတို့တွင် အဲဒီ သမ္မာသမာဓိမဂ္ဂင်ခေါ်တဲ့ ဧကဂ္ဂတာက တစ်ပါးစီ တစ်ပါးစီသော ဈာန်နှင့်ယှဉ်သော မဂ်ကိုသာဖြစ်စေတာ၊ မဂ်တစ်ပါးမှာ ဈာန်ငါးပါးလုံး အတူတူ တစ်ပြိုင်နက် မဖြစ်စေနိုင်ဘူး။
ဒါကြောင့် တချို့မဂ်က ပထမဈာန်နဲ့ အတူတူဖြစ်လို့ သူ့ကိုပထမဈာန်မဂ်လို့ ခေါ်တယ်၊ ဒီအတိုင်းပဲ တချို့မဂ်က ဒုတိယဈာန်မဂ်၊ တချို့မဂ်က တတိယဈာန်မဂ်၊ တချို့မဂ်က စတုတ္ထဈာန်မဂ်၊ တချို့မဂ်က ပဉ္စမဈာန်မဂ်လို့ မဂ်က ကွဲပြားသွားတယ်၊ တစ်မဂ်ထဲက ဈာန်ငါးပါးလုံးကို မဖြစ်၊ မယူနိုင်ဘူးလို့ မှတ်ရမည်၊ သဘောမိရဲ့လား။
ဒကာ။ ။ ဒါထက် ပေါ်လွင်အောင် နည်းနည်း ထပ်မိန့်ပါဦး ဆရာတော်၊ ဒကာကြီးတို့ဉာဏ်ထဲ မသဲမကွဲ ဖြစ်နေပါတယ်။
ဆရာ။ ။ အင်း.. မဂ်စိတ်လေးပါးထဲက ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်စိတ် ဖြစ်လိုက်ရင် မဂ္ဂင်ရှစ်ပါး စလုံးဟာ အဲဒီမဂ်စိတ်နဲ့ တစ်ပြိုင်နက်တစ်ချက်တည်း အတူတူဖြစ်တာ၊ ကျန်တဲ့ မဂ်စိတ်တွေကိုလည်း ဒီအတိုင်းပဲ ယူရမှတ်ရမည်နော်။
အဲဒီမဂ္ဂင်ရှစ်ပါးထဲမှာ ဧကဂ္ဂတာစေတသိက်ခေါ်တဲ့ သမ္မာသမာဓိမဂ္ဂင်က တစ်ပါးသာ ပါတာ၊ မဂ်စိတ်နဲ့အ တူတူ တစ်ပြိုင်နက် တစ်ချက်သာဖြစ်ပြီး ချုပ်သွားတာပဲ။
အဲဒီ သမ္မာသမာဓိခေါ်တဲ့ ဧကဂ္ဂတာစေတသိက်က မဂ်စိတ်တစ်ခုခဏမှာ ဈာန်တစ်ပါးကိုသာ ဖြစ်နိုင်တာ၊ သဘောပေါက်ရဲ့လား၊ ထပ်ပြောဦးမည်။
ပထမဈာန်စတဲ့ ဈာန်ငါးပါးရှိတဲ့အထဲမှာ မဂ်စိတ်နဲ့ယှဉ်တဲ့ သမ္မာသမာဓိ မဂ္ဂင်၏ တရားကိုယ်က ဧကဂ္ဂတာစေတသိက်လို့ ပြောခဲ့တယ်။
အဲဒီ ဧကဂ္ဂတာစေတသိက်က ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ပဉ္စမဈာန်ဆိုတဲ့ ဈာန်ငါးပါးတို့အထဲက တစ်ပါးပါးသော ဈာန်နှင့်ယှဉ်သော မဂ်ကိုသာ ဖြစ်စေနိုင်တာ၊ တချို့မဂ်က ပထမဈာန်မဂ်၊ တချို့မဂ်က ဒုတိယဈာန်မဂ်၊ တချို့မဂ်က တတိယဈာန်မဂ်၊ တချို့မဂ်က စတုတ္ထဈာန်မဂ်၊ တချို့မဂ်က ပဉ္စမဈာန်မဂ်လို့ မဂ်အမည်တွေ ကွဲပြားခြားနားသွားတာ၊ တစ်မဂ်မှာ ဈာန်တစ်ပါးသာ ဖြစ်လို့ သမ္မာသမာဓိ မဂ္ဂင်ဟာ မဂ်ခဏမှာ ဈာန်ငါးပါးလုံးကို မဖြစ်နိုင်ဘူး၊ မဂ်ခဏမှာ ဈာန်တစ်ပါးကိုသာ ဖြစ်စေပြီးတော့ မပျံ့လွင့်အောင် ပွားစီးစေတာဖြစ်တယ်၊ ဒါကြောင့် မဂ်စိတ်တစ်ပါးဟာ ဈာန်ငါးပါးလုံးနဲ့ အတူတစ်ပြိုင်တည်း မဖြစ်နိုင်လို့ မှတ်ပေတော့၊ ကဲ…. သဘောပေါက်ရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ သဘောပေါက် ကျေနပ်မှုရပါပြီဆရာတော်။

No comments: