သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, June 24, 2010

နတ်ကို ပူဇော် ကိုးကွယ် ပ သ သော် မိစ္ဆာဒိဋ္ဌိ ဖြစ်သလော? နတ် ကိုးကွယ် ပသ ပူဇော်လို့ မိစ္ဆာဒိဋ္ဌိမဖြစ်တဲ့ နည်းရှိသလော? နတ် ၊ဗြဟ္မာ ၊ဘိုးဘိုးအောင်တို့အတွက် မီးကုန် ယမ်းကုန် အဖြေ

နတ်ကို ပူဇော် ကိုးကွယ် ပ သ သော် မိစ္ဆာဒိဋ္ဌိ ဖြစ်သလော
ဒကာ။ ။ ယခုခေတ်လူအများတို့ မင်းကြီး မင်းကလေး မြင်းဖြူရှင် ဗိဿနိုး သူရဿတီ…စတဲ့ နတ်အမျိုးမျိုးတို့ကို ကိုးကွယ်ပူဇော်နေကြတာဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသလား ဆရာတော်။

ဆရာ။ ။ မိမိတို့ ပြုလုပ်နေကြတဲ့ ကုသိုလ်ကံ အကုသိုလ်ကံမပါဘဲ နတ်တို့က စောင့်ရှောက်ထောက်ပံ့ မ စ ပေးလို့ ကောင်းကျိုး ဆိုးကျိုး ရကြတယ်ဟု ကံ၊ ကံ၏အကျိုးကိုမယုံဘဲ နတ်သက်သက်ကို တစ်ဖက်သတ် ယုံကြည်အားကိုးကာ နတ်တို့နေရန် နတ်ကွန်းကို မွမ်းမံပြင်ဆင်ခြင်း၊ အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်းခြင်း၊ ငှက်ပျော အုန်းပွဲတို့ ဖြင့် ကောင်းမွန်စွာ တင်သ၊ ပူဇော် ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ပြူသူတို့ကား မိစ္ဆာဒိဋ္ဌိဖြစ်၏တဲ့၊ ဆင်ခြင် တက်စရာမလိုဘူး။

နတ် ကိုးကွယ် ပသ ပူဇော်လို့ မိစ္ဆာဒိဋ္ဌိမဖြစ်တဲ့ နည်းရှိသလော
ဒကာ။ ။ သူရဿတီ မယ်တော် မင်းကြီးမင်းကလေး ဘိုးတော်သိကြား စတဲ့ နတ်များကို မိစ္ဆာဒိဋ္ဌိမဖြစ် အောင် ကိုးကွယ်တဲ့နည်းများကော ရှိပါသလား ဆရာတော်။
ဆရာ။ ။ အင်း. ရှိတယ် ဒကာကြီးတို့၊ အဲဒီ၊ သူ ကိုးကွယ်တဲ့နည်းက ရတနာမြတ် သုံးပါးကိုတော့ ခုဘ၀မှာရော နောင်ဘ၀အဆက်ဆက်ပါ ပစ္စုပ္ပန်သံသရာနှစ်ဖြာသော ချမ်းသာကို ပေးလိမ့်မည်ဟု ယုံကြည်ခြင်း၊ ဘ၀သံသရာ၏ လွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကိုပါ ပေးလိမ့်မည်ဟု ယုံကြည်ခြင်း၊ အဲဒီ အကျိုးတရားနှစ်ပါးကို ယုံကြည်စွာနဲ့ ကိုးကွယ်ဆည်းကပ်မှု ပြုတယ်။
နတ်ကိုတော့ ခုဘ၀မျက်မှောက်ကျိုးအတွက် မျက်မှောက်လက်ရှိ ဘ၀ ကောင်းစားရေး တစ်ခုတည်းကိုသာ ယုံကြည်ကာ အိမ်စောင့်တံခါးစောင့် ဒရ၀မ်မျိုးလို ကိုယ့်အကျိုး လိုလားစောင့်ရှောက်ပေး တတ်တဲ့ မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ ကျွေးမွေးတင်မြောက်ပါမူ မိစ္ဆာဒိဋ္ဌိ မဖြစ်ပါဘူးတဲ့၊ သို့သော် ဗုဒ္ဓဘာသာအစစ်တော့ မဖြစ်နိုင်ဘူးတဲ့၊ က ပြား ဗုဒ္ဓဘာသာပဲလို့ မှတ်ယူရမည်တဲ့။
လိုရင်းအချုပ် မှတ်ဖို့ကတော့ နတ်၊ သိကြားနဲ့ ဗြဟ္မာများကိုရော ဘိုးဘိုးအောင်တို့ ဘိုးမင်းခေါင်တို့ကိုပါ အမြတ်တနိုး ရတနာသုံးပါးနဲ့ တန်းတူထားကိုးကွယ်ရင် မိစ္ဆာဒိဋ္ဌိ ဖြစ်၏တဲ့။
အမြတ်တနိုးမဟုတ်ဘဲ လောက တစ်ဘ၀တာအတွက် မိရိုးဖလာသက်သက်သဘောမျှသာ ပွဲထိုး ကိုးကွယ်ပါမူ သရဏဂုံ မပျက်တပျက်ကလေးဟု မှတ်ပေတော့။
ဒကာ။ ။ တပည့်တော်တို့ လက်ရှိ သရဏဂုံကို ဖျက်ဆီးပစ်တာမှမဟုတ်ဘဲ၊ ခုဘ၀ ကောင်းစားရေးအ တွက် ကိုးကွယ်ပူဇော်တာပဲဟာ ဘာ့ကြောင့် ဗုဒ္ဓဘာသာမစစ်တဲ့ က ပြား ဗုဒ္ဓဘာသာဖြစ်ရမှာလဲ ဆရာတော်၊ နည်းနည်းရှင်းပြပါဦးဘုရား။

နတ် ၊ဗြဟ္မာ ၊ဘိုးဘိုးအောင်တို့အတွက် မီးကုန် ယမ်းကုန် အဖြေ
ဆရာ။ ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်ထားက ခုဘ၀အတွက် လူ့ချမ်းသာ စည်းစိမ်ဥစ္စာပေါများစေလျက် သေသောအခါ နောက်ဘ၀မှာလည်း လူ၊ နတ်၊ ဗြဟ္မာ ချမ်းသာသုခကို ပေးနိုင်တဲ့အပြင် နောက်နောင်ဘ၀ အတွက်တွေရော ဘ၀၏လွတ်မြောက်ရာ ချမ်းသာအစစ်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန် ကိုပါ သုံးပါးသော ချမ်းသာကို ဧကန်မုချ ရယူခံစားနိုင်တဲ့ အာမခံ ပဋိညာဉ် ၀န်ခံချက်ပေးထားတဲ့ ဗုဒ္ဓဘာသာ သရဏဂုံ သုံးပါး တရားတော်ထက် လွန်ကဲပြီးတော့ မသေချာတဲ့ နတ်၊ ဗြဟ္မာ၊ သူရဿတီစတဲ့ အထက်ဆရာကြီး တွေကို ကိုးကွယ်ပူဇော်တဲ့အတွက် သရဏဂုံ မပျက်သော်လည်း ဗုဒ္ဓဘုရားအစစ်ကို တထစ်ချယတိပြတ် ယုံကြည် တဲ့ သရဏဂုံအစစ် မဟုတ်လို့ပဲ ဒကာကြီးတို့၊ နောက်ဆက်ပြီး မေးခွင့်မရှိတော့ဘူး၊ ဒါဟာ မီးကုန်ယမ်းကုန် အဖြေအကုန်ပဲ၊ အမြဲမှတ်ထားဖို့ကတော့။
မှတ်ချက်။ ။ အိမ်မှာ နတ်၊ ၀ိဇ္ဇာ၊ ဆင်၊ မြင်း ရုပ်ပုံနဲ့ ကိုးကွယ်ပူဇော်ထားရင် သီလဗ္ဗတုပါဒါန်၊ သီလဗ္ဗတပရာမာသဒိဋ္ဌိလို့သာ မှတ်ပေတော့၊ သမ္မာဒိဋ္ဌိ စစ်စစ်တော့ မဖြစ်နိုင်ဘူးပဲ။
ဒကာ။ ။ ၀မ်းသာလိုက်တာ ဆရတော်၊ ကိန်းသေ ရတနာအစစ်ကို ရထားတဲ့ဟာ မသေချာ မရေရာတဲ့ ရတနာတုကို မကိုင်ယူ မယိုးစွဲတော့ပါဘူး၊ ဗုဒ္ဓဘာသာသမ္မာဒိဋ္ဌိ အစစ်ပဲ ဖြစ်ပါတော့မယ် ဆရာတော်၊ ကိုယ်လုပ်တဲ့ ကုသိုလ်ဘုန်းကံကြောင့် နတ်ဝိဇ္ဇာတို့က လာရောက် မ စ စောင့်ရှောက်ပေးရတာသာ ဖြစ်သောကြောင့် ရတနာသုံးပါး ကိုးစား ပူဇော်တဲ့ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိ စစ်စစ်ပဲ ပြုလုပ်ပါတော့မယ်။

No comments: