သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

တိဟိတ် သြမက ကုသိုလ်ဆိုတာ ဘယ်လိုပြုလုပ်လို့လဲ? ဆိုင်း၊ ဗုံ၊ ထည့်ကာ ငရဲရှာ လူ့ရွာရှင်ပြုပွဲ

တိဟိတ် သြမက ကုသိုလ်ဆိုတာ ဘယ်လိုပြုလုပ်လို့လဲ
ဒကာ။ ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဆန္ဒပြုပြီး ပြုလုပ်တဲ့ ကုသိုလ်တိဟိတ်က အယုတ်အနိမ့် အောက်တန်းစား တိဟိတ်သြမကကုသိုလ် ဖြစ်သွားရပုံကို ဘယ်လိုပြုလို့ ဖြစ်ရတယ် ဆိုတာ ရှင်းပြပါဆရာတော်။

ဆရာ။ ။ အကြောင်းကံနှင့် ရရှိမည့် ၀ိပါက်အကျိုးအမှန်ကိုသာ ယုံကြည်ကာ နိဗ္ဗာနဆန္ဒပြုပြီးလုပ်လို့ တိဟိတ်ကုသိုလ်ဖြစ်ပေမယ့် အကုသိုလ်ခြံရံပြုလုပ်တဲ့အတွက် အောက်တန်း( သြမာ) တိဟိတ်ကုသိုလ်ဖြစ်ရ တယ်။
ဒကာ။ ။ အကုသိုလ်ခြံရံပုံကို ကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦး ဆရာတော်၊ ပါဠိတွေတော့ မရွတ်ပါနဲ့ ဘုရား။

ဆိုင်း၊ ဗုံ၊ ထည့်ကာ ငရဲရှာ လူ့ရွာရှင်ပြုပွဲ
ဆရာ။ ။ ၁။ အပြတ် ပေးစွန့်နိုင်ခြင်း အလောဘဟိတ်။
၂။ ကြည်ညိုခြင်း မေတ္တာ အဒေါသဟိတ်။
၃။ အကြောင်းအကျိုးတရား နားလည်သိရှိမှု အမောဟဟိတ်။
အဲဒီ ဟိတ်သုံးပါးနဲ့ ပြည့်စုံတဲ့ တိဟိတ်ကုသိုလ်လုပ်တဲ့နေရာမှာ အပျော် ၊အပါး(အတီး၊ အမှုတ်၊ အက၊ အဆိုတွေကို) ထည့်ကြတယ်၊ အဲဒါ အကုသိုလ်တွေပဲ၊ အတုအပ အပြိုင်အဆိုင် ဂုဏ်ပကာသနတွေပါပြန်တယ်၊ အဲဒါလည်း အကုသိုလ်တွေပဲ။ အဲဒီလို ကုသိုလ်လုပ်တဲ့နေရာမှာ အကုသိုလ်တွေပါနေရင် ဒီကုသိုလ်ဟာ ဉာဏသမ္ပယုတ်တိဟိတ် ကုသိုလ်ဖြစ်ပေမင့် ယုတ်ညံ့တယ်၊ အောက်တန်းစားကျတယ်၊ ဒါကြောင့်မို့ သူ့ကို တိဟိတ်သြမက ကုသိုလ်ခေါ်တယ်၊ ရှင်းရဲ့လား၊ ဆိုင်း၊ ဗုံ ထည့်ကာ ငရဲရှာ လူ့ရွာရှင်ပြုပွဲ ဆိုတာမျိုးပဲ။ ဒါက လူပါး လူနပ် လူတတ်များ နားလည်ရုံ ဖြေကြားတာ၊ ခက်တယ်။
ဒကာ။ ။ ရှင်းလင်းပြတ်သား၍ နားလည် ကျေနပ်လှပါတယ် ဆရာတော်၊ နောင်ခါဒါမျိုးတွေ ရှောင်ရှားပါတော့မည် ဘုရား။

No comments: