သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, June 19, 2010

သမ္မာဒိဋ္ဌိ ပဥှာကဏ္ဍ

သမ္မာဒိဋ္ဌိ ပဥှာကဏ္ဍ
ဒကာ။ ။ အရင် သုံးလေးလပိုင်းက ဆရာတော် မိန့်ကြားဖြေဆိုသွားတဲ့ ဥပါသကာဂုဏ်ရည် အမေးအဖြေကဏ္ဍထဲမှာ သရဏဂုံ ၃ ပါး ဆောက်တည်ခံယူပုံနည်းများနဲ့ ရတနာ ၃ ပါး၏ ဂုဏ်ကို မတုန်မလှုပ်ယုံကြည်ကိုးစား ကျင့်ပွားရပုံများကို လူအများ နားလည်နိုင်လောက် အောင် ဒကာကြီးတို့ကိုယ်တိုင်လည်း အားရကျေနပ်နှစ်သက်မှုရအောင် ပြောပြဖြေကြားသွား လို့ များစွာပဲ ကျေးဇူးတင် ၀မ်းသာရပါတယ် ဆရာတော်။
အဲဒီ သရဏဂုံ ၃ ပါးနဲ့ ရတနာ ၃ ပါးဆိုတဲ့စကားများထဲမှာ သမ္မာဒိဋ္ဌိ ခေါ်တဲ့ အဘိဓါန် ပုဒ် စကားလုံးကိုလည်း ခပ်များများ ထည့်သွင်းသုံးစွဲသွားတာကို မှတ်သားထားမိပါတယ်၊ ဒါကြောင့် သမ္မာဒိဋ္ဌိ ဆိုတဲ့ ဗုဒ္ဓဘာသာသုံး အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကို သိပါရစေ ဆရာတော်။



သမ္မာဒိဋ္ဌိဆိုတာ ဘာလဲ
ဆရာ။ ။ အင်း..ဥပါသကာတို့၊ သရဏဂုံတို့၊ သမ္မာဒိဋ္ဌိတို့ ဆိုတဲ့ အဘိဓါန်ပုဒ်တွေဟာ ဗုဒ္ဓဘာသာ တရားတော်ထဲမှာ မပါရင်မပြီးနိုင်တဲ့ စကားလုံးတွေပဲ၊ စိစစ်ဝေဖန်နိုင်သလောက် လဲ ကျယ်ပြန့်နက်နဲပြီး အနှစ်သာရနဲ့ ပြည့်စုံတယ်။
သမ္မာ= မဖောက်မပြန်၊ မှန်ကန်၊ ဖြောင့်မတ်၊ သန့်ရှင်း၊ ဖြောင့်မတ်၊ ဖြူစင်သော။
ဒိဋ္ဌိ= အမြင်၊ အယူ၊ အစွဲ၊ အလုပ်၊ အကျင့်တရား။
သမ္မာဒိဋ္ဌိ= မဖောက်မပြန် မှန်ကန် ဖြောင့်မတ် မြင့်မြတ် ဖြူစင် သန့်ရှင်း၍ အပြစ်ကင်း သော အယူအစွဲ အလုပ်အကျင့်ကို ခေါ်ဆိုသည်တဲ့၊ အဲဒါ သူ့ရဲ့အနက်အဓိပ္ပါယ်ပဲ။
ဒကာ။ ။ နည်းနည်းလောက်တိုးချဲ့ စိစစ်ဝေဖန်ပြပါဦး ဆရာတော်၊ ယင်းရဲ့ အနှစ်သာရ သဘောတရား အမျိုးအပြား အရာကျယ်ပုံ နက်နဲပုံကလေးတွေကို သိပါရစေ။
ဆရာ။ ။ အင်း… သိချင်ရင် တိုတိုကျဉ်းကျဉ်း တိတိကျကျ ကွဲပြားနားလည်နိုင်တဲ့နည်း နဲ့ပဲ ပြောပြသွားမည် မှတ်သားပေတော့၊ ဥပရိပဏ္ဏာသ ပါဠိတော် ဆဋ္ဌမူ စာမျက်နှာ (၁၁၆)နဲ့ အဋ္ဌကထာ ၉၁-၉၅ တို့မှာ ဟောဒီလို ၅ မျိုး ၅ ပါး ဟောကြားထားတယ်။
သမ္မာဒိဋ္ဌိမျိုး ၅ ပါး
၁။ ကမ္မသကတာသမ္မာဒိဋ္ဌိမျိုး = ဤလောက၌ သတ္တ၀ါများ ကမ္ဘာသားတို့၏ ကောင်း ကျိုး
သုခချမ်းသာ မကောင်းကျိုး ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို ဖန်ဆင်းပေးသော တန်ခိုးသိဒ္ဓိရှင် နှင့် ကယ်တင်ရှင်ဟူ၍ မရှိချေ၊ ကံသာလျှင် ကိုယ့်ဥစ္စာဖြစ်သည်။
(က) ကုသိုလ်ကံခေါ်သော အပြစ်မဲ့ကင်းသော အလုပ်ကို မိမိကိုယ်တိုင်လုပ်၍ ကောင်း မြတ်ချမ်းသာသော အကျိုးလုပ်ခဘုံဘ၀တွေကို မိမိကိုယ်တိုင် သိရှိခံစားနေရသည်။
(ခ) အကုသိုလ်ကံခေါ် အပြစ်ရှိတဲ့ မကောင်းမှု အလုပ်တွေကို မိမိကိုယ်တိုင်ပြုလုပ်သောကြောင့် မကောင်းဆိုးဝါး ဆင်းရဲပင်ပန်းတဲ့ ဘုံဘ၀နဲ့ လုပ်ခအကျိုးဒုက္ခ အမျိုးမျိုးတွေကို မိမိကိုယ်တိုင် ရရှိခံစားနေရသည်…ဟု ကံ ကံ၏အကျိုးကို ဧကန်မုချယုံကြည်ကာ အပြစ်ရှိတဲ့ မကောင်းလုပ် အကုသိုလ်ကံဟူသမျှကို ရှောင်ကြဉ်ကာ ကုသိုလ်ကံအပြစ်မရှိကောင်းကျိုးချမ်း သာကို ပေးတတ်တဲ့ ကောင်းတာသက်သက်ကိုသာ လုပ်ကိုင်နေထိုင်စားသောက်သော အယူ ၀ါဒရှိသူမျိုးပဲ ဒကာကြီးတို့။
ကိုယ့်အလုပ်ကံနဲ့ ကံကြောင့်ရလာတဲ့ လုပ်ခခေါ်တဲ့ ကံ၏အကျိုး (ဖလ၊ ၀ိပါက) ၀ိပါက် ကို ယုံကြည်တဲ့အယူဝါဒဟာ ကမ္မသကတာ သမ္မာဒိဋ္ဌိ ဖြစ်တယ်။
၂။ ၀ိပဿနာ သမ္မာဒိဋ္ဌိမျိုး = ဤလောကထဲ၌ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ်သတ္တ၀ါ ငါ သူတစ်ပါး ယောက်ျားမိန်းမဆိုတာ မရှိ၊ ငါ သူတစ်ပါး မရှိသဖြင့် ငါ့ဥစ္စာ သူ့ဥစ္စာဆိုတာလည်း မရှိ၊ အထည်ကိုယ်ဒြပ်အနေနဲ့ ကိုင်၊ ဆွဲ ပြစရာအရှည်၊ အတို၊ အတုံး၊ အခဲ၊ အမှုန်အမွှား ဆိုတာလည်း ဘာမျှမရှိချေ။
အဟုတ် အမှန်ရှိသည်ကား ရုပ်၊ နာမ်၊ နှစ်ပါးမျှသာဖြစ်၏။ ထိုရုပ်၊ နာမ်တို့သဘောကား မခိုင်မမြဲ ဖြစ်ပေါ်လာပြီး ပျက်ပျက်သွားသောကြောင့် ဆင်းရဲခြင်း ဒုက္ခသဘောသက်သက်ပဲဟု ဖြစ်၊ ပျက်ကိုသာ အနိစ္စလက္ခဏာ မှတ်ချက်ဖြင့် ကိုယ်ထဲမှာအမှန်အတိုင်း ပိုင်းခြားပြီးတော့ သိ မြင်အောင် စူးစိုက် မှတ်သားပွားများ အားထုတ်နေမှုကို ၀ိပဿနာ သမ္မာဒိဋ္ဌိလို့ ခေါ်တယ်ဒကာ ကြီးတို့၊ ဖြစ်ပျက်မှု ရုပ်နာမ်ထဲမှာ ငါ၊ ငါ့ဥစ္စာမပါတာဟာ ၀ိပဿနာပဲ။
၃။ မဂ္ဂသမ္မာဒိဋ္ဌိမျိုး = ၂ နံပါတ်မှာပြခဲ့တဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိကို ဒကာကြီးတို့ ကိုယ်တိုင် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတဲ့ အတ္တဒိဋ္ဌိစွဲဖြုတ်ကာ ရုပ်တရားရဲ့ ဖောက်ပြန် ညောင်း ညာ နာကျင်ကိုက်ခဲ ပျက်စီးပြောင်းလဲမှု သဘောအမျိုးမျိုးတွေနဲ့ နာမ်တရားရဲ့ သိမှုခံစားမှု မှတ်သားမှု မမေ့ရအောင် ကြိုးစားအောက်မေ့ စေ့ဆော်တိုက်တွန်းချက်တွေရဲ့ ပျက်ပျက်သွားမှု တွေကို ကိုယ်ကာယထဲမှာ စူးစိုက်မှတ်သားပွားများနေရင် အဲဒီဖြစ်ပျက် ဒုက္ခဆင်းရဲတွေဟာ ချုပ်ငြိမ်းပျောက်ပျက်သွားကာ တစ်ခါမှမတွေ့ကြုံမခံစားရဖူးသေးတဲ့၊ အတိုင်းမသိ အေးမြငြိမ်း ချမ်းသာယာတဲ့ သုခအစစ်သဘောကို ဖြုတ်ဆိုရရောက်တွေ့ရှိ ခံစားလိုက်ရခြင်းနဲ့ အဲဒီလို ကိုယ်တွေ့ ဒိဋ္ဌမှန်ကန်စွာ မျက်မှောက်ပြု သိလိုက်ရတဲ့ ပထမမဂ် အသိဉာဏ်ကပေးလိုက်တဲ့ အယူအစွဲ အလေ့အကျင့်တို့ကို ဘယ်ဘ၀ ဘယ်သောအခါမှ မပျက်စေဘဲ မဖျက်တော့ဘဲ စွဲယူနေခြင်းကို မဂ္ဂသမ္မာဒိဋ္ဌိ လို့ ခေါ်တယ် ဒကာကြီးတို့၊ အဲဒါဟာ သောတာပတ္တိမဂ်ပဲ။
၎။ ဖလ သမ္မာဒိဋ္ဌိမျိုး = အဲဒီ သောတာပတ္တိ မဂ်ဉာဏ်ဖြင့် သိရှိခံစားလိုက်ရတဲ့ ငြိမ်း အေးချမ်းသာမှု နိဗ္ဗာန်သဘောကို တစ်ဆက်တည်း ဖိုလ်စိတ်ဖြင့် ဆက်လက်သိရှိ ခံစားလိုက် ပြန်ခြင်းနဲ့ ကိုယ်တွေ့ ကိုယ်ပိုင် ဖိုလ်စိတ်ခေါ်တဲ့ ဖိုလ်ဉာဏ်ဖြင့် အဲဒီနိဗ္ဗာန်ချမ်းသာမြတ်ကို ပြန်၍ပြန်၍ အသိလုပ်ထုတ်ဖော် ခံစားနေပြန်ခြင်း သဘောကို ဖလ သမ္မာဒိဋ္ဌိလို့ ခေါ်တယ် ဒကာကြီးတို့၊ ဖလသမာပတ်လို့လည်း မှတ်ကြဦး။ ဖိုလ် ၀င်စားတယ်လို့လည်း ခေါ်ကြတယ်၊ အဲဒါဟာ သောတာပတ္တိဖိုလ်ပဲ။
၅။ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိမျိုး = အဲသည်ဆိုပြီးတဲ့ နံပါတ် ၃-၄- မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် တွေ့ရှိခံစားလိုက်ရတဲ့ အတုမရှိ အကောင်းဆုံး ငြိမ်းအေးချမ်းသာမှု နိဗ္ဗာန်ခေါ်တဲ့ သဘောတရားကိုပင် အင့်- ဟင် ငါဘာဖြစ်သွားပါလိမ့် ဟု ထပ်မံ စဉ်းစားစိစစ်ဆင်ခြင် စစ်ဆေးခြင်း သဘောကိုပင် ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိတရား ငါးပါးပါပဲ။
ဒကာ။ ။ အင်း…..ခု ဆရာတော် ပြောပြသွားတဲ့ သမ္မာဒိဋ္ဌိမျိုး ၅ ပါးကို ရရောက်တွေ့ရှိ ခံစားနိုင်ရေးအတွက်က အတော်ပဲခက်ခက်ခဲခဲနဲ့ ကြိုးစားမှ ရရှိခံစားရမှာပါလား ဆရာတော်၊ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရမှာပဲ၊ ကျင့်စဉ်လမ်းမှန် သိထားရမှာပဲဥစ္စာ၊ အလုပ် လုပ်ယူရုံပဲပေါ့။

ဗုဒ္ဓဘာသာသည် အစမ်းသပ်ခံနိုင်သော ဘာသာမြတ်ဖြစ်၏
ဆရာ။ ။ ဟုတ်တယ်၊ ခု ပြောပြနေတာကတော့ အကျဉ်းဆုံးပဲ အဲဒီမဂ်ဖိုလ် နိဗ္ဗာန်ခေါ်တဲ့ အချမ်းသာဆုံး သဘောတရား အရသာကို ကိုယ်တွေ့ ခံစားသိချင်ရင် စာမျက်နှာ ၃၃ နံပါတ် ၂ ၀ိပဿနာ သမ္မာဒိဋ္ဌိတရားကို ဒကာကြီးတို့ကိုယ်တိုင် ကြိုးစားပွား များအား ထုတ်ကြည့်ပါ၊ ကိုယ်တွေ့ ဒိဋ္ဌ ခံစားရမှာကို ပဋိညာဉ် တာဝန်ယူပါတယ်။
ဗုဒ္ဓဘာသာတရားတော်က သူပြောလူပြောနဲ့ ယုံကြည်တင်းတိမ် ကျေနပ်နေရတဲ့ ဘာသာမျိုး မဟုတ်ဘူး၊ ဧဟိ ပဿိကဂုဏ် မယုံရင် လာရောက် ကျင့်ကြံကြိုးစား အားထုတ် ကြည့်ပါဟု ခေါ်ယူကာ အစမ်းအသပ်ကို ခံနိုင်တဲ့ ဂုဏ်ရှိတယ်။
အဲဒီလို ကိုယ်တိုင်စမ်းသပ် စစ်ဆေးအားထုတ်ကြည့်ရင် သန္ဒိဋ္ဌိကဂုဏ် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်အရသာကို ကိုယ်တွေ့ဒိဋ္ဌပင် ရယူခံစားရမှာ သေချာနိုင်တဲ့ ဂုဏ်ရှိပါတယ်တဲ့။
အဲဒီမဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာရာတရားမြတ်ကို ဘယ်ဝိဇ္ဇာဓိုရ် တန်ခိုးရှင်နဲ့ ဘယ်ဘုရား သခင်တို့ကမှ လာမပေးနိုင်ဘူး၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဂုဏ်တော်အရ ကိုယ့်ဟာကိုယ် မှန်ကန်စွာကြိုးစားအားထုတ်ယူမှ ရနိုင်တဲ့ ကိုယ့်မဂ်နဲ့ ကိုယ့်ဖိုလ်တဲ့၊ ဘယ်သူ့ကိုမှ ပေးဝေလို့ လည်း မရဘူး၊ ကဲ… ဘာမေးဦးမလဲ ဒကာကြီးတို့၊ မရှင်းရင် မေးကြပေါ့၊ အမှန်တရား ဖြေကြား ဖို့ကတော့ ဆရာသမားတို့ရဲ့ တာဝန်ပဲ။
ဒကာ။ ။ သမ္မာဒိဋ္ဌိ မျိုးအပြားက ဒီ ၅ ပါးထဲပဲလား ဆရာတော်၊ တခြားရှိသေးရင်လည်း သိပါရစေဦး ဘုရား၊ သည်လို မေးခွင့်ပေးတာ ၀မ်းသာလှပါတယ်။

ဒသ၀တ္ထုက သမ္မာဒိဋ္ဌိမျိုးဆယ်ပါး
ဆရာ။ ။ အင်း…ဒကာကြီးတို့နဲ့ ပိုမိုသက်ဆိုင်တဲ့ လောကဝေါဟာရ မပစ်ပယ်ကောင်း တဲ့ ဒသ၀တ္ထုက သမ္မာဒိဋ္ဌိခေါ်တဲ့ ဆယ်မျိုးဆယ်ပါးကိုလည်း ဘုရားဟောတော်မူထားတာ ရှိ သေးတယ်။
အဲဒါကတော့ လောကသားတို့ သမုတ်ထားတဲ့ မှန်ကန်သော အယူအစွဲ သမ္မုတိသစ္စာ
တဲ့၊ သူ့ကိုလည်း မှန်ကန်စွာ စွဲယူပြုကျင့်ရမှာဖြစ်တယ်၊ မပယ်ရဘူးနော်၊ ဒါကို ပယ်ရင်တော့ လူတွေဟာ တိရစ္ဆာန်လောကထဲ ရောက်ကုန်မှာပဲ။
ဒကာ။ ။ ဆရာတော် တာဝန်မလေးရင်လည်း အဲဒီဒသ၀တ္ထုက သမ္မာဒိဋ္ဌိသဘောကို ဒကာကြီးတို့ နားလည်အောင်ရှင်းပြပါလား ဘုရား။
ဆရာ။ ။ အင်း.. ဆရာတော်တို့ အလုပ်တာဝန်က သာသနာတော် အရေးကိစ္စနဲ့စပ်ပြီး ဖြစ်ပေါ်လာတဲ့ သံသယ ပြဿနာရပ်များကို ကျေနပ်ရှင်းလင်းစွာနဲ့ ခံယူလာနိုင်အောင် ဖြေရှင်းပေးဖို့သာ ဖြစ်လေတော့ ဒကာကြီးတို့လိုလားသိချင်ရင် နားထောင်ပါ၊ ၀န်မလေးပါဘူး၊ ဒသ၀တ္ထုက သမ္မာဒိဋ္ဌိမျိုး ဆယ်ပါးဆိုတာက -

၁။ အတ္ထိ ဒိန္နံ လောကေ။ ။ လောက၌ အပြစ်မရှိကောင်းသောဝတ္ထုပစ္စည်းကို ပေးလှူခြင်းပြုသူသည် ကောင်းကျိုးချမ်းသာ သုခအမျိုးမျိုးတွေကို မုချရရှိခံစားရလိမ့်မည်ဟု ယုံကြည်စွာပေးလှူသော အယူအစွဲရှိသူတဲ့၊ အဲဒါ သမ္မာဒိဋ္ဌိပဲ။
ယင်းအပြစ်ရှိတဲ့အဆိပ်တို့ လက်နက်တို့ နစ္စ ဂီတ ၀ါဒိတ ကပွဲ ဆိုပွဲ တီးမှုတ်ပွဲသဘင် တို့ သတ်စားရန် သားကောင်အရှင်တို့စတဲ့ အပြစ်ရှိတဲ့ဝတ္ထုပစ္စည်းတို့ကို မပေးလှူကောင်းချေ။
ပေးလှူခြင်းဖြင့် ပေးလှူသူမှာ မကောင်းသော ဆင်းရဲဒုက္ခမျိုးတွေကို မုချရရှိခံစား ငရဲလားရမည်လို့ ယုံကြည်သော အယူဝါဒမှန် ရှိသူကတစ်မျိုး၊ သူလည်းသမ္မာဒိဋ္ဌိပဲ။
၂။ အတ္ထိ ယိဋ္ဌံ။ ။ လောက၌ အကြီးအကျယ် ထမင်းရည်ချောင်းစီး ရက်ပေါင်းများစွာ မဏ္ဍပ်ကြီးတွေ ဆောက်လုပ်ကာ စားဖွယ်လျက်ဖွယ် အ၀တ်အထည် အသုံးအဆောင် ရွှေ၊ ငွေ၊ မြ၊ ရွဲ၊ ပုလဲ၊ ပတ္တမြား…စသည်တွေ ပေးလှူခြင်းမျိုး ပြုလုပ်ပါက အတိုင်းမသိ ကောင်းကျိုးသုခတွေ ရရှိလိမ့်မည်ဟု ယူစွဲခြင်းဟာလည်း သမ္မာဒိဋ္ဌိပဲ။
ဆင်၊မြင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ လူ…စသည်တို့ကို ရာပေါင်းများစွာသတ်ဖြတ်၍ ပေးလှူခြင်းမျိုး ပြုလုပ်ပါက မကောင်းကျိုး ဆင်းရဲဒုက္ခကို မုချပေးလိမ့်မည်ဟု ယုံကြည်ခြင်းကို အယူအစွဲမှန်လို့ ခေါ်တယ်၊ ယင်းလည်း သမ္မာဒိဋ္ဌိပဲ။
၃။ အတ္ထိဟုတံ။ ။ သိုး၊ ဆိတ်၊ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ ခွေး၊ ၀က်၊ ကြက်၊ ငှက်၊ ခို၊ စာကလေး ကိုယ့်အိမ်မှာ မွေးထားတဲ့ ခွေးကြောင်နှင့် ပုရွက်ဆိတ်…စတဲ့ ထိုထိုသတ္တ၀ါမျိုးကို ဘေးမဲ့ ကျွေးမွေးပေးလှူခြင်း အသေးအဖွဲ ကုသိုလ်မျိုးကလည်း ကောင်းကျိုးသုခကို မုချပေးနိုင် ရနိုင်သည်ဟု ယုံကြည်ကာ နေ့စဉ် ပေးကျွေးခြင်းမျိုးရှိသူ၊ သူလည်း သမ္မာဒိဋ္ဌိပဲ။
၎။ အတ္ထိ သုကတ ဒုက္ကဋနံ ကမ္မာနံ ဖလံ ၀ိပါကော။ ။ ကောင်းလုပ်ကုသိုလ်ကံသည် ကြီးကျယ်
ကောင်းမြတ်သော အကျိုးရင်းသုခနဲ့၊ သေးငယ်ကောင်းစားသော အကျိုးဖျား သုခများကို မုချပေးလိမ့်မည်။
မကောင်းလုပ်အကုသိုလ်ကံသည် ကြီးကျယ်ဆိုးဝါးသော ဒုက္ခဆင်းရဲ မကောင်းကျိုးအရင်းနဲ့၊ သေးငယ်ဆင်းရဲသော ဒုက္ခအကျိုးဖျားကို မုချပေးလိမ့်မည်ဟု ယုံကြည်ပြုလုပ် ရှောင်ကြဉ်ဖယ်ရှားသော အယူအစွဲမှန်များရှိသူ၊ ယင်းလည်း သမ္မာဒိဋ္ဌိပဲ၊ ကုသိုလ်အလုပ်ကို ကြိုးစားလုပ်ပါ၊ အကုသိုလ်ကို မလုပ်ပါနဲ့တဲ့။
၅။ အတ္ထိ မာတာ။ ။ လောက၌ မွေးသမိခင် ကျေးဇူးရှင်ဆိုတာရှိသည်၊ သူ့အားရိုသေလေးစားရမည်၊ ကျွေးမွေး ပေးကမ်းစောင့်ရှောက် ပြုစုရမည်၊ ဆည်းကပ်ခစား ရှိခိုးခြင်းများ ပြုရမည်၊ သူတို့ကွယ်လွန်သောအခါ အလောင်းကို ကောင်းစွာဈာပနပြုရမည်၊ မပြုလုပ်ဘဲ မနေရ၊ ထိုသို့ပြုလုပ်သော သားသမီးများကား မဆင်းရဲ တတ်ပါ၊ ကိုယ်ရောစိတ်ပါ ချမ်းသာ အေးမြခြင်း သုခကို မုချရတတ်သည်၊ ယင်းသို့ မပြုလုပ် မရိုသေက ဆင်းရဲဒုက္ခ မုချရလိမ့်မည် ဟု မှန်ကန်သော အယူဝါဒရှိသူ၊ ဒါလည်း သမ္မာဒိဋ္ဌိပဲ။
၆။ အတ္ထိ ပိတာ။ ။ မွေးသဖခင် ကျေးဇူးရှင်၌လည်း ထို့အတူပင် သားသမီးများက ပြုကျင့်ရမည့် သမ္မာဒိဋ္ဌိပဲ။
ရ။ အတ္ထိ သတ္တာ သြပပါတိကာ။ ။ လောကထဲ၌ အသက်ဇီဝရှိတဲ့ မြင်ကောင်း သောလူ၊ တိရစ္ဆာန်စတဲ့ သတ္တ၀ါတွေ၊ ဥပပါတ် ပဋိသန္ဓေခေါ်တဲ့ ဖြုတ်ခနဲ ကိုယ်ထင်ရှားဖြစ် သွားကြသော မမြင်ကောင်းသောနတ် ဗြဟ္မာ ပြိတ္တာ သရဲ စသောသတ္တ၀ါမျိုးတွေ ရှိတယ်ဆိုတာ မှန်ကန်သော သဘောတရားပဲဟု ယုံကြည်ခြင်း အမှန်တရားရှိသူ၏ အယူဝါဒဟာလည်း သမ္မာဒိဋ္ဌိပဲ။
၈။ အတ္ထိ အယံ လောကော။ ။ ယခု မိမိတို့ ရရှိခံစားနေရသော ကိုယ်ခန္ဓာနဲ့ ဘ၀ဆိုတာ အမှန်ရှိနေတာပဲဟု စွဲထား ယုံကြည်ခြင်း ၀ါဒဟာလည်း သမ္မာဒိဋ္ဌိပဲ။
၉။ အတ္ထိ ပရော လောကော။ ။ နောင်ဘ၀ နောက်နောက်ဘ၀ ဆိုတဲ့ ဘ၀တစ်ပါး ဟာလည်း အမှန်ရှိတာပဲ၊ မိမိတို့ကံ အလျောက် အမှန်မုချဖြစ်ရမှာပဲ… ဟု ယုံကြည်ခြင်းဝါဒ ဟာလည်း သမ္မာဒိဋ္ဌိပဲ။
၁၀။ အတ္ထိ လောကေ သမဏ ဗြဟ္မဏာ။ ။ ဤလောကထဲ၌ မြင့်မြတ်သော အကျင့်တရားရှိသူ၊ သိထားစရာကိစ္စဥဿုံကို ကုန်အောင်စုံ အမှန်သိသော သဗ္ဗညုဘုရားရှင် နှင့် ပစ္စေကဗုဒ္ဓါ ရဟန္တာ ဈာန်အဘိညာဉ်ရပုဂ္ဂိုလ်မြတ်တွေ ရှိတော်မူကြတယ်။
ထိုဒိဗ္ဗစက္ခု ဒိဗ္ဗသောတ တန်ခိုးရှင်တို့က ဟောကြားပြောပြသော လူတို့ မျက်စိဖြင့် မမြင်နိုင်တဲ့ နတ်ပြည်၊ ဗြဟ္မာ့ပြည်၊ ငရဲပြည်၊ နတ်၊ ဗြဟ္မာ၊ ပြိတ္တာ စသည်တို့ဟာလည်း မုချရှိ သည်ဟု ယုံကြည်ခြင်းမျိုးကို ခေါ်ဆိုတယ်။
အဲဒါဟာ ဒသ၀တ္ထုက သမ္မာဒိဋ္ဌိ အယူပဲ၊ ဒါပဲ လောကသားတို့ရဲ့ မျက်မှောက်လက်တွေ့ အားဖြင့် လိုက်နာကျင့်သုံးရမည့် မှန်ကန်သော အယူအစွဲ သမ္ဗုတိသစ္စာ သမ္မာဒိဋ္ဌိတရားပဲ။
အဲဒီ အယူအစွဲဆယ်ပါး သမ္မုတိသစ္စာတရားကို မယုံကြည်မလိုက်နာ မကျင့်သုံးရင် အဲ သည်တိုင်းပြည်ရပ်ရွာဌာနဟာ တိရစ္ဆာန်များနှင့်မခြားဘဲ ပျက်စီးခြင်းရှေးရှုနေပြီ၊ မုချပျက်စီး ဆင်းရဲကြတော့မည်လို့သာ မှတ်ကြပေတော့၊ ကဲ…. ကျေနပ် လောက်ရောပေါ့ ဒကာကြီးတို့ ရာ။
အဲဒါက ဒသ၀တ္ထုက သမ္မာဒိဋ္ဌိ ၀တ္ထု ဒြပ်အားဖြင့် ထင်ထင်ရှားရှား ရှိနေတဲ့ မှန်ကန် သော လောကသားတို့၏ အယူအစွဲမျိုးမို့ မပယ်မဖျက်ဘဲ လိုက်နာကျင့်သုံးရမှာဖြစ်တဲ့ ၀တ္ထုဆယ်ပါးပဲ၊ ဘာများ ပြောချင်သေးသလဲ။

တော်လှန်စရာကို တော်လှန်လိုက်ပါ
ဒကာ။ ။ ဒကာကြီးတို့ သင်ကြားနာယူ သိရှိ ကျင့်သုံးလိုက်နာကြရမည့် ဒသ၀တ္ထုက သမ္မာဒိဋ္ဌိမျိုး ဆယ်မျိုးကိုလည်း တော်လှန်သင့်တာကို တော်လှန်ပြီး လိုက်နာကျင့်သုံးရမည်တို့ကိုလည်း ယုံကြည်စွာ ခံယူလိုက်နာကျင့်သုံးပါမည် ဆရာတော်၊ အခြားသမ္မာဒိဋ္ဌိမျိုးကွဲများ ကော ရှိပါသေးသလား မိန့်ကြားပါဦးဘုရား။

သမ္မာဒိဋ္ဌိမျိုး ၄၀ ပါး
ဆရာ။ ။ ဟာ…. ရှိတာပေါ့ ဒကာကြီးတို့ရာ၊ သမ္မာဒိဋ္ဌိဆိုတဲ့ အဘိဓါန်ပုဒ်ဟာ ဗုဒ္ဓဘာသာတရားထဲမှာ စစ်ဆေး ဝေဖန်သလောက် အရာကျယ်တယ်၊ နက်ရှိုင်းပြီး အနှစ်သာရ နဲ့လည်း ပြည့်စုံတယ်လို့ ပြောခဲ့သားပဲဟာ၊ သမ္မာဒိဋ္ဌိမျိုး လေးဆယ်ရှိသေးတယ်။
ဒကာ။ ။ အဲသည် သမ္မာဒိဋ္ဌိမျိုး လေးဆယ်အပြားကို ခွဲခြားပြီး သိပါရစေလား ဆရာတော်၊ မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ အင်း… ဒါကတော့ လွယ်ပါတယ်၊ အထက်က ပြောပြခဲ့တဲ့ သမ္မာဒိဋ္ဌိမျိုး ငါးပါး ကို တည်ပြီးတော့ မဂ္ဂင်ရှစ်ပါးနဲ့ မြှောက်ပွားလိုက်ရင် သမ္မာဒိဋ္ဌိမျိုးလေးဆယ် ဖြစ်သွားတာပေါ့။
နောက်…. စတုသစ္စ သမ္မာဒိဋ္ဌိမျိုး လေးပါးဆိုတာလည်း ရှိသေးတယ်၊ အဲဒါကတော့ ၀ိပဿနာမျိုးထဲ ပါသွားတဲ့ သစ္စာလေးပါးတရားမြတ်ပါပဲ။
ကဲ.. ဤတွင်၍ ဤသမ္မာဒိဋ္ဌိစစ်တမ်း မေး ဖြေခန်း အပြီးအပြတ် လက်စသတ်ကြစို့ ဒကာကြီးတို့။

မဂ္ဂင်ရှစ်ပါးဆိုတာ ဘာလဲ
ဒကာ။ ။ ဆရာတော် အချိန်ပေးနိုင်ရင် မေးလက်စနဲ့ ခုတင်က မဂ္ဂင်ရှစ်ပါးနဲ့ မြှောက်ပွားဆိုတဲ့ မဂ္ဂင်ကို ဆက်ပါရစေဦးဆရာတော်။
မဂ္ဂင်ရှစ်ပါးဆိုတဲ့ သင်္ဘောလှေဖောင်ကြီး စီးနင်းကူးခပ်ပြီး နိဗ္ဗာန်တစ်ဖက်ကမ်းကို တက်လှမ်းကြရမည်၊ မဂ္ဂင်တရား ရထားကြီးကို တက်စီးထိုင်သွားကြရမည် စသည်ဖြင့် ဟောကြားနေကြတာ၊ အဲသည် မဂ္ဂင်ရှစ်ပါးနဲ့ ယင်းရဲ့ အနက်အဓိပ္ပါယ်များကိုလည်း နည်းနည်း လောက် မိန့်ကြားပါဦးဆရာတော်။


မဂ္ဂင်ရှစ်ပါး ခွဲခြား အဓိပ္ပါယ်
ဆရာ။ ။ အင်း…. ပြောပြမယ် နားထောင်မှတ်သားပါ၊ မဂ္ဂင်ဆိုတဲ့စကားရဲ့ မူရင်းပုဒ်က ပါဠိလို မဂ္ဂင်္ဂ တဲ့၊ မဂ္ဂနဲ့ + အင်္ဂ၊ နှစ်ပုဒ်ပေါင်းစပ်ပြီး မဂ္ဂင်္ဂ…လို့၊ သို့မဟုတ် မဂ္ဂင်လို့ ခေါ်တာ ဒကာကြီးတို့ရဲ့။
မဂ္ဂ၊ သို့မဟုတ် လူတိုင်းနှုတ်တက်နေကြတဲ့ မဂ် ဆိုတာက ဆင်းရဲလွတ်ကင်းရာ လမ်းကို ရှာဖွေသော၊ တစ်နည်း..သာယာ ခင်မင်လိုချင် တပ်မက်ဆာလောင်စွဲလမ်း ငမ်းငမ်းတက် ပူပန်မှုကိလေသာကို သတ်ဖြတ် ဖျက်ဆီးတတ်သော လက်နက်ရှစ်ပါး တရားလမ်းကြောင်း၊ (၀ါ- ဒုက္ခငြိမ်းအေးနိဗ္ဗာန်ရောက်ရေး အကျင့်တရား) တို့လို့ မှတ်ရမည်တဲ့၊ အဲဒါ မဂ္ဂ ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ပဲ။
အင်္ဂ- ဆိုတာက (ငြိမ်းအေးရေးလိုလားတဲ့ ကမ္ဘာသားတို့ လိုက်နာခံယူ ကျင့်ပွားအားထုတ်ရာ) အဲဒီမဂ်ရဲ့ အစိတ်အပိုင်းရှစ်ပါးကို ဆိုတာဖြစ်တယ်၊ မဂ္ဂင်ရှစ်ပါးကိုတော့ ဒကာကြီးတို့ ရေတွက်ခေါ်ဆိုတတ်တယ် မဟုတ်လား။
ဒကာ။ ။ မှန်ပါ့၊ နာမည်ခေါ်တတ်ရုံလောက်ပါပဲ ဆရာတော်၊ သူတို့ရဲ့ သဘောအဓိပ္ပါယ်နဲ့ ကျင့်ပွားအားထုတ်ဖို့ လုပ်ငန်းစဉ်ကိုတော့ နားမလည်သေးပါဘူး၊ တစ်ပါးစီ ခွဲခြားပြီး နားလည်အောင် သင်ကြားပေးပါဦး ဆရာတော်။
ဆရာ။ ။ လိုလိုလားလားနဲ့ လျှောက်ထားပြန်တော့လည်း ဟောပြသင်ကြားပေးရမှာ ပေါ့လေ၊ တော်ရိ လျောရိလို့တော့ ပေါ့ပေါ့မမှတ်ထင်နဲ့၊ ဒီ…မဂ္ဂင်ရှစ်ပါးဟာ သာသနာတော်မှာ အရေးပါအရာရောက်ဆုံးပါပဲ၊ သာသနာတော်၏ ဦးတည်ချက်ပန်းတိုင်နိဗ္ဗာန်ကို ဒီမဂ္ဂင်ရှစ်ပါးလမ်းနဲ့ ကြိုးစားပွားများချီတက်မှ ရောက်နိုင်
တယ်နော်၊ ကဲ…နားထောင် မှတ်သားပေတော့။
၁။ သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်သော ဉာဏ်အသိဖြင့် ရှုကြည့် သိမြင်စွဲယူတတ်မှုပဲ၊ သူ့ရဲ့ ဆိုလိုရင်းသဘောကတော့….
(က) မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ၊ တရား ခန္ဓာငါးပါးတို့၏ ဆင်းရဲခြင်း အစစ်အမှန် ဒုက္ခသစ္စာရယ်။
(ခ) ဆင်းရဲကိုဖြစ်စေတတ် ရစေတတ်ကြောင်း သမုဒယသစ္စာရယ်။
(ဂ) ယင်းဆင်းရဲဒုက္ခအစု ချုပ်ငြိမ်းအေးမြမှုကို ရနိုင်ရေးအကျင့်တရားများကို ရှုမြင်ပွားများမှု လုပ်ငန်း မဂ္ဂသစ္စာရယ်။
(ဃ) ဒုက္ခသစ္စာရဲ့ ချုပ်ငြိမ်းမှု ချုပ်ငြိမ်းအေးမြရာဌာန နိဗ္ဗာန်ခေါ်ဆိုတဲ့ နိရောဓသစ္စာ ရယ်။
အဲဒီ အမှန်တရား သစ္စာလေးပါးကို အမှန်အတိုင်း စွဲယူထားကာ သိရှိပယ်ရှားပွားများ ရှုမှတ်သွားမှုကို သမ္မာဒိဋ္ဌိမဂ္ဂင်လို့ဆိုတယ်။

၂။ သမ္မာသင်္ကပ္ပမဂ္ဂင် = မှန်ကန်တော်တည့်စွာနဲ့ ကြံစည်စဉ်းစား ဆင်ခြင်တတ်မှုတဲ့၊ သူ့ရဲ့ဆိုလိုရင်းက -
(က) ရှာမှီးခံစားလို့ မပြီးဆုံးအားမရ မ၀လင်နိုင်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားထဲမှ ဖဲထွက် လွတ်မြောက်နိဗ္ဗာန်ရောက်နိုင်ရေး အကြံ။
(ခ) သူတစ်ပါးအား မလိုမုန်းထား ပြစ်မှား ကင်းလွတ်ရေးအကြံ။
(ဂ) သူတစ်ပါးအား နှိပ်စက် ညှင်းဆဲနှောင့်ယှက် ဖျက်ဆီးအနိုင်စီး သတ်ဖြတ်ခြင်းတို့မှ ကင်းလွတ်ရေး စသည့် အကြံအစည်ကောင်းတို့ ဖြစ်ပေါ်လာအောင် ကြံစည်ခြင်းကိုဆိုလို တယ်။
မှတ်ချက်။ ။ ယင်းကိုလည်း လောကီဈာန်လမ်း ကြံစည်ခြင်း သမ္မာသင်္ကပ္ပမဂ္ဂင်နှင့် လောကုတ္တရာမဂ်လမ်း ကြံစည်ခြင်း သမ္မာသင်္ကပ္ပမဂ္ဂင်ဟု နှစ်မျိုး မှတ်ရသေးတယ်၊ အဲဒီ နံပါတ် ၁ နဲ့ ၂ ဟာ ပညာမဂ္ဂင် ၂ ပါးပဲ။

၃။ သမ္မာဝါစာမဂ္ဂင် = မှန်ကန်စွာ ပြောဆိုခြင်း၊ သူ့သဘောရင်းက အောက်ပါ ၀စီဒုစရိုက်လေးပါး မပြောကြားခြင်းပဲ ဖြစ်တယ်။
(က) မုသာဝါဒ = လိမ်ညာ၍ ပြောဆိုမှုမှလည်းကောင်း။
(ခ) ပိသုဏာဝါစာ = သူတစ်ပါးအား အထင်သေး၊ မလေးစား ဂုဏ်ငယ်သွားအောင် ချောပစ် ကုန်းချော အတင်းပြောခြင်းမှလည်းကောင်း။
(ဂ) ဖရုသ ၀ါစာ = အကြမ်းအတမ်း ငေါက်ငမ်းဆဲရေးခြင်းမှ လည်းကောင်း။
(ဃ) သမ္ဖပ္ပလာပ၀ါစာ = အကျိုးမရှိတဲ့ သီတာ၊ ရာမစတဲ့ ဇာတ်စကား အရပ်စကား ဈေးစကား အပြိန်အဖျင်း အနှစ်သာရကင်းသော စကားစသည်တို့မှလည်းကောင်း၊ ကြဉ်ရှောင် လွတ်ကင်း မပြောဆိုခြင်း အလုပ်သဘော သီလစင်ကြယ်လမ်းပင် ဖြစ်၏တဲ့။

၎။ သမ္မာကမ္မန္တ မဂ္ဂင် = ကာယကံ ဒုစရိုက် အမှားများကို ရှောင်ရှားကာ မှန်ကန်စွာ လုပ်ကိုင် ပြုကျင့်မှု။
ဆိုလိုရင်းသဘောက ကာယဒုစရိုက်သုံးပါးခေါ်တဲ့ (၁) ပါဏာတိပါတ - သူ့အသက် သတ်ခြင်း။ (၂) အဒိန္နာဒါန - သူတစ်ပါးဥစ္စာပစ္စည်းကို ခိုးယူလုယက် မတရားသိမ်းပိုက်ခြင်း။ (၃) ကာမေသုမိစ္ဆာစာရာ - အုပ်ထိန်းခြင်းရှိသော သူ့သမီးဇနီးမယားကို မေထုန်မှုဖြင့် လွန်ကျူးပြုကျင့်ခြင်းတို့မှ ကြဉ်ရှောင်မှုမျိုးဟာ သီလမဂ္ဂင်အကျင့်မြတ်ပင် ဖြစ်တယ်။

၅။ သမ္မာအာဇီဝ မဂ္ဂင် - မှန်ကန်စွာ အသက်မွေး ၀မ်းကျောင်းမှု။
အဓိပ္ပါယ်က ပြဆိုခဲ့ပြီးသော နံပါတ် ၃၊ နံပါတ် ၄ မဂ္ဂင်နှစ်ပါးရဲ့ အပြစ်ရှိတဲ့ကာယဒုစရိုက် သုံးပါးနဲ့ ၀စီဒုစရိုက်လေးပါး၊ အခြားအပြစ်ရှိသော အကုသိုလ် အလုပ်များကို ရှောင်ရှားကာ အပြစ်မဲ့ဖြူစင်သော အသက်မွေးမြူမှုရှိရခြင်း၊ သီလမဂ္ဂင်မျိုးပင် ဖြစ်ပါတယ်တဲ့၊ အဲဒီနံပါတ် ၃-၄-၅ တို့ဟာ သီလမဂ္ဂင် ၃ ပါး။

၆။ သမ္မာဝါယာမ မဂ္ဂင် = မှန်ကန်သော အားစိုက်ကြိုးစားမှု ၀ီရိယ၊ ဇွဲ၊ လုံ့လ ရှိရခြင်းမျိုး လေးပါးကို ဆိုတယ်၊ ယင်း အဓိပ္ပါယ်က
(က) မိမိ၌ မဖြစ်ပေါ်သေးသော မကောင်းမှု အကုသိုလ်တရားများကို မဖြစ်ပွားရေး လုံ့လစိုက်ရခြင်း။
(ခ) ပြုလုပ်လွန်ကျူးဖြစ်ပေါ်ပြီးသော မကောင်းမှုတရား အကုသိုလ်များကို ပြန်၍ မဖြစ်ပေါ်ရအောင် ပယ်စွန့်ပပျောက်ရေးအတွက် ကြိုးစားအားထုတ်လုံ့လပြုရခြင်း၊ (ယင်းတို့ကို ပြန်၍ မကြံစည်မတွေးတောရဟူ၏။)
(ဂ) မဖြစ်ရှိ မရရှိဖူးသေးတဲ့ ကောင်းစား ချမ်းသာရေး ကုသိုလ်တရားစုကောင်းမှုများကို ဖြစ်ပွားရရှိခံစားနိုင်ရန် အားပေးတိုက်တွန်း ကြိုးစားပြုလုပ်မှု လုံ့လရှိရခြင်း။
(ဤ၌ မဂ်ကုသိုလ် တရားလေးပါး ဖြစ်ပေါ်အောင် ၀ိပဿနာကုသိုလ်တရားကို ကြိုးစားအားထုတ်ပါဟု ဆိုလိုသည်။)
(ဃ) ဖြစ်ပေါ်ရရှိပြီးသော ကုသိုလ်ကောင်းမှုများကို စည်ပင်ပြန့်ပွား ပြည့်လျှံဝေဆာ သွားဖို့ ကြိုးစားအားထုတ် ပြန်လည်အောက်မေ့မှု ယင်းလေးမျိုးတို့ပဲ။
အဲဒီလေးပါးကို ထမြောက်ပြီးစီးအောင်နိုင်ရေးအတွက် ၀ီရိယဗိုလ်၊ ၀ီရိယိနြေ္ဒ၊ ၀ီရိယသမ္ဗောဇ္ဈင်၊ ၀ီရိယာဓိပတိ- ဆိုတဲ့ တပ်မဟာကြီးတွေချပြီး ကိလေသာရန်သူမျိုးကို ကြိုးစားအားထုတ် တိုက်ခိုက်လုံ့လစိုက်မှုပြုပါတဲ့၊ အဲသည်လေးပါးဟာ ဒကာကြီးတို့ ကြိုးစားတိုက်ခိုက်ရမည့် ကိလေသာစစ်ပွဲကြီး၏ အောင်နိုင်ရေးအတွက် လက်နက်ကောင်းကြီးများဖြစ်တဲ့ သမ္မာဝါယာမ မဂ္ဂင်တရား၏ သမ္ဗပ္ပဓာန်လက်နက်ကြီး လေးပါးပဲ။


ဗုဒ္ဓဘာသာတို့၏ ဓမ္မတာရိုးစွဲ
မှတ်ချက်။ ။ သမ္မာဝါယာမ မဂ္ဂင်အရ လုံ့လမျိုးလေးပါးတွင် (က)နှင့်(ခ) ပထမ၊ ဒုတိယ ကြိုးစားအားထုတ်မှု လုံ့လမျိုးမှာ မုချအဟုတ် ကိလေသာ ရန်ငုတ်ကို တိုက်ထုတ်ရှင်း လင်းရမည်သာ ဖြစ်၏တဲ့။
ဗုဒ္ဓဘာသာ တရားတော်အရ အကုသိုလ် ဓမ္မမှ ကြဉ်ရှောင်ရေးမှာ ဓမ္မတာရိုးစွဲပင် ဖြစ်၏ဟု တစ်သက်လုံးမှတ်ရမည်။ (ဂ) နှင့် (ဃ) တတိယနှင့် စတုတ္ထ သမ္မာဝါယာမ မဂ္ဂင်နှစ်ပါးကိုလည်း လောကီဈာန်လမ်းကြိုးစားမှုနှင့် လောကုတ္တရာ မဂ်လမ်း ကြိုးစားမှုဟု သမထ၊ ၀ိပဿနာနှစ်မျိုးလုံး မှတ်ရမည်တဲ့။

၇။ သမ္မာသတိမဂ္ဂင် = မှန်ကန်စွာ မမေ့မပျောက်စေဘဲ အောက်မေ့သတိရမှု ရှိရခြင်းပဲ။
အဲသည် သမ္မာသတိဟာ တရားပေါင်းတို့ရဲ့ ဘုရင် ဥသျှောင်မကိုဋ် ထိပ်သီးပဲ၊ သတ္တ၀ါ အပေါင်းတို့၏ သည်းခြေလို့လည်း ခေါ်တယ်၊ သူပျက်ရင် တရားကောင်း တရားမြတ်တွေ မလာမကပ်တော့ဘူး၊ တရားဆိုး တရားယုတ်တွေနဲ့သာ ရှုပ်ထွေးပျက်စီးကုန်ရောပဲ၊ သတ္တ၀ါ တွေဟာလည်း သတိ- ဆိုတဲ့ သည်းခြေပျက်ရင် အရူးတွေဖြစ်ကာ အရူးထကုန်တော့တာပဲတဲ့။

သတ္တ၀ါတို့ အရူးထခြင်းများ
ဒကာ။ ။ ဘယ်လို အရူးထတာလဲ ဆရာတော်၊ အရူးထပုံ ရောဂါကလေးကို ရှင်းပြပေးဦးမှပေါ့ ဘုရား။
ဆရာ။ ။ အင်း..အရူးထပုံကို ဒကာကြီးတို့နားလည်အောင် ပါဠိလေးနဲ့ နည်းနည်းပြောပြမည်၊ မှတ်သားပေတော့၊ နှုတ်ထဲရအောင် ကျက်ထားရမှာနော်၊ မြတ်စွာဘုရား ဟောကြား တော်မူတဲ့ စကားတော်ဖြစ်တယ်၊ အဲဒါကို ရွတ်ဖတ်နေရင် ဘုရားရှင်နဲ့ စကားပြောနေတာလည်း ဖြစ်တယ်၊ အရူးရောဂါလည်း ပျောက်ကင်းနိုင်တယ်လို့ မှတ်ရမယ်။
(က) အနိစ္စံ နိစ္စသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ။ ။ မမြဲ မခိုင် ကိုယ်မပိုင်တဲ့ သားသမီး ဥစ္စာ ရွှေ ငွေ ရတနာ အရာဝတ္ထု အစုစုတွေကို မြဲတယ် ခိုင်တယ် ပိုင်တယ် ငါ၊ ငါ့ဥစ္စာ၊ ငါ့ဟာ၊ ငါပိုင်တယ်ဟု စိတ်ထားလျက် အမှား အလွဲ ထင်စွဲမှတ်ယူကာ နေ့တိုင်းနေ့တိုင်း အရူးထနေကြ ကုန်၏တဲ့။
(ခ) ဒုက္ခံ သုခသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ။ ။ ယင်းသို့ မခိုင်မမြဲဘဲ ပျက်စီး ပျက်စီးသွားလို့ စိုးရိမ်ရ ပူဆွေးရ ငိုကြွေးနေကြတဲ့ ဆင်းရဲအစု ၀တ္ထုပစ္စည်းတွေကိုလည်း သူတို့ နဲ့ နေထိုင်ပေါင်းသင်း ဆက်ဆံသုံးဆောင် ခံစားနေရတာကိုပင် ချမ်းသာတယ် သာယာတယ်ဟု မှတ်ထင် ပျော်ရွှင်ကာ နေ့တိုင်း နေ့တိုင်း အရူးထနေကြကုန်၏တဲ့။
(ဂ) အနတ္တံ အတ္တသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ။ ။ လောကထဲမှာ ဘယ်အရာ ၀တ္ထုပစ္စည်းမှ ကိုယ့်အလိုမလိုက် ကိုယ့်အကြိုက်မပါ၊ ကိုယ်လိုရာမပြီး၊ ပျက်စီးပြုန်းတီး အချည်းနှီးသဘောကိုသာ ဆောင်နေကြ၍ အမာခံအနှစ်သာရ ဘာတစ်ခုမျှ မရှိတာတွေကိုပင် အခိုင်အမာမကွဲမကွာဘဲ ငါနဲ့အမြဲနေရမည်၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဟု အခိုင်အမြဲစွဲယူကာ နေ့ တိုင်းနေ့တိုင်း တငါငါနဲ့ အရူးထကာ နေကြကုန်၏တဲ့။
(ဃ) အသုဘံ သုဘသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ။ ။ ဘာမျှ မလှပ မတင့်တယ်ဘဲ ပြည် သွေး ချွေး တံတွေး သလိပ် ချွဲခန်း ကျင်ကြီးကျင်ငယ်တို့ဖြင့် ပြည့်လျှံယိုစီးထွက်ကျ ပေကျံ နံစော် နေသော ဤကိုယ်ကောင်ကြီးကို တင့်တယ်လှပတယ် ထင်အောင် မြင်လိုက်ရင် တပ်မက်စွဲလမ်း သာယာစရာထင်အောင် တစ်ဦးထက် တစ်ဦးသာအောင် ဆင်ယင်ထုံးဖွဲ့ ဖြီးလိမ်းဝတ်စားကာ မာန်မာနတွေ ၀င့်ဝါတက်ကြွ ဆင်ယင်လို့အားမရနိုင်အောင် ပြိုင်ဆိုင်ပြီး နေ့တိုင်းနေ့တိုင်း အရူးထနေကြကုန်၏တဲ့။
အဲဒီအရူးထရောဂါဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့ကူးစက်နေတယ်၊ အဲဒါ ဘာဖြစ်လို့လဲ။ ရူပက္ခန္ဓာ၊ ကိုယ်တစ်ခုပေါ်မှာ သမ္မာသတိဆိုတဲ့ မှန်ကန်စွာအောက်မေ့မှု သတိ(သည်းခြေ) ပျက်နေကြလို့ အမှန်တရားတွေ မေ့လျော့ကာ ငါ ငါ့ဥစ္စာ ငါ့ဟာ ငါလှတယ် ယဉ်တယ် ချောတယ်ဟု အထင်ကြီးပြီး အရူးထနေကြတာသာ ဖြစ်တယ်တဲ့။
ကဲ..ဒကာကြီးတို့ကော သတိကောင်းရဲ့လား၊ အသုဘကောင်ကို သုဘဖြစ်လာအောင် ပြင်ဆင်မွမ်းမံထားတဲ့ အိမ်က ဒကာမကြီးကို အလှဘုရင်ထင်ကာ မခွဲနိုင်ဘဲ စွဲနေတာမဟုတ် လား၊ မှန်မှန်ပြောပါ။
ဒကာ။ ။ အလှဘုရင်ထင်လည်း ခဏပဲရတာပါ ဆရာတော်၊ တစ်နေ့တောင်မခံပါဘူး၊ တော်တော်ကြာ သူ့ဇာတိပြလာကာ လိမ်းကျံမွမ်းမံထားတဲ့ သနပ်ခါးနံ့သာတွေပျက် ချွေးတွေ ထွက်ကျ မျက်နှာကြီးက အဆီပြန် နံစော်တဲ့ အနံ့တွေနဲ့ အသုဘသဘောတွေ ပေါလောပေါ်လာတာပဲ မကောင်းပါဘူး ဘုရား။
ဆရာ။ ။ အဲဒီအသုဘသဘောတွေကို ကြိုတင်သတိရ အောက်မေ့နေရင် မှန်ကန်စွာ အောက်မေ့ သတိရမှု သမ္မာသတိမဂ္ဂင် မှတ်ရှုဆင်ခြင် ပွားများနေတာပဲ၊ ဒကာကြီးတို့ အရူးမထတော့ဘူး၊ အဲဒီ ကာယာနုပဿနာ သတိပဋ္ဌာန်ခေါ်တဲ့ ကိုယ်ကာယအစု ရူပက္ခန္ဓာပေါ် လာရင် ဝေဒနာခေါ်တဲ့ ပရမတ် သဘောတရားက ခံစားနေတာ၊ ငါမပါ၊ ငါမရှိ၊ ငါခံစားနေတာ မဟုတ်ဟု ရှုမှတ်မှု ဝေဒနာနုပဿနာသတိ ရှိနေရမယ်တဲ့။
သည်ကြားထဲက လောဘစိတ် ဒေါသစိတ် စသည်တွေဖြစ်ပေါ်လာရင်လည်း လောဘစိတ်တွေဖြစ်ပေါ်နေတယ်၊ ဒေါသစိတ်တွေဖြစ်ပေါ်နေတယ်ဟု ဖြစ်ပေါ်ဖြစ်ပေါ်သွားတဲ့ ရှေ့စိတ်တွေကို အသစ် အသစ်ဖြစ်ပေါ်လာတဲ့ နောက်စိတ်ကလေးတွေနဲ့ လိုက်မှတ်ရှုပွားမှု စိတ္တာနုပဿနာသတိ ရှိနေရခြင်းတို့ဟာ သမ္မာသတိမဂ္ဂင် ပွားများရှုမှတ်နည်း လုပ်ငန်းတွေပဲ ဒကာကြီးတို့ရ။
မှတ်ချက်။ ။ ယင်းတို့ကိုလည်း (၁) လောကီသမထ ဈာန်လမ်း သမ္မာသတိမဂ္ဂင်၊ (၂) လောကုတ္တရာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်လမ်း သမ္မာသတိမဂ္ဂင်ဟု နှစ်မျိုးမှတ်ပါတဲ့။

၈။ သမ္မာသမ္မာဓိ မဂ္ဂင်= မှန်ကန်သော စိတ်ထားတည်တံ့၊ တည်ငြိမ်နေမှု။
သည် ၈ နံပါတ် သမ္မာသမာဓိမဂ္ဂင်၏ စိတ်ထားတည်တံ့မှု သမာဓိမျိုးကွဲတွေ များစွာရှိ တယ်၊ ဒါပေမယ့် ဒကာကြီးတို့ လွယ်လွယ်နဲ့ သိမှတ်ထားဖို့အတွက် လိုရင်းချက် နှစ်မျိုးရှိတယ်လို့ပဲ သိမှတ်ထားပေတော့။
(က) ကမ္မဋ္ဌာန်းလေးဆယ်အနက်က ဈာန်ရနိုင်တဲ့ ကိုယ်နဲ့လျော်ရာ၊ ကိုယ်ကြိုက်တဲ့ ကမ္မဋ္ဌာန်းတစ်ပါးပါးထဲမှာ စိတ်ထားတည်တံ့ငြိမ်ဝပ်နေတဲ့ သမထ ဘာဝနာ အပ္ပနာဈာန်သမာဓိ က တစ်မျိုး။
(ခ) ရုပ်နာမ်ဓမ္မတို့ရဲ့ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်းအခိုက်၌ လိုက်လိုက်သိမှတ်နေတဲ့ ၀ိပဿနာဘာဝနာ ခဏိက သမာဓိက တစ်မျိုး။
အဲဒီနှစ်မျိုးကိုပဲ အကျဉ်းမှတ်ထားလိုက်၊ အကျယ်မျိုးပြားတွေ မှတ်သားထုတ်ယူချင်ရင် ဆရာတော်ရေးပြုတဲ့ သုတေသန သရုပ်ပြ အဘိဓါန် ကျမ်း၊ စာမျက်နှာ ၆၀၆ မှာ ရှာကြည့်ပေ တော့။

ဈာန်ဆိုတာဟာ ဘာလဲ
ဒကာ။ ။ အဲဒီသမာဓိနှစ်မျိုးထဲက လောကီ သမထ ဈာန်လမ်းအရ ဈာန်ဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်နဲ့ ဈာန်စိတ်မျိုး ဖြစ်ပေါ်ပုံ ဈာန်ခေါ်ဆိုပုံတို့ကို သိချင်ပါတယ် ဆရာတော်။
ဈာန်ရတယ်၊ ဈာန်ပျံတယ်၊ ဈာန်ဝင်စားတယ် ဆိုတာကိုလည်း ဒကာကြီးတို့နားလည်အောင် မိန့်ကြားသင်ပြပါဦး ဆရာတော်။
ဆရာ။ ။ အင်း… ဈာန ဆိုတဲ့ ပါဠိကို ဈာန် လို့ခေါ်ဆိုနေကြတယ်၊ ယင်းရဲ့အနက် အဓိပ္ပါယ်ကိုတော့ (ကုသိုလ်တရားစုကို မဖြစ်နိုင်အောင် တားမြစ်ပိတ်ဆီးတတ်တဲ့) ကာမစ္ဆန္ဒနီဝရဏ - ကာမဂုဏ်စတဲ့ အယုတ်တရားစုတို့ကို ဖုတ်ကြည်းလောင်ကျွမ်းစေတတ်သော သဘောတရားစုကို ဈာန် ခေါ်တယ်လို့ သိပေတော့၊ နီဝရဏတရား ၆ ပါးကို အကျယ် သိချင်ရင် ဆရာတော်ရေးပြုတဲ့ သရုပ်ပြ အဘိဓါန်ကျမ်း ၃၂၇ နီ အက္ခရာပိုင်းမှာ ရှာကြည့်ပေတော့။
အဲဒီဈာန်သမာဓိ အမျိုးအစားယူပုံက ငါးပါးက တစ်မျိုး၊ လေးပါးက တစ်မျိုး၊ ရေတွက်ယူပုံနည်း နှစ်မျိုးလာတယ်၊ ကျမ်းစာများမှာတော့ စတုက္ကနည်း၊ ပဉ္စကနည်းလို့ ခေါ်ဆိုရေးသား ကြတယ်။
ဈာန်စိတ်ဆိုတာက မဟဂ္ဂုတ်ကုသိုလ်စိတ်ကို ခေါ်တာပဲ၊ အဲဒီစိတ်ဖြစ်ပေါ်ပုံက သူမှတ် သားပွားများနေတဲ့ သမထကမ္မဋ္ဌာန်းအာရုံ တစ်ပါးတည်း တစ်ခုတည်းမှာသာ သူရဲ့စိတ်ဟာ စွဲမြဲစူးစိုက်တည်တံ့ ငြိမ်ဝပ်စွာ ဖြစ်ပေါ်နေတယ်၊ တစ်ခြားအာရုံဆိုလို့ ဘာမှပေါ်မလာတော့ဘူး၊ အဲဒါကိုပဲ ဈာန်ရတယ်၊ ဈာန်ဝင်စားနေတယ်၊ ဈာန်စိတ်ဖြစ်ပေါ်နေတယ်လို့ ခေါ်တယ်၊ ၀င်စားပုံ နည်းက ၄ မျိုးရှိတယ်၊ ကဲ… နားထောင်မှတ်သားပေတော့။

ဈာန်ဝင်စားပုံ နည်းမျိုး လေးပါး
၁။ ပထမဈာန်။ ။ ကမ္မဋ္ဌာန်းလေးဆယ်ထဲက ဈာန်ရနိုင်တဲ့သူနဲ့လျော်ရာ သူကြိုက်ရာ ကမ္မဋ္ဌာန်းတစ်ပါးပါးကို စွဲယူမှတ်သားပွားများနေတဲ့ ယောကီဟာ သူ မှတ်သားပွားများနေတဲ့ တစ်ခုတည်းသော ကမ္မဋ္ဌာန်းအာရုံထဲမှာသာ (၁) ကြံစည်ခြင်း ၀ိတက်၊ (၂) စဉ်းစားဆင်ခြင်ခြင်း ၀ိစာရ၊ (၃) နှစ်သက်ကျေနပ်ခြင်း ပီတိ၊ (၄) ငြိမ်းအေးချမ်းသာနေခြင်း သုခ၊ (၅) စိတ်ထားတည်တံ့စူးစိုက်ငြိမ်ဝပ်နေခြင်း ဧကဂ္ဂတာ၊ အဲသည် အင်္ဂါငါးပါးနဲ့ ပြည့်စုံစွာ ပထမဈာန်သမာဓိကို ရယူ ခံစားနေတယ်၊ အဲဒါကိုပင် ပထမဈာန်ဝင်စားနေတယ်လို့ မှတ်ပါ။
၂။ ဒုတိယဈာန်။ ။ ထို့အတူ ယင်း ပထမဈာန်ကိုပင် အဖန်ဖန် အထပ်ထပ် ၀င်စားနေခြင်းအားဖြင့် ဉာဏ်ပညာထူးခြားထက်မြက်သော သူမြတ်သည် ၀ိတက်နဲ့ ၀ိစာရ ကွယ်ပျောက်ကာ (၁) နှစ်သက်ကျေနပ်ခြင်း ပီတိ၊ (၂) ငြိမ်းအေးချမ်းသာနေခြင်း သုခ၊ (၃) စိတ်ထား တည်တံ့စူးစိုက်ငြိမ်ဝပ်နေခြင်း ဧကဂ္ဂတာ၊ သည်အင်္ဂါ ၃ ပါးနှင့် ပြည့်စုံစွာ ဒုတိယဈာန် သမာဓိကို ရယူခံစံ ၀င်စားနေတယ်လို့ မှတ်ပါ။
၃။ တတိယဈာန်။ ။ ယင်း ဒုတိယဈာန်ကိုပင် အဖန်ဖန် အထပ်ထပ် ၀င်စားနေပြန် သောအခါ ဈာန်အင်္ဂါ ၅ ပါးထဲက တတိယဈာန်အင်္ဂါ ပီတိကွယ်ပျောက်၍ (၁) ငြိမ်းအေးချမ်းသာနေခြင်း သုခ၊ (၂) စိတ်ထား တည်တံ့စူးစိုက်ငြိမ်ဝပ်နေခြင်း ဧကဂ္ဂတာ၊ သည် အင်္ဂါ ၂ ပါးနဲ့ ပြည့်စုံစွာ တတိယဈာန်သမာဓိကို ရယူခံစံ ၀င်စားနေသည်လို့ မှတ်ပါ။
၎။ စတုတ္ထဈာန်။ ။ ထိုနည်းတူ ယင်းတတိယဈာန်ကိုပင် အကြိမ်များစွာ ၀င်စား ပြန်သောအခါ
(၁) ငြိမ်းအေးချမ်းသာမှု သုခကိုလုံ့လမပြု မရုမစိုက်တော့ဘဲ လျစ်လျူရှုထားနိုင်ခြင်း ဥပက္ခာ၊ (၂) စိတ်ထား
တည်တံ့စူးစိုက်ငြိမ်ဝပ်နေခြင်း ဧကဂ္ဂတာ၊ ဤအင်္ဂါနှစ်ပါးနှင့်ပြည့်စုံသော စတုတ္ထဈာန်သမာဓိကို ရကာ အထွတ်အထိပ်ဆုံးဖြစ်သော စတုတ္ထဈာန်ကို ၀င်စားနေ တယ်လို့မှတ်ပါ။

သင်္ချိုင်းကုန်း သွားမဆုံးလမ်း
အဲသည် ၄ မျိုးတွင် တစ်မျိုးမျိုးထဲ၌ စိတ်ထားတည်တံ့ စူးစိုက်စိမ်နှစ်ပြီး ထားနိုင်ခြင်းကို ပင် ဈာန်စိတ်ခေါ်တဲ့ မဟဂ္ဂုတ် ကုသိုလ်စိတ်တွေဖြစ်ကာ ဈာန်ရတယ်၊ ဈာန်ဝင်စားတယ်၊ ဈာန်ရပုဂ္ဂိုလ် (ပါဠိလို ဈာနလာဘီ) ခေါ်တယ်။
ဒကာ။ ။ သည်ဈာန်တွေရတော့ သိဒ္ဓိရှင်ကြီးဖြစ်သွားရောလား ဆရာတော်။
ဆရာ။ ။ အင်း….. ယင်း ၄ မျိုးက စတုတ္ထဈာန်ဖြင့် စိတ်ထားတည်တံ့ ငြိမ်ဝပ်နေမှုကိုပင် မှန်ကန်သောစိတ်ထား တည်တံ့တည်ငြိမ်ခြင်း သမ္မာသမာဓိ မဂ္ဂင်မျိုးထဲက (က) အမျိုးအစား သမထ ဘာဝနာ အပ္ပနာဈာန် သမာဓိ အဘိညာဏ် အလုပ်ဖြင့် လူ့ဘ၀လောကမှာ ကျော်စောထင်ရှားတဲ့ မိုးပျံမြေလျှိုး တန်ခိုးသိဒ္ဓိရှင်ကြီးဖြစ်ကာ သေပြီးတဲ့နောက် ဗြဟ္မာ့ဘုံဘ၀ရောက်ပြီး လောကီဈာန်ချမ်းသာတွေကို ၀၀လင်လင်ကြီး ခံစားလျက် သင်္ချိုင်းကုန်းဖက်ကို ချည်း သွားသွားနေတဲ့ သင်္ချိုင်းကုန်းသွားမဆုံးလမ်းလို့ မှတ်ပါ။
ထပ်ပြောပြဦးမည်၊ အပြည့်အစုံပြောပြခဲ့တဲ့ သမထ ဘာဝနာဈာန်သမာဓိကို ဂိုဏ်း သက်သက်လုပ်ငန်းဟာ ဒုက္ခဆင်းရဲမကင်းတဲ့ သေမင်းကိုရှာရှာပြီး သင်္ချိုင်းကုန်းကို အပို့ခိုင်းနေတာချည်း ဖြစ်တယ်လို့မှတ်ပါ၊ တစ်နည်းအားဖြင့် အိုခြင်း၊ နာခြင်း၊ သေခြင်းကို ရှာနေတဲ့နည်း လို့သာ မှတ်ရမည်တဲ့။
ကိုင်း..သမ္မာသမာဓိမဂ္ဂင် (က) အမျိုးအစား သမထ ဘာဝနာသမာဓိဖြစ်တဲ့ ဈာန်အဘိညာဏ်ရဲ့ လုပ်ငန်းသဘော ဒကာကြီးတို့ရဲ့ညာဏ်မှာ ပေါလောပေါ်လောက်ပါပြီ တော်ကြစို့၊ (ဈာနလာဘီ) ဈာန်ရမိုးပျံ မြေလျှိုးတန်ခိုးသိဒ္ဓိရှင်ကြီး ဖြစ်ချင်ရင် ယခုပြဆိုပြီးခဲ့တဲ့ နည်းအတိုင်း သာ ၆ နံပါတ် သမ္မာဝါယာမမဂ္ဂင်မှာ ပြခဲ့တဲ့ ၀ီရိယအင်္ဂါ ၄ ပါးနဲ့အညီ သမထဘာဝနာတရားကို ကြိုးစားအားထုတ်ပေတော့၊ နောက် ဘာမေးချင်သေးလဲ။

ကမ္မဋ္ဌာန်းလေးဆယ် ဆိုတာ
ဒကာ။ ။ ဈာန်ရအောင် ပွားများရှုမှတ်ရမည့် သမထ ဘာဝနာကမ္မဋ္ဌာန်း လေးဆယ်ဆိုတာကို စုံအောင်မသိသေးလို့ အကျဉ်းကလေးလောက် မိန့်ကြားပါဦး ဆရာတော်။
ဆရာ။ ။ ကမ္မဋ္ဌာန်း လေးဆယ်ဆိုတာက (၁) ကသိုဏ်းမျိုးဆယ်ပါး၊ (၂) အသုဘမျိုး ဆယ်ပါး၊ (၃) အနုဿတိမျိုး ဆယ်ပါး၊ (၄) ဗြဟ္မ၀ိဟာရမျိုးလေးပါး၊ (၅) အာဟာရေ ပဋိကူလ သညာ တစ်ပါး၊ (၆) စတုဓါတု ၀၀တ္ထာန်တစ်ပါး၊ (၇) အာရုပ္ပလေးပါး၊ ပေါင်း….အမျိုးအစား ၇ ပါးရှိတယ်၊ အရေအတွက်လေးဆယ်ရှိတယ်၊ အဲဒီလေးဆယ်ထဲက ဈာန်ရနိုင်တဲ့ ကိုယ်နဲ့လျော်၊ ကြိုက်ရာတစ်ပါးပါးကို ရှုမှတ်ပွားများနေပေါ့။
ပုံပမာ….. ကသိုဏ်းဆယ်ပါးထဲက ပထ၀ီ- မြေကသိုဏ်း၊ အာပေါ- ရေကသိုဏ်း စသည်ပဲဖြစ်ဖြစ်၊ အရိုးစုအပုပ်ကောင်စတဲ့ အသုဘ ဆယ်ပါးထဲက တစ်ပါးပါးဖြစ်ဖြစ်၊ အာနာပါနဿတိခေါ်တဲ့ ထွက်လေ၀င်လေပဲဖြစ်ဖြစ် ကိုယ်နဲ့လျော်မည်ထင်ရာ တစ်ပါးပါးကို ထုတ်ယူပြီး မနေမနား အဲဒီအမှတ်အာရုံ စိတ်တစ်ခုတည်း တစ်ပါးတည်း ဖြစ်ပေါ်လာအောင် အားထုတ်ယူရမှာဖြစ်တယ်၊ ဒကာကြီးတို့ သိဒ္ဓိရှင်ကြီးတွေ ဖြစ်ချင်ရင် အားထုတ်ကြပေါ့၊ လွယ် တဲ့အလုပ်တော့ မဟုတ်ဘူး။

ကမ္မဋ္ဌာန်းတရားတိုင်း ဈာန်မရနိုင်ဘူးလား
ဒကာ။ ။ ကမ္မဋ္ဌာန်းတရားကို အဟုတ်တကယ် ကြိုးစားအားထုတ်ရင် ဈာန်ရတာပဲ မဟုတ်လားဆရာတော်၊ ဈာန်မရနိုင်တဲ့ ကမ္မဋ္ဌာန်းတရားများ ရှိသေးလို့လားဘုရား၊ ရှင်းပြပါဦး။
ဆရာ။ ။ အင်း….ရှိတာပေါ့၊ ကမ္မဋ္ဌာန်းလေးဆယ်ထဲမှာ တချို့ကမ္မဋ္ဌာန်းမဂ္ဂက ဈာန်မရ နိုင်ဘူး။
ဒကာ။ ။ တိုတိုကလေးနဲ့ နားလည်အောင် ရှင်းပြပေးပါဦး ဆရာတော်၊ ဘယ်ကမ္မဋ္ဌာန်း တွေပါလဲ၊ ဈာန်မရနိုင်တာက။
ဆရာ။ ။ အင်း.. ကမ္မဋ္ဌာန်းလေးဆယ်ထဲမှာ ဟောဒီကမ္မဋ္ဌာန်းတရားဆယ်ပါးဟာ ဈာန် မရနိုင်ဘူးတဲ့။
၁။ ဗုဒ္ဓါနုဿတိ
၂။ ဓမ္မာနုဿတိ
၃။ သံဃာနုဿတိ
၎။ သီလာနုဿတိ
၅။ စာဂါနုဿတိ
၆။ ဒေ၀တာနုဿတိ
၇။ ဥပသမာနုဿတိ
၈။ မရဏာနုဿတိ
၉။ အာဟာရေ ပဋိကူလသညာ
၁၀။ စတုဓါတု ၀၀တ္ထာန်
အဲဒီ ကမ္မဋ္ဌာန်း ဆယ်ပါးကို ဆက်လက်အားထုတ်ပွားများနေတဲ့ ယောဂီဟာ ဈာန်မရ နိုင်ဘူးတဲ့၊ မဂ်၊ ဖိုလ်တော့ နီးစပ်တယ်။
ဈာန်ရနိုင်တဲ့ ကမ္မဋ္ဌာန်းကတော့ ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ ကာယဂတာသတိတစ်းပါး၊ အာနာပါနဿတိတစ်ပါး၊ ဗြဟ္မ၀ိဟာရလေးပါး၊ အာရုပ္ပလေးပါး၊ အဲဒီကမ္မဋ္ဌာန်းသုံးဆယ်ဟာတော့ ဈာန်ကိုရနိုင်တဲ့ ကမ္မဋ္ဌာန်းတွေပဲတဲ့၊ လွယ်လွယ်နဲ့ သိချင်ရင် သဂြုင်္ိဟ်ကျမ်းမှာ ရှာကြည့်ပြီး အားထုတ်ပေတော့။
မြတ်စွာဘုရားသခင်က ဖြစ်တယ်လို့ဟောကြားရင် မုချဖြစ်ရမယ်၊ မဖြစ်မရှိဘူး၊ လွယ်တာနဲ့ ခက်တာ ဒါပဲခြားနားတယ်၊ ယုံကြည်စွာနဲ့ ကြိုးစားအားထုတ်ကြပေါ့။
ဒကာ။ ။ မှန်ပါ့ ဒီလို ခွဲခြားစိတ်ဖြာပြီး သေချာစွာ သိရလို့ ၀မ်းသာလှပါတယ် ဆရာတော်။
အဲဒီကမ္မဋ္ဌာန်းလေးဆယ်ထဲက တစ်ပါးပါး ပွားများရင် ဈာန်ရပြီး တန်ခိုးသိဒ္ဓိရှင်ကြီး အဖြစ် ရောက်ကာ ကိုယ်လိုရာ စီမံဖန်ဆင်းပေးနိုင်ပုံကလေးတွေကိုလည်း သဲကွဲအောင် ရှင်းပြပါဦး ဆရာတော်၊ ဒကာကြီးတို့ကတော့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းထဲက အရဟံဂုဏ်တော်ကိုပဲ စွဲကြိုက်နေတာပဲ ဆရာတော်။
ဆရာ။ ။ တော်တော်ရှာရှည် အမေးအမြန်းထူတဲ့ ပုတီးဂိုဏ်းသမားကြီးတွေပဲကိုး၊ ခုနပြည့်စုံစွာ ပြောပြသွားတဲ့ ဈာန်ရနိုင်သော သမာဓိတရားတစ်ပါးပါးကို မရမနေ အသေအလဲ ကြိုးစားပွားများ ရင် ကိုယ်လိုချင်တဲ့တန်ခိုး သိဒ္ဓိရှင်ကြီးဖြစ်နိုင်တယ်၊ လွယ်တဲ့အလုပ်တော့မဟုတ်ဘူး၊ တစ်ခု တည်းသောကမ္မဋ္ဌာန်း အာရုံထဲမှာ စိတ်တည်မြဲနေရမှာမို့ စိတ်နိုင်ရင် မြေလျှိုးမိုးပျံ ကိုယ်ထင်ရာ စီမံဖန်ဆင်းနိုင်တယ်၊ ဈာန်စိတ်ကိုသာ ရအောင်လုပ်ပါ။
ဒကာ။ ။ မှန်ပါ့ အဲဒီဈာန်ရတန်ခိုး သိဒ္ဓိရှင်ကြီးဖြစ်ဖို့အလုပ်က ခက်ခဲတယ်၊ မလွယ်ဘူး ဆိုလို့လည်း မိမိရဲ့ အသိညာဏ်ထဲ စွဲမြဲထက်မြက်ကာ လုပ်ခွင်၌ ကျွမ်းကျင်လိမ္မာလာအောင် ဆက်ဆက်ပြီး အမေးအမြန်း ထူနေရတာပါ ဆရာတော်၊ စိတ်ရှည်ရှည်ထားပြီး ဖြေကြားပါဘုရား၊ သိဒ္ဓိရှင်နဲ့ စပ်လို့ လျှောက်ထားရဦးမယ်။

ပုဂံပြည် ရွှေမိုးငွေမိုးရွာခြင်း
ပုဂံပြည်မှာ သိဒ္ဓိရှင်ထွက်ရပ်ပေါက် ဆရာကြီးတွေက စောင့်ရှောက် မ,စ ရွှေမိုးငွေမိုး တွေ ရွာချပေးလို့ ဆင်းရဲသူ မုဆိုးမ ကလေးကအစ၊ ဘုရားတန်ဆောင်း ကျောင်းကန်စေတီ တွေမှိုလိုပေါက်အောင် တည်ဆောက်ပြီး ဟီးဟီးတောက် သာသနာပြုသွားကြတာတွေ ယနေ့အထိ ရှိနေကြပါသေးတယ်။
ဒကာကြီးတို့လည်း သိဒ္ဓိရှင် ထွက်ရပ်ပေါက်ဆိုသူ ရဟန်း၊ ရှင်လူ ဘိုးတော်၊ မယ်တော်၊ ရသေ့မှအစ ဂိုဏ်းဆရာမျိုးစုံ လိုက်ရှာမေးမြန်းပြီး သူတို့ရဲ့ ပညာရည်ကို စုံစမ်းကာ တပည့်ခံ ကိုးကွယ်ပေါင်း များလှပြီ၊ တွေ့ရတဲ့သိဒ္ဓိရှင်ပေါက်ဆရာတိုင်း သူတို့တန်ခိုးနဲ့ မြေလျှိုးမိုးပျံတာ လည်းမတွေ့ရ၊ ရွှေမိုးငွေမိုး ရွာချကာလည်း မပေးကြဘဲ သူများဆီမှာရှိတဲ့ ရွှေငွေကလေးတွေ ကိုသာ ရသမျှအလှူခံယူပြီး (သူတို့လည်းစား၊ လူတကာအထင်ကြီးပြီး ကြည်ညိုလေးစား လူများများလာအောင် ဘုရားစေတီတွေ တည်၊ တန်ဆောင်း ကျောင်းဆောင်ကြီးတွေလည်း ဆောက်ပေး) တချို့ဆရာကြီးတွေကလည်း လိမ်ညာပြီး ရသမျှရွှေငွေတွေယူ ထွက်ပြေးနဲ့ ပြုလုပ်နေကြတာသာ တွေ့ရလို့ သူတို့ရဲ့ တပည့်ခံယူချင်စိတ်တွေလည်း မရှိတော့ပါဘူးဆရာတော်။


ကိုယ်တိုင် မထမံ သိဒ္ဓိရှင်ကြီး ဖြစ်အောင်လုပ်နည်း
ဒါကြောင့် ကိုယ်တိုင် တရားသောစစ်မှန်တဲ့ ပထမံ သိဒ္ဓိရှင်ပေါက်ဆရာကြီးပြုလုပ်ပြီးတော့ လူများစွာတို့ကို ရွှေတွေ ငွေတွေ ဖွေးဖွေးလှုပ် ထုတ်ထုတ်ပေးကာ သာသနာတော် ပြုချင်လွန်းလို့ သိဒ္ဓိပေါက် တန်ခိုးရှင်အဖြစ်ရောက်ကာ လိုရာရာကို ဖန်ဆင်း မစ ပေးနိုင်တဲ့ နိဿယည်း နည်းလမ်းမှန်များကို ညွှန်ကြားပြသပေးပါရန် ထပ်မံ လျှောက်ထားနေတာပါ ဆရာတော်၊ စကားတန်ရှည်တဲ့ ဒကာကြီးမဟုတ်ပါဘူး၊ တရားသံမြည်တဲ့ ဒကာကြီးလို့ မှတ်ပါ ဆရာတော်။
ဆရာ။ ။ အင်းလေ…ဒကာကြီးတို့ရဲ့ လိုလားတောင့်တချက် ဆန္ဒကိုသိပါပြီ၊ ဒကာကြီး တို့နဲ့ ဆွေးနွေးမေးမြန်းလာရင်းနဲ့ မူလာအစက သမ္မာဒိဋ္ဌိအဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ် သိဖို့ အရေး မေးဖြေခန်း တစ်ခုတည်းသာဖြစ်တာ၊ ယင်းကနေပြီး သမ္မာဒိဋ္ဌိမျိုးကွဲ အများအပြား မှတ်သားစရာ အနှစ်သာရတွေရော ကျင့်စဉ်လုပ်ရပ်တွေပါ မျိုးစုံကုန်စင်အောင် မေးယူမှတ်သားပြီး တဲ့နောက် ဆက်ပြီးတော့ စကားတန်ရှည်ကာ……

ဒီလိုလုပ်ကြစို့ ဒကာကြီးတို့
မဂ္ဂင်ရှစ်ပါးနဲ့ နိဗ္ဗာန်သွားလမ်းကို တစ်ဆင့်တက် မေးပြန်လို့ နိဗ္ဗာန်လမ်းကျင့်စဉ် မဂ္ဂင် ရှစ်ပါးနဲ့ အနက်အဓိပ္ပါယ် မျိုးကွဲအပြား ခြားနားပုံတွေကိုပါ စုံလင်စွာထုတ်ဆို ဖြေကြားလာ လိုက်တာ ခုနောက်ဆုံး ရှစ်နံပါတ် သမ္မာသမာဓိမဂ္ဂင် ၏ ဈာနသမာဓိ၊ ၀ိပဿနာ သမာဓိမျိုး နှစ်ပါး ခြားနားကွဲပြားပုံ ပြောကြားဖြေဆိုနေတဲ့ အထဲကကြားဖြတ်ကာ တိုးတိုးပြီး အမျိုးမျိုးသော လောကီရတနာတို့ကို စီမံဖန်ဆင်း ပေးခြင်းနဲ့ မြေလျှိုးမိုးပျံ ပထမံသိဒ္ဓိရှင်ကြီး ဖြစ်ချင်လာ ပြန်တော့ကာ ဒီလိုလုပ်ကြစို့ဒကာကြီးတို့ရာ။
ဒကာ။ ။ မှန်ပါ့ ဘယ်လိုများ လုပ်ချင်လို့လဲ မိန့်ကြားပါဆရာတော်


သာသနာ့ဘက်လိုလို ဟိုဘက်လိုလိုနဲ့
ဆရာ။ ။ စကားကြော ရှည်လျားလာတော့ အပြောအဆိုတွေ မှားမှားပြီး အငြင်းပွား တတ်တယ်၊ တကယ်အမှန်ပြောပြန်တော့လည်း မှန်တာပြောမခံနိုင်လို့ မုန်းတီးခြင်းခံခဲ့ရတယ်၊ မကောင်းဘူးဒကာကြီးတို့ရဲ့။
ကိုယ့်စိတ်ရှိဆန္ဒကို တိုတိုနဲ့ ဖွင့်ချလိုက်ရင် အရှင်းရလွယ်တယ်၊ ခုတော့ကာ ပုဂံရာဇ ၀င်ရောက်လိုရောက်၊ ထွက်ရပ်ပေါက် ပထမံဆရာတွေ ပါလိုပါ၊ မှော်ဆရာတွေထည့်လိုထည့်၊ ဒကာကြီးတို့ဝါဒက သာသနာဘက်လိုလို ဟိုဘက်လိုလိုနဲ့ စကားကြောရှည် ရှုပ်ထွေးကုန်ပြီ၊ ဘယ်ဟာကိုမေးလို့ ဘာဖြေရမှန်းတောင်မသိတော့ဘူး၊ ဒါကြောင့် သာသနာတော်ဝင် မဂ္ဂင်ရှစ်ခန်း သမထ ဈာန်လမ်းကို ဒီတွင်ပဲ စခန်းသိမ်းကြစို့။


ဘယ်ဆရာများကိုမှ ထိပါးပုတ်ခတ်တာမဟုတ်ပါ
ဒကာ။ ။ ဟာ….သည်လိုမလုပ်ပါနဲ့ ဟိုဘက်က မဟုတ်ပါဘူး ဆရာတော်၊ လောကမှာ သဟာမျိုးတွေရှိနေတာ ဘယ်သူမှ မငြင်းမပယ်နိုင်ပါဘူး၊ အရှိကိုအရှိအတိုင်းလျှောက်တင်ပြ တာပါ၊ ဒကာကြီးကိုယ်တိုင် ဘေးတီး(ဒလံ)တို့က အပြောအဆွယ်သရုပ်ပြကောင်းတာနဲ့ ပါသွားပြီး အထက်ဆရာကြီးတို့ရဲ့ မ စမှုကို ရနိုးနိုးယုံကြည်ကာ ကိုယ့်ဆီကသာ ထုတ်ကာ ထုတ်ကာနဲ့ လိမ်ညာခံထိဘူးတဲ့ အကြောင်းအမှန်အရှိတို့ကို ဆရာတော်သိရအောင် ထုတ်ဆောင်ပြခြင်းမျှသာပါ ဆရာတော်၊ ဘယ်အဖွဲ ဘယ်ဂိုဏ်းဆရာကိုမှ ထိပါးပုတ်ခတ်တာ မဟုတ်ပါဘူး။

မြေလျှိုး မိုးပျံ သိဒ္ဓိရှင်ကြီး လုပ်နည်း
ဒါကြောင့် အလွန်တန်ဖိုးရှိတဲ့ သာသနာတော်ဝင် မဂ္ဂင်ရှစ်ပါးမှာလာတဲ့ သမ္မာသမာဓိနဲ့ ပဉ္စမဈာန်တန်ခိုးနဲ့ မြေလျှိုးမိုးပျံ လိုရာရာပြီးနိုင်တဲ့ နည်းလမ်းများများကို ဒကာကြီးတို့နားလည် နိုင်ရုံ အတိုဆုံးအကျဉ်းဆုံးသဘောမျှသာ ပြောပြပါဆရာတော်၊ ဒကာကြီးဉာဏ်နားနဲ့ မိအောင် ထောင်ဖမ်းပြီး နောင်လာနောင်သားတို့အတွက် မှတ်တမ်းတင်ထားပါမည်၊ ဒကာကြီးက သာသနာတော်ဘက်သက်သက်ပါ ယောဆရာ မဟုတ်ပါဘူး ဆရာတော်။
ဆရာ။ ။ ကိုင်း… ယောဆရာ မဟုတ်ရင် ပြောတာကိုလုပ်ရအောင် ဟောကာထုတ် လိုက်မည် နားစိုက်ကာ ထောင်ပါ၊ ဈာန်ခန်းတုန်းက ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်လို့ လေးမျိုးအပြား ခွဲခြားပြောခဲ့ပြီးပြီ၊ သိတယ် မဟုတ်လား။
ဒကာ။ ။ မှန်ပါ့၊ ဈာန်မျိုးလေးမျိုးတွင်မက ယင်းလေးပါးတို့တွင် တစ်ပါးတစ်ပါး၌ ယင်း ဈာန်ရဲ့ အင်္ဂါ ငါးပါး၊ သုံးပါး၊ နှစ်ပါး၊ နှစ်ပါးတို့ကိုပါ ခြားနားစွာ မှတ်သားခဲ့ပါတယ် ဆရာတော်။
ဆရာ။ ။ အဲဒီ ဈာန်လေးပါးထဲက ချမ်းသာသုခကို လျစ်လျူရှုနိုင်ခြင်း ဥပက္ခာနဲ့ စိတ်ထား စူးစိုက်စိမ်နှစ် တည်ငြိမ်ခြင်း ဧကဂ္ဂတာ၊ အင်္ဂါနှစ်ပါးရှိ စတုတ္ထဈာန်သမာဓိကို ရရှိထားတဲ့ ယောဂီဟာ ယင်းစတုတ္ထဈာန်ကိုပင်၊ သို့မဟုတ် ပဉ္စမဈာန်ကိုပင် အကြိမ်ကြိမ် အဖန်ဖန် အခါခါ အထပ်ထပ် သုံးသပ်ဝင်စား နေထိုင်သောအခါ အလွန့်အလွန် ကြည်လင်သန့်ရှင်းစင်ကြယ်၍ လာတဲ့သူရဲ့စိတ်ကို မြင်တွေ့ သိရှိ၍လာတော့တာပဲ တဲ့။


ပုဗ္ဗေ နိဝါသ အဘိညာဉ်
ဘယ်လောက်များ သန့်ကြည်စင်ကြယ်နေသလဲဆိုရင် အဲဒီအခိုက်မှာ ယောဂီသူမြတ် ရဲ့ စိတ်ထဲက ရှေးရှေးဘ၀များစွာ၌ နေခဲ့ဖူးသော သူရဲ့ဖြစ်စဉ် ဘ၀ အထူးထူးတို့ကို သိလိုစိတ် ပေါ်ကာ အာရုံပြုညွတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူရှေးရှေးက ဖြစ်ခဲ့နေခဲ့ဖူးတဲ့ ဘ၀အထူးထူး အဆက်ဆက်များစွာတို့ကို တစ်ခါတည်းထင်မြင်ကာ သိလာတော့တာပဲ၊ အဲသည်လို စတုတ္ထ ဈာန် သမာဓိစိတ် ဉာဏ်ရဲ့ တန်ခိုးနဲ့ ထင်မြင်သိလာတာကိုပင် (ပုဗ္ဗေ နိဝါသာနုဿတိ အဘိညာဉ်ပိုင်) ရှေးဘ၀တွေကို သိမြင်အောက်မေ့နိုင်တဲ့ တန်ခိုး သိဒ္ဓိရှင်ကြီးလို့ ခေါ်ရမှတ်ရ တယ်။

ဈာန် အဘိညာဉ် ပုဒ်ခွဲခန်း
ဒကာ။ ။ ဈာန်၊ အဘိညာဉ် ဆိုတာကို ဒကာကြီးတို့ နားလည်အောင် ခွဲပြပေးပါဦး ဆရာတော်။
ဆရာ။ ။ အင်း…. ဈာန၊ အဘိ၊ ဉာဏ ဆိုတဲ့ ပါဠိပုဒ်ကိုပင် ဈာန် အဘိညာဉ်လို့ ခေါ်နေ ကြာတာ ဈာန ကတစ်ပုဒ်၊ အဘိ က တစ်ပုဒ်၊ ဉာဏ က တစ်ပုဒ် ပေါင်း သုံးပုဒ်ရှိတယ်။
၁။ ဈာန = ကမ္မဋ္ဌာန်း အာရုံတစ်ခုတည်း၌ စူးစိုက် စိမ်နှစ်နေသောစိတ်။
၂။ အဘိ = လွန်လွန် ကျူးကျူး ထူးထူး ထွေထွေ။
၃။ ဉာဏ = သိရှိတွေ့မြင်နိုင်သော စွမ်းအင် သတ္တိ။
အဲဒီ အသိဉာဏ်ထူးရရှိထားသူဟာ ဈာန်အဘိညာဉ်ရသူ တန်ခိုးသိဒ္ဓိရှင်ကြီး ဖြစ်နေ တော့တာပဲ၊ အဘိညာဉ်က ခြောက်မျိုးရှိတယ်၊ သိချင်ရင် ဆရာတော်ရေးသားထားတဲ့ သုတေသန သရုပ်ပြအဘိဓါန် ကျမ်းကြီးမှာ ရှာကြည့်ပေတော့၊ ကဲ…. ဘယ်နှယ့်လဲ၊ ဒကာကြီး တို့ဉာဏ်ထဲ ဈာန်၊ အဘိညာဉ်ပုဒ်ခွဲအဓိပ္ပါယ်ရှင်းလင်းရဲ့ မိရဲ့လား။
ဒကာ။ ။ တပည့်တော် ဉာဏ်ထဲ ရှင်းလိုက် လင်းလိုက်တာ ဆရာတော်၊ အော်… ဈာန်၊ အဘိညာဉ် ၀င်စားတယ်ဆိုတာ သဟာမျိုးကို ခေါ်တာကိုး၊ အနို့ ဒိဗ္ဗ စက္ခု ဆရာကြီးတွေဆို တာကကော ဒီသဘောပဲလား ဆရာတော်။


ဒိဗ္ဗစက္ခု အဘိညာဉ် ၀င်စားပုံ
ဆရာ။ ။ အင်း… အဲဒီ စတုတ္ထဈာန်ရ ပုဂ္ဂိုလ်က ပုဗ္ဗေနိဝါသအဘိညာဉ်က ဆက်ပြီး မိမိ ရရှိခံစားနေထိုင်ခဲ့ဖူးသော ဘ၀ထိုထိုတို့၏ ဆင်းရဲချမ်းသာ အယုတ်အမြတ် အနိမ့်အမြင့် ပုံ သဏ္ဌာန် အဆင်းအရောင် အမျိုးမျိုး အထွေထွေတို့ကိုရော ယင်းဖြစ်ရမှုအပေါ်၌ အကြောင်းတရားနှင့် အကျိုးတရားများကိုပါ ခွဲခြမ်းမြင်သိချင်တဲ့ အလိုစိတ်ဓါတ် ညွတ်လိုက်တာနဲ့ တစ်ပြိုင် နက် ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ပေါ်လာတာပဲ။
အဲဒီဉာဏ်ဖြင့် ၎င်းဒိဗ္ဗစက္ခု အဘိညာဉ်စိတ် ပိုင်ရှင်ဟာ အဝေးအနီး အကြီးအသေး အဆင်းအရောင် ပုံသဏ္ဌာန် အထူးထူး အမျိုးမျိုးတို့ကို သူသိချင်သလို ကြည့်ကြည့်ပြီး တွေ့မြင်ရ သိရတော့တာပဲ၊ အဲဒါဟာ အကျိုးခံစားခွင့်တွေပေါ့။
ဒကာ။ ။ အော်… အဘိညာဉ်ကုသိုလ်စိတ်ရဲ့ တန်ခိုးအကျိုးခံစားခွင့်ပေးပုံက တယ်လဲ ထူးခြားဆန်ကြယ် အံ့သြဖွယ်ကောင်းပါကလား ဘုရား၊ ကမ္မ၀ိပါကော အစိန္တိယော ဘုရားဟော ဒေသနာမှန်ပါဘိ ဆရာတော်။
ဆရာ။ ။ ဟာ - ဒကာကြီးတို့နှယ် အဲဒီ ဒိဗ္ဗစက္ခုအဘိညာဉ်စိတ်က ပုံအသွင် အဆင်းအရောင် အကြီးအသေး အမျိုးအပြား အစားစားတို့ကို သိမြင်ရုံတင်မကသေးဘူး၊ သူဖြစ်လာခဲ့ရတဲ့ ဘ၀အထူးထူးက ပြုလုပ် ခဲ့ဖူးတဲ့ ကောင်းလုပ်ဆိုးလုပ် ရုပ်ဝတ္ထုဒြပ်အထူးထူးတွေကိုပါ သိမြင်နိုင်သေးတယ် ဒကာကြီးတို့ရ။
အဲဒီ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ပြုလုပ်ခဲ့ဖူးတဲ့ ကောင်းလုပ် မကောင်းလုပ်(ကုသိုလ်ကံ၊ အကုသိုလ်ကံ) ဆိုတဲ့ အကြောင်း အလုပ်ကံအထူးထူးတို့ကြောင့် ကောင်းမြတ်ချမ်းသာသော ဘ၀နဲ့ ယုတ်နိမ့်ဆင်းရဲသော ဘ၀အကျိုးပေး အထူးထူးတွေ ဖြစ်ပေါ်ရရှိလာတာကိုလည်း သိမြင်လာသေးတယ်။
ဒကာ။ ။ ဟာ. ဒိဗ္ဗစက္ခု တစ်ခုတည်းနဲ့ တယ်လည်း ခရီးရောက်ပါကလား ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။


လောကထဲမှာ ကိုယ်ဖြစ်ချင်ရာ ဖြစ်ရစတမ်းပဲ
ဆရာ။ ။ အင်း….ယင်းကုသိုလ်၊ အကုသိုလ် ကောင်းလုပ် မကောင်းလုပ် ကံအထူးထူး အလိုက် ဘုံဘ၀အထူးထူး ဇာတ်အမျိုးအနွယ် အထူးထူး စည်းစိမ်ဥစ္စာ အထူးထူး ဗိမာန်အဆောက်အအုံအထူးထူး အဆင်းပုံသွင် အထူးထူးတို့ကို သေချာစွာ သိမြင် ဆင်ခြင်လေ့လာ သုံးသပ်ခြင်းအားဖြင့် သူ့ဉာဏ်ထဲမှာ လောကကြီးတစ်ခုလုံးဟာ ကိုယ့်စေတနာကံ အလုပ်အတိုင်း ကိုယ်ဖြစ်ချင်ရာ ဖြစ်ရစတမ်းပဲ ဟူသော သင်္ခါရနဲ့ ကမ္မဘ၀ခေါ်တဲ့ လောကီကုသိုလ် အကုသိုလ်ကံစေတနာတို့ ခြယ်လှယ်ပြုပြင်စီမံပေးမှုရဲ့ သဘောဓမ္မတာ ဖြစ်စဉ်တို့ကို ပေါလောပေါ်အောင် သိမြင်လာတော့တယ်တဲ့၊ ကဲ…ဒကာကြီးတို့ရဲ့ ဉာဏ်ထဲ မိစွဲ ထိရောက် ရဲ့လား။
ဒကာ။ ။ မှန်ပါ့ ဆရာတော် မိန့်ကြားချက်တွေဟာ ဒကာကြီးတို့ ထောင်ထားတဲ့ဉာဏ် နားရွက်ထဲ ကွက်ခနဲ ကွက်ခနဲ မိလိုက် ထိလိုက် သိလိုက်တာ ဆရာတော်၊ ဒိဗ္ဗစက္ခုတန်ခိုးရှင် ရဲ့ သိဒ္ဓိစွမ်းအင် ဉာဏ်အမြင်တွေဟာ ကြီးကျယ်မြင့်မားလှပါကလား ဆရာတော်၊ တခြား အဘိညာဉ်တွေများ ရှိသေးသလား၊ မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ အင်း…မှန်တယ်၊ ဒိဗ္ဗစက္ခုရဲ့ စွမ်းအင်က နောက်နောက်က ပြုပြင်စီမံပေးတဲ့ ကိုယ်ရဲ့ အလုပ်အကိုင် ကံကိုထိအောင် သိမြင်ဆင်ခြင် သုံးသပ်နိုင်တယ်၊ ဒါကြောင့် ဘုရားလောင်းဟာ ဒုတိယယံမှာ ဒိဗ္ဗစက္ခုဉာဏ်က ဆက်ပြီး အာသ၀က္ခယဉာဏ် တက်သွားတာပေါ့။

ဒိဗ္ဗသောတ အဘိညာဉ်ခန်း
ယင်းမှကျန်တဲ့ ဒိဗ္ဗသောတ အဘိညာဉ်ကလည်း ဘယ်လောက်ပဲဝေးတဲ့ အသံဖြစ်ပ လေစေ၊ ဘယ်လောက်ပဲ တိုးတဲ့ သေးတဲ့ အသံကလေးဖြစ်ပလေစေ၊ သူရဲ့ စတုတ္ထဈာန် သမာဓိ တန်ခိုးနဲ့ ကြားလိုစိတ် ညွတ်လိုက်တာနဲ့ နတ်များရဲ့နားကဲ့သို့ သူကြားလိုတဲ့ အသံတွေကို ကြားနိုင်စွမ်းတော့တာပဲ။

ဣဒ္ဓိဝိဓ အဘိညာဉ် သိဒ္ဓိရှင်လုပ်ငန်း
အခုပြောပြပေးမှာက ဒကာကြီးတို့ လိုချင်တောင့်တနေတဲ့ ဆန္ဒမျိုး မြေလျှိုး မိုးပျံ ထူးထွေ အံ့ဆန်း လိုချင်သလို ပြဋ္ဌာန်း စီမံဖန်ဆင်းပေးနိုင်တဲ့ သိဒ္ဓိရှင်ကြီးဆိုတဲ့ ဣဒ္ဓိဝိဓ အဘိညာဉ်မျိုးဖြစ်တယ်၊။ သူကလည်း မိုးပေါ်ပျံချင်ရင် မိုးကောင်းကင်ကို မြေပြင်ဖြစ် အောင် ပထ၀ီ ကသိုဏ်းဝင်စားဖန်ဆင်းပြီး နင်းတက်သွားကာ သူ့ကိုယ်ကို ၀ါယောကသိုဏ်း လေမုန်တိုင်းနဲ့ ဖန်ဆင်းတိုက်ခတ် လွင့်ပျံသွားတာပဲ၊ မြေလျှိုးချင်တော့လည်း မြေပြင်ကို ဟင်းလင်းဖြစ်အောင် ပြုပြီး အာကာသကသိုဏ်းနဲ့ ခုန်ဆင်းသွားတော့တာပဲ၊ သူလိုသလို စီမံဖန်ဆင်းနိုင်တဲ့ တန်ခိုးသိဒ္ဓိရှင်ကြီး ဖြစ်နေတော့တာပဲ။
လောကမှာ အလွန်အမင်း ကြည်လင်သန့်ရှင်းမြင့်မြတ်တည်တံ့တဲ့ စိတ်စွမ်းအင်သတ္တိ ဟာ ပြောပြလို့ မယုံနိုင်အောင် တန်ခိုးဣဒ္ဓိရှိတယ်နော်၊ ဒကာကြီးတို့ မယုံမရှိနဲ့၊ စိတ္တေန နိယတေ လောကော လို့ ဘုရားဟောထားတာ ရှိတယ်။
ဒကာ။ ။ မှန်ပါ့ ဒကာကြီးဖြင့် နားထောင်လို့ မငြီးနိုင်အောင် စိတ်ဝင်စားလွန်းလို့ ဆက်လက် မိန့်ကြားပါဦး ဆရာတော်။

ပရစိတ္တ ၀ိဇာနန ဉာဏ်စခန်း
ဆရာ။ ။ ပရစိတ္တ ၀ိဇာနန အဘိညာဉ်ဆိုတာကလည်း သူတစ်ပါး၏ စိတ်အစဉ်ကို လိုက်၍ သိနိုင်တဲ့ တန်ခိုးသတ္တိထူးတစ်မျိုးကို အဲဒီစတုတ္ထဈာန် သမာဓိဉာဏ်နဲ့ပဲ ပြီးစေနိုင်တယ်၊ ယင်းကို စေတောပရိယ ၀ိဇာနနဉာဏ် လို့လည်း တချို့နေရာမှာ ခေါ်ဆိုကြ သေးတယ်။


လောကီဈာန် အဘိညာဉ် ၀ိဇ္ဇာ ၅ ပါး
၁။ ပုဗ္ဗေနိဝါသဉာဏ် = ရှေးဘ၀အစဉ်ကို အောက်မေ့သိမြင်နိုင်သောဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အထူးမြင်သိသောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် = နတ်တို့နားကဲ့သို့ အထူးကြားတတ်သော ဉာဏ်။
၎။ ဣဒ္ဓိဝိဓဉာဏ် = တန်ခိုးသိဒ္ဓိအထူးထူးကို ပြစွမ်းဖန်ဆင်းနိုင်သောဉာဏ်။
၅။ ပရိစိတ္တ ၀ိဇာနန ဉာဏ် = သူတစ်ပါး၏ စိတ်အစဉ်ဖြစ်နေပုံကိုလိုက်၍ သိနိုင်သော ဉာဏ်။
အဲဒီ ငါးပါးကို လောကီဈာန် အဘိညာဉ်မျိုးလို့လည်းခေါ်တယ်၊ ဘုရားမရှိမပွင့်တဲ့ သာသနာပ အခါမျိုးမှာလည်း သမထဘာဝနာ သမာဓိတရားအားထုတ်ပြီး ရယူနိုင်တာပဲ၊ ဒကာကြီး တို့မှာ ရယူနိုင်တဲ့ ဥပနိဿယဉာဏ်ခံ ပါရမီရှိရင် ခုဘ၀မှာရနိုင်တယ်၊ အားထုတ်ကြိုးစားပွားများပေတော့၊ အဟုတ်ကြိုးစားအားထုတ်ရင် ရနိုင်ပါတယ်၊ ခုဘ၀မရရင် နောက်ဘ၀အတွက်ပါ ပါရမီရင့်တာပေါ့။
ကဲ…သိဒ္ဓိရှင် ၀ိဇ္ဇာလုပ်ချင်တဲ့ ဒကာကြီးတို့ဟာ အဲဒီဉာဏ်မျိုးတွေရမှ ၀ိဇ္ဇာဓိုရ်အစစ် ဖြစ်မှာ၊ အဲဒီ ၀ိဇ္ဇာဓိုရ်ထွက်ရပ်ပေါက် ဆရာကြီးမျိုးကမှ သေရင်ဗြဟ္မာ့ပြည် လားမှာ၊ ဒါပေမယ့် အဲဒီ ဗြဟ္မာကြီးရဲ့ နောက်ဆုံးသွားလမ်းက သင်္ချိုင်းကုန်းသွားလမ်းပဲ ဖြစ်တယ်၊ အကောင်းများ ထင်မနေနဲ့နော်။
ဒကာ။ ။ အော်…ဒီလို ဈာန်ပျံသူမျိုးကို ၀ိဇ္ဇာဓိုရ်လို့လည်း ခေါ်ရသေးသလား ဆရာတော်၊ ဈာန်ရပုဂ္ဂိုလ်နဲ့ ၀ိဇ္ဇာဓိုရ် ဘယ်လိုထူးပါသလဲ၊ ဗုဒ္ဓဘုရားဟောရှိပါသလား မိန့်ကြားပါဦး ဆရာတော်။


ဝိဇ္ဇာတုနဲ့ ၀ိဇ္ဇာစစ်ခွဲခန်း
ဆရာ။ ။ အင်း…ရှင်းပြမည် နားထောင် မှတ်သားပေတော့၊ မြတ်စွာဘုရားသခင်ရဲ့ ဂုဏ်တော်ကိုးပါးထဲမှာ (၀ိဇ္ဇာစရဏ သမ္ပန္န) ဂုဏ်တော်တစ်ပါးပါတယ်၊ ယင်းဂုဏ်တော်ထဲမှာ ၀ိဇ္ဇာတရားမျိုးက ရှစ်ပါးပြားထွက်လာတယ်၊ အဲဒီဝိဇ္ဇာရှစ်မျိုးထဲမှ…..
၁။ အာသ၀က္ခယဉာဏ် = အာသဝေါတရားများကုန်ခန်းတဲ့ ဉာဏ်ဝိဇ္ဇာ တစ်ပါး။
၂။ မနောမယိဒ္ဓိဉာဏ် = မိမိကိုယ်ကို ပုံအမျိုးမျိုး ဖန်ဆင်းနိုင်တဲ့ ဉာဏ်ဝိဇ္ဇာ တစ်ပါး။
၃။ ၀ိပဿနာဉာဏ် = ၀ိပဿနာဉာဏ်ဆယ်ပါး တရားတော် ထင်မြင်သူ ၀ိဇ္ဇာတစ်ပါး။
အဲဒီ ၀ိဇ္ဇာဉာဏ် ၃ ပါးကို နုတ်ပယ်ပြီး၊ ခုပြဆိုခဲ့တဲ့ လောကီဈာန် အဘိညာဉ် ၀ိဇ္ဇာ ၅ ပါး ရှိထားသူကို လောကီဝိဇ္ဇာဓိုရ်ကြီးတွေလို့ ပါဠိတော်မှာ လာတယ်။
အဲဒါကြောင့် ဈာန်အဘိညာဉ်ရသူမှ ၀ိဇ္ဇာအစစ်ဖြစ်ကာ၊ ကျန်တာတွေမှန်သမျှ ၀ိဇ္ဇာအတုတွေချည်းပဲ၊ ကဲ… ၀ိဇ္ဇာစစ်နဲ့ ၀ိဇ္ဇာတုကွဲပြီလား၊ ဒကာကြီးတို့ဆုတောင်းတဲ့ အဆုံးနားမှာ ဈာန်တရား မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရ ရပါလို၏ လို့ ဆုတောင်းတယ် မဟုတ်လား၊ ဈာန်လည်း အမြတ်တရား တစ်ပါးပဲနော်၊ ဒါကြောင့် သမထဈာန် အစစ်ရဖို့ဟာလည်း အလွန်ပဲခက်ခဲတယ် မလွယ်ကူဘူးလို့ အစကပြောခဲ့တာပေါ့။
ဒကာ။ ။ ဒီလိုဆိုတော့ အခုခေါ်ခေါ်နေကြတဲ့ ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ် ပထမံ အောင် သိဒ္ဓိ မနောမယိဒ္ဓိဆရာကြီးတွေဟာ ၀ိဇ္ဇာအစစ် ဘယ်ဖြစ်တော့မှာလဲ ဆရာတော်၊ သူတို့ရဲ့ ရုပ် ပုံတွေရေးဆွဲထုလုပ်ကိုးကွယ် ပူဇော်နေလို့ကော ဘာအကျိုးရှိမှာမို့လဲ မိန့်ကြားပါဦး ဘုရား။


ပါရမီရှင် ၀ိဇ္ဇာဓိုရ် အစစ်များ
ဆရာ။ ။ အင်း… တော်တော့၊ စကားကြောရှည်မလာနဲ့၊ ဒီကပြောနေတာက သီလမဂ္ဂင် သမာဓိမဂ္ဂင် ပညာမဂ္ဂင်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးကို အကျယ်ပွားကာ သမ္မာသမာဓိ မဂ္ဂင် တရားထဲက ပေါ်ထွက်လာတဲ့ ဈာန်အဘိညာဉ်ရ ၀ိဇ္ဇာဓိုရ်မျိုးကိုသာ ပြောပြနေတာ၊ ခုလို သာသနာတော် တွင်းမှာ ဈာန်ရသူတို့ကိုသာ အဟုတ်ကိုးကွယ်ဆည်းကပ် ပူဇော်စရာ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ နီးကပ် နေတဲ့ ၀ိဇ္ဇာဓိုရ်အစစ်တွေ ဖြစ်တယ် ဒကာကြီးတို့ရ။ မဂ်ဖိုလ်နိဗ္ဗာန်ကို လုပ်တတ်ယူတတ်ရင် သာသနာတော်အတွင်းက ၀ိဇ္ဇာတွေဟာ အလွယ်ကလေးနဲ့ လောကဒုက္ခထဲက ထွက်နိုင်တဲ့ ဉာဏ်ကြီးရှင် ထွက်ရပ်ပေါက်လောကရဲ့ ဟိုဘက်ကမ်းကို ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပါရမီရှင် ၀ိဇ္ဇာဓိုရ်အစစ်ကြီးတွေပေါ့။

ရှေ့ နောက် မညီသော စကား
ဒကာ။ ။ ဆရာတော် စောစောက ဈာန်မျိုးအပြား ၄ ပါးဝင်စားပုံနည်းများကို ပြောကြားသွားတဲ့ သိဒ္ဓိတန်ခိုးရှင် အခန်းမှာတုန်းကတော့ ခုပြောခဲ့တဲ့ သမထဘာဝနာ သမာဓိဂိုဏ်း သက်သက် သိဒ္ဓိရှင် ၀ိဇ္ဇာလုပ်ငန်းဟာ ဒုက္ခဆင်းရဲ မကင်းတဲ့သေမင်းကို လိုက်ရှာပြီး သင်္ချိုင်းကုန်း အပို့ခိုင်း နေတာချည်းဖြစ်တယ်လို့ မှတ်ရမည်ဟု မိန့်ကြားလျက် မှတ်ချက်ချခဲ့ပြီးမှ ခုတော့ တစ်ဖန် မဂ် ဖိုလ် နိဗ္ဗာန်နဲ့နီးကပ်နေတဲ့ ကိုးကွယ်ဆည်းကပ်စရာ ပါရမီရှင် ၀ိဇ္ဇာဓိုရ်ကြီးတွေပေါ့ လို့ ပြောလာ ပြန်တယ်၊ ရှေ့နောက်မညီတဲ့ သည်ပြဿနာနှစ်ရပ် ဘယ်ဟာကို အမှန်ယူရ မှတ်ရမှာလဲ ဘုရား၊ မိန့်ကြားရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ အင်း….အရှင်းကြီးပဲဟာ ဟိုတုန်းက ဆိုထားတာက (သမထဘာဝနာ သမာဓိ သက်သက်ဟာ ဆင်းရဲမကင်းတဲ့ သေမင်းကိုရှာပြီး သင်္ချိုင်းကုန်းကို အပို့ခိုင်းနေတယ်ချည်း ဖြစ်တယ်လို့ ဆိုခဲ့တယ်လေ) သာသနာပ ကာလ သမထဘာဝနာ ၀ိဇ္ဇာ ဂိုဏ်းသမားများနဲ့ သာသနာတွင်းကာလ လောကီဝိဇ္ဇာလိုင်းသက်သက်ကို အချောင်လိုက်နေတဲ့ သမထဂိုဏ်းသား သိဒ္ဓိရှင် ဘုန်းတန်ခိုးကြီးချင်၊ နာမည်ကျော်ကြားချင်တဲ့ ၀ိဇ္ဇာဓိုရ်များကို ပြောတာ ဒကာကြီးတို့ရ။

သင်္ချိုင်းကုန်းက ၀ိဇ္ဇာများ
ဆိုလိုရင်းမှတ်ချက်က ၀ိပဿနာဉာဏ်မပါ မဖက်တဲ့ သမထဘာဝနာ သက်သက်နဲ့ ရာထူးတက်အောင်၊ ဈေးရောင်းကောင်းအောင်၊ ချမ်းသာတိုးပွား ရွှေငွေတွေများလာအောင်၊ အမှုနိုင်အောင်လုပ်ပေးနိုင်တဲ့ ၀ိဇ္ဇာဂိုဏ်းသား သိဒ္ဓိရှင်များ အတွက်ကတော့ သင်္ချိုင်းကုန်းသွား လမ်းထွင်တဲ့ ၀ိဇ္ဇာတို့ရဲ့ ပြင်ဆင်ချက်လုပ်ငန်း ဉာဏ် သက်သက်တွေသာ ဖြစ်တယ်လို့မှတ်ပါ တဲ့၊ ကဲ…. ကွဲပြားလာပြီလား ဒကာကြီးတို့၊ သင်္ချိုင်းကုန်းဝင်ဖို့ အပေါက်ရှာတဲ့ ထွက်ရပ်ပေါက် ဆရာ ၀ိဇ္ဇာကြီး လုပ်ချင်သေးသလား။
ဒကာ။ ။ သည်ဈာန်ကုသိုလ် သမထလမ်းသက်သက် လုပ်ငန်းက ဆင်းရဲဒုက္ခသမား များရဲ့ သင်္ချိုင်းဘက်သွားတဲ့ ထွက်ရပ်လမ်းကြောင်းကြီးဆိုတော့ ကြောက်လွန်းလို့ပါ ဘုရား၊ သွားခဲ့ သေခဲ့တဲ့ဘ၀တွေလည်း မရေမတွက်နိုင်တော့ပါဘူး ဆရာတော်


သေတာလောက် ကြောက်စရာမဟုတ်
ဆရာ။ ။ အင်း…. သေတာလေးသာ ထည့်ပြောနေတယ်၊ စိုးရိမ်ရ ပူဆွေးရ ငိုကြွေးရ အိုရ နာရ ငတ်ရ ပြတ်ရ ကွဲရ ပြဲရ စားသောက်နေထိုင်ရေးရှာရ ဖွေရလို့ ဆင်းရဲဘေးမျိုးစုံ ဘ၀တွေတော့ ထည့်မပြော မတွေးတော မစဉ်းစား မပူပန်ဘူး၊ သေရတဲ့ စုတိစိတ်ကလေးက ဘယ်လောက်ကြာလို့လဲ တစ်ခဏလေးရယ်၊ မသေခင် အသက်ရှင်နေတုန်း ရှာဖွေလုပ်ကိုင် ပြုပြင်ပေးရ ခံစားနေရတဲ့ ဒုက္ခဝေဒနာ ဘေးရန်တွေက သာလို့ဆိုးတာ ဒကာကြီးတို့ရ။
အဲသည်မကောင်းဆိုးဝါး ခံစားနေရလို့ အပျက်အနိစ္စ၊ ဘ၀တွေဟာ ရေတွက်ပြလို့ တောင် မဆုံးနိုင်ဘူးပဲ၊ အဲဒါတွေကို ကြပ်ကြပ်တွေးပြီး ကြောက်မှပေါ့။


အနိစ္စကို နိစ္စဖြစ်အောင် လုပ်နည်းရှိသလော
ဒကာ။ ။ မှန်ပါတယ် ဆရာတော်၊ အနိစ္စကို နိစ္စဖြစ်အောင် ခိုင်မြဲနေအောင်ကို ဘယ်လို လုပ်ပြုပြင်လို့မှ မရနိုင်ဘဲ ထပ်တလဲလဲစီမံပြုပြင်လုပ်ကိုင်နေရလို့ သင်္ခါရ ဒုက္ခတွေကတော့ နေ့ရှိသမျှ အချိန်ရှိသမျှ တွေ့ကြုံခံစားနေရလို့ ဒုက္ခဆင်းရဲလို့တောင် မထင်၊ မမှတ်နိုင်တော့ဘူး၊ ရိုးနေပါပြီ ဆရာတော်၊ အဲဒါလောက် ဒကာကြီးတို့ဘ၀ဟာ မိုက်မဲမှောင်ကျ နေပါတယ်၊ အသိခေါက်ခက် အ၀င်နက်တွေပါဘုရား၊ ဒါကြောင့် သမထ ဘာဝနာ ၀ိဇ္ဇာရဲ့ ထွက်ရပ်လမ်းကို စုံစမ်းမေးမြန်းနေတာပါ။

သမထဘာဝနာ၏ လမ်းနှစ်သွယ်
ဆရာ။ ။ အင်း.. သမထ ဘာဝနာ လောကီဈာန် လမ်းကလည်း သင်္ချိုင်းကုန်းဘက် တွက်ရပ်လမ်းက တစ်ပေါက်၊ မဂ်ဖိုလ်နိဗ္ဗာန်ဘက်တက်တဲ့ လမ်းကတစ်သွယ်၊ နှစ်လမ်းနှစ်သွယ်ရှိတယ် ဒကာကြီးတို့ရ၊ သွားတတ်ရင် သင်္ချိုင်းကုန်းမှလွဲတဲ့ နိဗ္ဗာန်လမ်းထဲကိုလည်း ရောက်နိုင်ပါတယ်၊ လွယ်လွယ်ကလေးပါ။

သင်္ချိုင်းကုန်းက ထွက်ပေါက်လမ်းမ
ဒကာ။ ။ သည်လိုဆို သူတို့ရထားတဲ့ လောကီဈာန် သမာဓိ အဘိညာဉ်တန်ခိုးနဲ့ သင်္ချိုင်းကုန်းလောကထဲက ထွက်မြောက်လွတ်ကင်းသွားကြပုံ ကလေးများကိုလည်း ဒကာကြီး တို့အား သနားသဖြင့် နည်းနည်းပါးပါး ရိပ်စားမိရုံမျှ ညွှန်ပြ သင်ကြားပေးပါလား ဆရာတော်။

အချိန်၏ တန်ဖိုးကို လေးစားပါ
ဆရာ။ ။ အင်း… ဒကာကြီးတို့နဲ့ပြောရတာ အစွန်းအဆက်ကလေး ထွက်လာတိုင်း မေး နေတော့တာ အဖြေပေးလို့လက်စပဲ မဆုံးနိုင်တော့ဘူး။
တန်ဖိုးရှိတဲ့စကားကို တန်ဖိုးရှိရှိထားတဲ့ ဉာဏ်နားနဲ့ ထောင်ယူဖမ်းဆီးတတ်ရင် ကောင်းတယ် ဒကာကြီးတို့၊ ပြီးရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ ပြောဆိုနေကြတာကတော့ အလကားပဲ၊ သူများရဲ့တန်ဖိုးရှိတဲ့ အချိန်ကာလကို လာရောက်ဖျက်ဆီးရာ ကျတယ်နော်။
ဒကာ။ ။ ဒကာကြီးတို့ကို တပည့်ဒကာအရင်းသားလို သနားသော သဘောထားဖြင့် ညွှန်ကြားပြသ ဆုံးမပေးဖို့ ရိုသေစွာ တောင်းပန်လျှောက်ထားပါတယ် ဆရာတော်၊ ဒီလိုအတိုင်းမသိ တန်ဖိုးရှိတဲ့ တရားစစ်မှန် ဓမ္မခန် ထွက်ရပ်လမ်းတွေကို ရိုသေလေးစား တန်ဖိုးထားပြီး နာယူမှတ်သားနေတာပါ၊ ဆရာတော်၏ တန်ဖိုးရှိလှတဲ့ အချိန်ကာလတွေကိုလည်း ဒကာ ကြီးတို့က သိထားကြပါတယ်ဘုရား။

ဒိဗ္ဗစက္ခုဖြင့် နိဗ္ဗာန်လမ်းစမြင်ပုံ
ဆရာ။ ။ ကိုင်း… သည်လိုဆိုရင်လည်း ကောင်းပါတယ်၊ လိုလိုလားလားနဲ့သာ မှတ်သားပေတော့၊ စာမျက်နှာ ၆၃ ၌ စောစောက ပြောပြခဲ့ပြီးတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ် ဈာန်သမာဓိကဏ္ဍကို ပြန်ကြည့်ပြီး သတိရလိုက်ပါနော်။ လောကကြီးတစ်ခုလုံးဟာ ကိုယ့်စေတနာကံအလိုက် ကိုယ်ဖြစ်ချင်တာဖြစ်ရစတမ်းပဲ ဟူသော သင်္ခါရနဲ့ ကမ္မဘ၀ခေါ်တဲ့ လောကီကုသိုလ် အကုသိုလ် စေတနာကံတို့ ခြယ်လှယ်ပြုပြင် စီမံပေးမှုတို့ရဲ့ သဘောဓမ္မတာဖြစ်စဉ်ကို ပေါလော ပေါ်လာအောင် သိမြင်လာတော့တယ် ဆိုတဲ့စာပိုဒ်ဝါကျတိုကလေးကို ပြောနေတာ နော်၊ အဲသည်ဒိဗ္ဗစက္ခုဉာဏ်နဲ့ပဲ ဒုက္ခမှလွတ်ရာ လောက၏ထွက်ပေါက်ကိုရှာပြီး ထွက်သွားပုံ ကို နည်းယူစရာ တိုတိုတုပ်တုပ်နဲ့ ခပ်ကျဉ်းကျဉ်း လိုရင်းကျကျ အနှစ်သာရတွေချည်း ဆောင်ကြဉ်းထုတ်ယူကာ အလင်းဉာဏ်ရအောင် ဗုဒ္ဓဘာသာဝင် အစစ်တို့အတွက်ရော၊ ဒကာကြီးတို့ အတွက်ပါ ညွှန်ပြသင်ကြားပေးသွားမည်။
ဒိဗ္ဗစက္ခု အဘိညာဉ်အခန်းမှာ ပြောပြခဲ့တဲ့အတိုင်း အဲဒီဒိဗ္ဗစက္ခုဉာဏ်ရ လောကီသိဒ္ဓိရှင် ယောဂီဟာ သူဖြစ်ရှိခံစားခဲ့ရတဲ့ ဘုံဘ၀ရဲ့စည်းစိမ်ဥစ္စာ အထူးထူး အဆင်း၊ အသွင်၊ ပုံသဏ္ဌာန်၊ ထီး၊ မ၊ နပုံး၊ ဇာတ်မျိုးနွယ်အထူးထူး၊ သုံးဆောင်မှီဝဲ ၀တ်ဆင်နေထိုင်ခဲ့ရတဲ့ အစာ အဟာရ၊ အ၀တ်တန်ဆာ၊ အိုးအိမ်တိုက်တာ၊ ဘုံဗိမာန်၊ တော၊ တောင်၊ မြစ်၊ ချောင်း၊ ပင်လယ် သမုဒ္ဒရာ၊ လိုဏ်ဂူ၊ တွင်းကျင်း၊ ချောက်ကြား စတဲ့ ၀တ္ထုပစ္စည်း အထူးထူးတို့ကို သေချာပြတ် သားစွာ သိမြင်တွေ့ရှိလာတယ်။
ထိုအခါ ယင်းဒိဗ္ဗစက္ခုအဘိညာဉ်ရှင်က အင်း…. အခုတွေ့မြင်သိရှိခဲ့ရတဲ့ ကောင်းမြတ် ထည်ဝါ သာယာစရာတွေနဲ့ မကောင်းဆိုးဝါး ကြောက်လန့်ဖွယ်များ အားလုံးသောမြင်ကွင်း တွေဟာ ဘာ့ကြောင့်ဘယ်သူ့ကြောင့် ဖြစ်ရတာလဲလို့ တစ်ဖန်ဆက်လက် ဆင်ခြင်စိတ်ညွတ် လိုက်သောအခါ……
ကမ္ဘာလောကကြီးတစ်ခုလုံးဟာ ကိုယ်ဖြစ်ချင်ရာ ဖြစ်ရစတမ်းပဲ ဟူသော ကမ္မနိယာမ အကြောင်းကံ ဓမ္မတာဖြစ်စဉ်ကို ဖြတ်ဆိုမှန်ကန်စွာ သိမြင်လိုက်ရတယ်၊ ခု… ပြောနေတာတွေ ကို ဒကာကြီးတို့ စိတ်ထဲဝင်စား ကျေနပ်ယုံကြည်မှုများ ရှိရဲ့လား။
ဒကာ။ ။ ဆရာတော် ပြောရက်လေခြင်း ဘုရား၊ စိတ်၀၀်စားယုံကြည်ကျေနပ်နှစ်သက်တဲ့ ဟိုမှာဘက်ကိုတောင် ရောက်နေပါတယ်၊ ဆက်လက်မိန့်ကြားပါ ဆရာတော်၊ ကံအ ကြောင်းကို သိပါပြီ။
ဆရာ။ ။ အင်း… လောကကြီးတစ်ခုလုံးဟာ အကြောင်းကံဟူသော စေတနာစိတ်၏ ကြိမ်ဖန်များစွာ စေ့ဆော်တိုက်တွန်းကြိုးစားအားထုတ်မှုပင်ဖြစ်၍ ယင်းစေတနာကံ၊ စွမ်းအင်အလိုက် ကောင်းခြင်းနှင့် မကောင်းခြင်းတွေ ထိုက်သလိုဖြစ်ပွားကာ ခံစားနေကြရတာတွေပဲ… ဟု လောကဖြစ်ရပုံ၏ မူလအကြောင်းကံကို ကောင်းမွန်စွာ သိမြင်လာတယ်၊ တန်ခိုးရှင် နတ်၊ ၀ိဇ္ဇာ တို့က ဖန်ဆင်းပေးလို့ ရတယ်ဆိုတဲ့ အယူအမှားတွေကို တော်လှန်ပစ်လိုက်ပြီ။
မှတ်ချက်။ ။ ဗုဒ္ဓအလောင်းတော်မြတ် သဗ္ဗညုတဉာဏ် ရယူရေးကျင့်စဉ်၌ ပထမ ပုဗ္ဗေနိဝါသ ဉာဏ်တော်မြတ်ကို ရယူတော်မူသည်၊ ဒုတိယ ဒိဗ္ဗစက္ခုဉာဏ်တော်မြတ်ကို ရတော် မူသည်။ တတိယ သဗ္ဗညုတဉာဏ်တော်နှင့် ထူးမြတ်သော အရဟတ္တမဂ်ဉာဏ်မှ ဖိုလ်ဉာဏ်ကို ကူးလျက် လောကထဲက ထွက်မြောက်သွားပုံကို သိရသောအားဖြင့် ဒိဗ္ဗစက္ခုဉာဏ်ရဲ့ တန်ဖိုး ဂုဏ်ကို အထူးမှတ်ကြရသည်။

ဒိဗ္ဗစက္ခုဉာဏ်မှ သစ္စဉာဏ်သို့
ယင်း… ဒိဗ္ဗစက္ခုဉာဏ်ပိုင်ရှင်သည် ဤမှာတွင် ရပ်မနေဘဲ ရှေ့ဆက်ပြီး ညွတ်ကြည့်ပြန် သောအခါ အင်း.. လောကထဲမှာ ငါတွေ့မြင်သိရှိရတဲ့ အရာဝတ္ထု မြင်ကွင်းအားလုံးဟာ ခိုင်မြဲနေတာ ဘာတစ်ခုမျှမရှိဘဲ ပြောင်းလဲပျက်စီးပြုန်းတီးကုန်ခန်း ကြောက်ခမန်းလိလိ ဆင်းရဲ ဒုက္ခနဲ့ ဘေးကြီးအတိ အပြစ်ရှိတဲ့ အရာတွေချည်းပါတကား ဟု ဒုက္ခသစ္စာအမှန်တရားကို တွေ့ မြင်ရပြန်တယ် ဒကာကြီးတို့ရဲ့။
ကဲ… လောက၏ မခိုင်မြဲခြင်းအနိစ္စနဲ့ ဖြစ်ပြီးပျက်ပျက်သွားလို့ ပြန်လည်ပြင်ဆင် မွမ်းမံ ဖြည့်စွက်ပေးရတဲ့ သင်္ခတဒုက္ခတရားဆိုးတွေကို သူရထားတဲ့ ဒိဗ္ဗစက္ခုဉာဏ်က မှန်ကန်စွာပြလို့ အကြမ်းဖျင်းတွေ့နေရပြီနော်၊ တိုတိုတိတိကလေးနဲ့ မိအောင် ပြောပြနေတာကို သေချာစွာမှတ် ပါ ဒကာကြီးတို့၊ သူရဲ့အသိဉာဏ်ဟာ သစ္စဉာဏ်ပိုင်းထဲကို ၀င်ရောက်နေပြီ၊ ဆင်းရဲတာအမှန် တွေ့နေရပြီ၊ ဒုက္ခ သစ္စာတွေ့ပုံကို ပြောနေတာ။
ဒကာ။ ။ မှန်ပါ့ ထိုသိဒ္ဓိရှင်ရဲ့ ဒိဗ္ဗစက္ခုဉာဏ်အမြင်က အင်မတန်ခရီးရောက်ပြီး တန်ဖိုးရှိလှပါကလား ဆရာတော်၊ အမှန်မြင်တဲ့ သစ္စာရှင်ကြီးဖြစ်နေပါပကောလား ဘုရား။

ခုခေတ် ဒိဗ္ဗစက္ခုဆရာကြီးတွေ
ခု ဒကာကြီးတို့ တွေ့ကြုံနေတဲ့ ဒိဗ္ဗစက္ခု ဆရာကြီးတွေကတော့ နင်တို့ အမေသေပြီးတော့ ဘာမ ကြီးဖြစ်နေတယ်၊ နင့်အဖေကတော့ ဘယ်ဘ၀ရောက်နေတယ်၊ လွတ်မြောက်ချင်ရင် ပွဲကိုးပွဲပြင် ငွေကိုးကျပ်စီထည့် စတဲ့ ကိုယ့်စားပေါက် ကိုယ်ထွင်ထွင်ပြီး …..
ဆရာ။ ။ ကဲ…ကဲ ဒကာကြီးတို့ ဒီတွင်ရပ်တော့၊ စကားမရှည်ပါနဲ့လို့ ပြောထားလျက်သားနဲ့ တိုးတိုးပြီးတက်လာသေးသကိုး၊ ဒီမဂ္ဂင်ရှစ်ပါးနဲ့ သစ္စာလေးပါးတရားမြတ်ကို တက်ယူသွားကြမည့် ဗုဒ္ဓဘာသာဝင်အစစ် အထက်တန်းစား ထွက်ရပ်ပေါက် သိဒ္ဓိရှင်များကို ပြောကြား နေတာ သာဖြစ်တယ်။


သင်္ချိုင်းကုန်း အဖော်ခေါ်သူ သိဒ္ဓိရှင်များ
ဒကာ။ ။ မှန်ပါတယ် ဆရာတော်၊ ဒါကြောင့်မို့ ဒကာကြီးတို့ကလည်း (အော်..အမှန်ကို မြင်တဲ့ ဒိဗ္ဗစက္ခုသစ္စာရှင်ဆရာကြီးတွေ ဖြစ်နေကြပါပကောလို့) အံ့သြကြည်ညိုလာရင်းက သင်္ချိုင်းကုန်းသွားဖို့ အဖော်ခေါ် စည်းရုံးနေတဲ့ သိဒ္ဓိရှင်ကြီးတွေနဲ့ နှိုင်းစားလိုစိတ် ဖြစ်ပေါ်လာလို့ စကားရှည်မိတာပါ ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ အင်း…. ပြောကောင်းတုန်း ဒကာကြီးတို့က ကြားဝင်ညှပ်တော့ စကားလက်စ ပြတ် ပြတ်သွားတယ်၊ ကဲ… နားထောင်မှတ်သားဦး။

ဗုဒ္ဓဘာသာအစစ်တို့၏ မဂ်ပေါက်ဖိုလ်ဝင်ပုံ
အဲဒီလို မြင်ရတွေ့ရတဲ့ ဒိဗ္ဗစက္ခုပိုင်ရှင်က လောကကြီးတစ်ခုလုံးမှာ ဖြစ်ပေါ်ဖြစ်ပေါ်လာ တဲ့ ဆင်းရဲဒုက္ခ ဟူသမျှတွေဟာ ငါကိုယ်တိုင်က (သာယာခင်မင် လိုချင်တပ်မက် နှစ်သက် ဆာလောင် စွဲလမ်းကာ) ဖြစ်ချင် ဖြစ်ချင်နေလို့သာ ဖြစ်ပေါ်ဖြစ်ပေါ်လာရတာတွေပဲ…ဟု အသိအမှန် သမုဒယသစ္စဉာဏ်ပေါ်ကာ လောကသုံးပါးအတွင်း ဖြစ်ဖြစ်သမျှ ဆင်းရဲဒုက္ခ သက်သက်ပဲ…. ဟု တထစ်ချ ပုံသေစွဲယူ ဆုံးဖြတ်ပိုင်းခြား မှတ်သားလိုက်တော့တယ်။
ယင်းအတိုင်း ဒုက္ခသစ္စာတွေအမှန်ပဲ…. ဟု ပိုင်းခြားဆုံးဖြတ်မှုပြုလိုက်သည်နှင့် တစ်ပြိုင်နက် ဖြစ်ပျက်ဆင်းရဲလောက ဘုံဘ၀အပေါ်၌ သာယာခင်မင် လိုချင်တပ်မက် ဆာလောင်မှု တဏှာ သမုဒယသစ္စာအငယ်စားနှင့်အတူ ဘ၀ကို မပြတ်၊ မစဲနိုင်ဘဲ ထပ်တလဲလဲ အစွဲကြီး စွဲလမ်းရယူလိုမှု ဥပါဒါန်ခေါ်တဲ့ သမုဒယသစ္စာ တဏှာ အကြီးစားတို့ပါ ကွယ်ပျောက်ချုပ်ငြိမ်းကာ ချမ်းသာတကာတို့တွင် အတုမရှိ ချမ်းသာပြီး အလွန့်အလွန် ငြိမ်းချမ်းအေးမြတဲ့ သန္တိသုခ အရသာတစ်ခုကို သောတာပတ္တိမဂ်ဖိုလ်တို့က မျက်မှောက်ပြု ခံစားလိုက်လေသတည်း….တဲ့၊ ဒကာကြီးတို့ရဲ့၊ ကဲ… နိဗ္ဗာန်ကို မျက်မှောက်ပြုသိမြင်သွားပြီနော်။
ဒကာ။ ။ မှန်ပါ့၊ တန်ဖိုးရှိတဲ့ မှတ်သားစရာတွေမို့ မချို့တဲ့ရအောင် အမြဲနားစိုက်ထောင် လျက်ပါ ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦးဘုရား။
ဆရာ။ ။ အဲသည်လို ဒုက္ခသစ္စာကို အမြဲပေးနေတဲ့ ဘ၀ရဲ့သာယာမှု သမုဒယသစ္စာ လောဘတဏှာ ကိလေသာတို့ဟာ ဘာကြောင့် ချုပ်ငြိမ်းသွားရသလဲလို့ စိစစ်စဉ်းစား စိတ်ညွတ်သွားနေတဲ့ ဒိဗ္ဗစက္ခု အဘိညာဉ်ပိုင်ရှင်ဟာ မိမိကိုယ်တိုင်ကိုင်ဆွဲ သတ်ဖြတ်ဖျက်ဆီး လာနိုင်ခဲ့တဲ့ မဂ္ဂင်ရှစ်ပါးလက်နက်ကြီးများကြောင့် သာဆိုတာကို သူကိုယ်တိုင်တွေ့မြင်ယုံကြည်ကာ ဗုဒ္ဓသာသနာတော်မြတ်ကို မတုန်မလှုပ်ကြည်ညိုလာပြန်တယ်တဲ့၊ ခု ဘ၀ သောတာပန်ကစပြီး ပရိနိဗ္ဗာန်ဝင်စံသောဘ၀အထိ သရဏဂုံ သုံးပါးကို အမြဲကပ်၍ တစ်ပါးတည်း ဆောင်ယူသွားကာ သြပနေယျိကဂုဏ်နှင့် ပြည့်စုံသွားပြီတဲ့ ဒကာကြီးတို့ရ။

မဂ္ဂသစ္စာ အစစ်အမှန်တရား ဖြစ်ပုံ
ကဲ… ခုပြဆိုဆွေးနွေး သင်ပြပေးသွားတာတွေဟာ သောတာပတ္တိမဂ်ဉာဏ်စတဲ့ မဂ်စိတ်လေးပါး ဖြစ်တိုင်းဖြစ်တိုင်း အတူတူဖြစ်သွားကြတဲ့ မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာ အစစ်အမှန်တရားများပင်ဖြစ်တယ် မှန်တယ်လို့သာ မှတ်ပေတော့ ဒကာကြီးတို့ရေ့၊ ယင်း…မဂ်လေးပါးက လောကုတ္တရာကုသိုလ်စိတ်များဖြစ်တယ်၊ မဂ်စိတ်ဆိုတာ တစ်မဂ်မှာ တစ်ကြိမ် တစ်ချက်သာ ဖြစ်တာ၊ နောက်ထပ်မဖြစ်ကောင်းတော့ဘူး၊ မဂ်စိတ်ပြီးရင် တစ်ဆက်တည်း ဖိုလ်စိတ်ဖြစ်တာ ပဲ။
ဒကာ။ ။ မှန်ပါ့၊ ဒကာကြီးလည်း မင်္ဂလသုတ်ကို ကလေးဘ၀ထဲက သင်ကြားခဲ့ဖူးပါ တယ်။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊
ဧတံ မင်္ဂလ မုတ္တမံ။
နိဗ္ဗာန်မျက်မှောက်ပြုပုံ မင်္ဂလာစကားမျိုးကို သည်လို တိုတိုစိစိကလေးနဲ့ ထိထိမိမိ ရှင်းရှင်းလင်း ထင်းခနဲ ၀င်းခနဲ ပေါ်ပေါ်လာအောင် မဂ်စိတ်လေးပါး၌ဖြစ်သော မဂ္ဂင်ရှစ်ပါး မဂ္ဂ သစ္စာ အစစ်အမှန်တရားစကားများကို ခုမှပဲ ကျေကျေနပ်နပ် နာကြားဆွေးနွေးမေးမြန်း သိရှိရ လို့ ဒကာကြီးတို့ရဲ့ ဘ၀တာမှာ အတိုင်းမသိ ကျေးဇူးရှိ ၀မ်းသာလှပါတယ် ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားများကို…….
ဆရာ။ ။ အင်း… မဂ်စိတ်လေးပါးထဲက နောက်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်က ၁၅၀၀ ကိလေသာမီး ယိုစီးလောင်ကျွမ်းနေတဲ့ အာသ၀လောင်စာ တရားဆိုးတွေကို တစ်ချက်တည်းငြိမ်းသတ်ပစ်လိုက်တယ်၊ အာသ၀က္ခယဉာဏ် ရသွားပြီ။
အဲသည် အာသ၀က္ခယဉာဏ် ပိုင်ရှင် ရဟန္တာအရှင်မြတ်သည် မိမိကိုယ်တိုင် ဤသို့ဤပုံ ရောက်ရောက်တက်တက်လာတဲ့ မဂ်ဖိုလ်ရဲ့ အဆင့် ဂုဏ်ရည်များကိုလည်း ခွဲခြားပိုင်ပိုင် သိနိုင်တယ်။
တေဘူမက ဒုက္ခကုန်ဆုံးဘ၀၏ လက်စတုံးရာများကိုလည်း သိနိုင်တယ်တဲ့၊ ခုပြောခဲ့တဲ့ စကားရဲ့ အဖြေအစဉ်တွေဟာ သမထဘာဝနာသမာဓိမဂ္ဂင် လုပ်ငန်းစဉ် ဒိဗ္ဗစက္ခု အဘိညာဉ်တစ်ခုကို အခြေပြုကာ နည်းယူစရာ တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းကျကျ အနှစ်သာရ တွေချည်း ပြောပြပေးမည်လို့ ၀န်ခံချက်ပြုခဲ့တဲ့အတိုင်း သင်္ချိုင်းကုန်းမှ ကျွတ်လွတ်ရာ မဂ်ပေါက်ဖိုလ်မြောက် နိဗ္ဗာန်ရောက်လိုသူ ဗုဒ္ဓဘာသာဝင်အစစ်တို့၏ ထွက်ရပ်ပေါက် လမ်းစဉ် ပါပဲ ဒကာကြီးတို့လည်း နားလည်လောက်ပါပြီ။

ဖြောင့်ဖြောင့်တန်းတန်း တစ်လမ်းသွား အကျင့်မြတ်
ဒကာ။ ။ သမ္မာသမာဓိမဂ္ဂင်ထဲက ခွဲထွက်လာတဲ့ သမထဘာဝနာသမာဓိ အခြေခံ လောကီဈာန် အဘိညာဉ် မဟဂ္ဂုတ်ကုသိုလ် စေတနာကံကြောင့် ရရှိခံစားခွင့်အကျိုး ဒိဗ္ဗစက္ခု စတဲ့ တန်ခိုးသိဒ္ဓိများစွာတို့ကို ဆရာတော်ရှင်းပြမှပဲ နိဗ္ဗာန်အထိ ထင်လင်းသဲကွဲကာ အရေလည် လာတော့တယ် ဘုရား။
ဒါပေမယ့် လုပ်တိုင်းကုန်းနဲ့ နိဗ္ဗာန် လမ်းနှစ်တန်ခွနေတဲ့ သည်သမထဘာဝနာ ဈာနသမာဓိ လုပ်ထုံးက သင်္ချိုင်းကုန်းဘက်ကိုသာ အထွက်အသွား အစွဲများပြီး နိဗ္ဗာန်လမ်း စခန်းကျတော့ ဖြောင့်တန်းစွာ သွားသူနည်းပါးတယ် ဆိုတော့ကာ မဂ်ဖိုလ် နိဗ္ဗာန်စခန်း တစ်လမ်းသွား သက်သက်ကိုပဲ ညွှန်ပြပြောကြားစေချင်ပါတယ် ဆရာတော်။


တစ်လမ်းသွား နိဗ္ဗာန်စခန်း ထွက်ပေါက်ညွှန်းတမ်း
ဆရာ။ ။ အင်း… သင်္ချိုင်းကုန်းလွတ်ရာ ဧကာယနမဂ္ဂေါ တစ်ကြောင်းတည်းသော ခရီးလမ်းကတော့ ၀ိပဿနာဘ၀နာသမာဓိစခန်း တစ်ခုပဲရှိတယ် ဒကာကြီးတို့။
အဲဒီ ၀ိပဿနာ သမာဓိလုပ်ငန်းနဲ့ ကွန်းခိုပြီး ကိုယ်လိုချင်တဲ့ သင်္ချိုင်းကုန်းသုဿာန် လွတ်ရာ မဂ်ဖိုလ်နိဗ္ဗာန်စခန်းကို မြန်မြန်ကြိုးစားပြီး လှမ်းတက်ကြပေတော့ ဒကာကြီးတို့လည်း လုပ်တိုင်းကုန်းနဲ့နီးနေပြီ၊ မကြာမီ အလုပ်ခံရတော့မှာ။
ဒကာ။ ။ မှန်ပါ့၊ သင်္ချိုင်းကုန်းတော့ ဖန်တရာတေ မရေမတွက်နိုင်အောင် သွားခဲ့ရဖူးလို့ ကြောက်ဒူးတုန်လှပါပြီ ဆရာတော်၊ သင်္ချိုင်းကုန်းလွတ်ရာ နိဗ္ဗာန်လမ်းကိုသာ ညွှန်ပြတော်မူပါ ဘုရား၊ တစ်လမ်းသွားဖြစ်တဲ့ ၀ိပဿနာ တရားကိုသာ နာယူသင်ကြားချင်ပါတယ် ဆရာတော်။
ဆရာ။ ။ ကိုင်း… ဒါလောက်တောင် နာယူချင်ရင် (မဟာကုသိုလ်သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်) အဟုတ်တကယ် ရွှင်ပျတဲ့ ဉာဏ်နားကောင်းကောင်းနဲ့ မိအောင် ထောင်ဖမ်းလိုက်စမ်း၊ သမထ ဘာဝနာခန်းမှာတုန်းက ရှစ်နံပါတ်ဖြစ်တဲ့ သမ္မာသမာဓိမဂ္ဂင်ကို ရှင်းလင်းပြောပြခဲ့တာတွေ ပြန်ပြီး စဉ်းစားထားပါ။
၁။ သမထဘာဝနာ သမ္မာသမာဓိမျိုး၊
၂။ ၀ိပဿနာ ဘာဝနာ သမ္မာသမာဓိမျိုး၊
လို့ နှစ်မျိုးနှစ်စား ခွဲခြားပြောပြခဲ့တယ်လေ၊ အဲသည် နှစ်မျိုးထဲက ခု ၀ိပဿနာ သမ္မာသမာဓိရဲ့ အလှည့်ကျလာပြီ။

ခဏိက သမာဓိ အလုပ်စခန်း နိဗ္ဗာန်လမ်း
အဲဒီဝိပဿနာ သမာဓိက အာရုံများအနေနဲ့ ဆက်ဆံတယ်၊ ဘယ်အာရုံပဲပေါ်ပေါ် ပေါ်လာတဲ့ ခဏတိုင်းမှာ ပစ္စုပ္ပန်တဲ့တဲ့ ပေါ်ပေါ်ခြင်း ပေါ်ဆဲခဏမှာ သိမှတ်သိမှတ်နေရတဲ့ ခဏိကသမာဓိမျိုး ဖြစ်တယ်။
ယင်းမှတ်စရာ အာရုံကလည်း ရှိတာကိုသာ မှတ်ရမှာ၊ အဟုတ်တကယ်ရှိတာကလည်း ရုပ်တရားနဲ့ နာမ်တရားသာဖြစ်တယ်၊ ၎င်းတို့ကသာ အစဉ်ရှိကာ ဖြစ်ပေါ်ဖြစ်ပေါ်နေကြတာပဲ၊ ပရမတ်သဘောအရ အဟုတ်အမှန်ရှိနေကြတာလို့ မှတ်ရမယ်။
လူ နတ် ဗြဟ္မာ သတ္တ၀ါ အထီး အမ ဆိုတဲ့ ပညတ်အမည် နာမတွေက အဟုတ်ရှိတာ မဟုတ်၊ ငါ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ပေါင် ခါး ခြေ လက် ဆိုတာတွေလည်း အဟုတ်ရှိတာမဟုတ်၊ အဲဒီမရှိတာကို မသိရ မမှတ်ရ မစွဲယူရဘူး၊ အမှန်အဟုတ်ရှိတဲ့ နာမ်၊ ရုပ်တို့ရဲ့ ဖြစ်၊ ပျက် မှုကိုသာ အဟုတ်အမှန်ရှိတာလို့ ယုံကြည်စွာ ရှုမှတ်ပွားများနေရမှာနော်..။
ဒကာ။ ။ မှန်ပါ့၊ နားထောင်လျက်မို့ ဆက်လက် မိန့်ကြားပါ ဆရာတော်။
ဆရာ။ ။ အင်း.. နားထောင်ပါ၊ ထပ်ပြောပြဦးမည်၊ ရုပ်ဆိုတာက ခေါင်း၊ ခါး၊ လက်၊ ဇက်၊ ချက်၊ တင်ပါး စတဲ့ အတုံးအတစ် အစိုင်အခဲ အမှုန်အမွှား အနေနဲ့ ကြည့်ရှုစမ်းသပ် ကိုင်ဆွဲ ဆုပ်ယူပြလို့ မရနိုင်ဘူး၊ ရတဲ့သဘောလို့လည်း ငါဘုရားဘယ်သောအခါမှ မဟောကြားဘူး တဲ့ ဒကာကြီးတို့ရဲ့။
အဲဒီရင်ဘတ် ပေါင် ခါး ဆိုတာတွေဟာ လူသားတို့ပြောကြားနေတဲ့ ပညတ်စကား အမှား အစွဲတွေသာ ဖြစ်တယ်၊ ပရမတ်ဆံဆံပြောရရင် မိစ္ဆာဒိဋ္ဌိစွဲ စကားတွေပဲ၊ အမှန်အစစ်က မခိုင်မမြဲ အမျိုးမျိုးပြောင်းလဲ ဖောက်ပြန်နေတဲ့ သဘောကလေးတွေကိုသာ (ရုပ်လို့ခေါ်တာ) ရုပ်လိုစွဲယူ မှတ်သားနေရမှာဖြစ်တယ်၊ ဒီကိုယ်ကောင်ကြီးကို ခေါ်တာမဟုတ်ဘူးနော်၊ ကိုယ် ကောင်ကြီးရဲ့ အစိတ်အပိုင်း အင်္ဂါ ခြေလက်တွေကို ခေါ်တာလည်းမဟုတ်ဖူးပဲ၊ ဖောက်ပြန် ပြောင်းလဲမှု သဘောကလေးတွေကိုသာ ရုပ်တရားလို့ခေါ်တာ၊ သဘောပေါက်ရဲ့လား၊ အယူမှား အစွဲမှားတွေ ပျောက်အောင် ထပ်ခါထပ်ခါ ပြောကြားနေရတာ။
ဒကာ။ ။ မှန်ပါ့၊ ခြေ၊ လက်၊ ပေါင်၊ ခါး ခေါ်တဲ့ ပညတ်သဘောတရားကို ရိပ်စားမိပါပြီ ဆရာတော်၊ ပရမတ်ဆိုတာဟာ အတုံးအခဲ အနေနဲ့ ကိုင်ဆွဲဆုပ်ယူပြလို့မရနိုင်တဲ့ အမှန်ရှိသဘောရဲ့ အဆက်မပြတ် ဖြစ်ပျက်အစဉ်မျှသာ ဆိုတာကိုလည်း သိလာပါပြီ ဘုရား၊ ရှုမှတ်ပွားများရပုံကို ထင်ရှားရှင်းလင်းအောင် ရှေ့ဆက်မိန့်ကြားတော်မူပါဦး ဆရာတော်။


ရုပ်တရား၌ ၀ိပဿနာ ပွားနည်း
ဆရာ။ ။ အဲသည် ရုပ်သဘောကို စွဲယူမှတ်သား ပွားများနေရမည်ဆိုတာက၊ ယင်းဖြစ် ပျက်ပြောင်းလဲ ဖောက်ပြန်မှုသဘောကလေးတွေကို ဉာဏ်နဲ့ ကိုယ်ခန္ဓာထဲမှာ စေစားစူးစိုက်ပြီး ကြည့်လိုက်မှတ်လိုက်ရင် ဖောက်ပြန်ပြောင်းလဲမှု အမျိုးမျိုးတွေ သိသိတွေ့တွေ့နေတာကိုပဲ ရှုတယ် ၀ိပဿနာတရား ပွားများနေတယ်လို့ ခေါ်တယ် ဆိုတယ်၊ ဒါပဲ။

ရုပ်ဖောက်ပြန်ပုံ
ရုပ် ဖောက်ပြန်ပြောင်းလဲတယ် ဆိုတာကတော့ ကောင်းရာက ညောင်းလာတယ်၊ ဖောင်းရာက ပိန်သွားတယ်၊ ချောင်းဆိုးတယ်၊ ပူတယ်၊ အေးတယ်၊ ယားတယ်၊ စားတယ်၊ ထုံတယ်၊ ကျင်တယ်၊ ကျပ်တယ်၊ တက်တယ်၊ ထိုင်တယ်၊ ထတယ်၊ ကွေးတယ်၊ ဆန့်တယ်၊ လှုပ်တယ်၊ ငြိမ်တယ်၊ ယိမ်းတယ်၊ ယိုင်တယ်၊ မြှောက်တယ်၊ ချတယ်၊ လေးတယ်၊ ပိတယ်၊ ကျင်ကြီးကျင်ငယ်စွန့်တယ်၊ လွန့်တယ်၊ လူးတယ် စတဲ့ သဘောတွေဟာ ရုပ်ရဲ့ဖောက်ပြန် ပြောင်းလဲမှု သဘောတွေချည်းပဲ၊ အဲဒီလို အမျိုးမျိုး ဖြစ်ပေါ်ဖြစ်ပေါ်လာသမျှတွေဟာ ငါမဟုတ် ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ ငါဖောက်ပြန်နေတာလည်း မဟုတ်ဘူး၊ ရုပ်သဘောသက်သက်တွေသာ ဖြစ်ပျက်ဖောက်ပြန်နေတာပဲလို့ တထစ်ချယုံကြည်စွာနဲ့ သိမှတ် စူးစိုက်ပွားများနေရ မှာ ဖြစ်တယ်။
ကဲ… ခုပဲ ဒကာကြီးတို့ လက်တွေ့ ငါးမိနစ်လောက် ကာယထဲမှာစိုက်ပြီး လိုက်မှတ်ပွား များကြည့်ပါ၊ ပေါ်သမျှ အာရုံတွေဟာ သိပျက်သိပျက်နဲ့ သွားနေပုံကို မုချတွေ့ရမှာပဲ၊ ကိုယ်ကာယထဲ စိုက်မှတ်ကြည့်လိုက်စမ်း၊ (ဒကာကြီးတို့ စာအုပ်ကို ခဏချထားပြီး မှတ်ကြည့် လိုက်စမ်းပါလေ) လက်တွေ့လုပ်တာ ကောင်းပါတယ်။

ခဏိကသမာဓိ ဖြစ်ပေါ်ပုံ
အဲ ဒီလိုမှတ်ပွားများလိုက်တော့ တစ်ခါသိ တစ်ခါပျက်ပုံတွေကို အမှန်မုချတွေ့လာရ တယ်၊ ဒီလို သိသိ၊ သိသိနဲ့ သိသိနေတဲ့ အသိစိတ်တွေဟာ သိန်းသန်းကုဋေ အဆက်မပြတ် အဟောင်းပျက် အသစ်ဖြစ်နဲ့ချည်း ခဏပေါင်းများစွာ လိုက်လိုက်နေတာကိုပင် တစ်ခါသိလိုက် တာဟာ တစ်ခဏပဲ၊ အဲဒီတစ်ခဏမှာ တည်နေတဲ့ စိတ်သမာဓိဟာ ခဏိကသမာဓိပဲ၊ သည် နည်းအရ ခဏတိုင်း ခဏတိုင်း အစဉ်မပြတ် ကြားမလပ်စေဘဲ တရစပ် သိမှတ်စူးစိုက် လိုက်သိနေတဲ့ သိမှုကလေးတွေ မမေ့ဘဲနဲ့ တစ်ခဏအပေါ်မှာ တည်တံ့မှုသဘောကလေးကို ပင် ၀ိပဿနာရဲ့ ခဏိက သမာဓိလို့ခေါ်တယ် ဒကာကြီးတို့ရ၊ ကဲ…. ခဏိကသမာဓိသဘော နှီးနှောမိရောပေါ့။
ဒကာ။ ။ အမိန့်ရှိတဲ့အတိုင်း ခဏိက၀ိပဿနာဉာဏ်ရဲ့ သဘောမှန်ကို နှီးနှောမိပါပြီ ဆရာတော်၊ နားထောင်လျက်ပါ၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။

ဗုဒ္ဓဘာသာစစ်- မစစ် ပြပုံ
ဆရာ။ ။ အင်း… ဗုဒ္ဓဘာသာ အစစ်ဖြစ်သူတိုင်း ယင်းခဏိကသမာဓိ ဘာဝနာတရား ကို ပွားများအားထုတ်ရမည်ချည်းလို့သာ မှတ်ပေတော့၊ အဲသည် ၀ိပဿနာတရားအားမထုတ် ရသေးရင် ငါဟာ ဘုရားရှင့် သာသနာတော်နဲ့တွေ့တဲ့ ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်သေးဘူး၊ အတုအယောင် ဗုဒ္ဓဘာသာဟု ကိုယ့်ဟာကို ဆုံးဖြတ်ပေတော့။

စရဏနဲ့ ၀ိဇ္ဇာတရား ခြားနားပုံများ
ဘုရား မပွင့် မရှိတဲ့ သာသနာပအခါမှာ ၀ိဇ္ဇာဉာဏ်လုပ်ငန်းဆိုတဲ့ ၀ိပဿနာတရား မရှိဘူး၊ သင်္ချိုင်းကုန်းသွားလမ်းဖြစ်တဲ့ ဒါန သီလ သမထ ဆိုတဲ့ စရဏတရားလုပ်ငန် တစ်ခု တည်းပဲရှိတယ်၊ ဗုဒ္ဓဘုရားက အို၊ နာ၊ သေ ဒုက္ခ၀ဋ်မှ မုချလွတ်တဲ့ ပရမတ်အာရုံ ၀ိပဿနာတရားကို ကမ္ဘာသားတို့ ပွားများကျင့်ကြံ အားထုတ်နိုင်ကြဖို့ သာသနာတော်မြတ် ပဋိပတ်လုပ်ငန်း ကို တည်ထောင်ပေးတော်မူခဲ့တာ၊ ပညတ်က သာသနာတရား သင်္ချိုင်းကုန်းသွားတာ၊ ပရမတ်က သာသနာတွင်း တရား နိဗ္ဗာန်သွားတာ ဒကာကြီးတို့ရ၊ ဗုဒ္ဓပွင့်လာမှ ဒါန၊ သီလ၊ သမထတို့ကလည်း ၀ိပဿနာနဲ့ တွဲပြီး နိဗ္ဗာန်ထဲ အရောက်ပို့နိုင်တာ ဖြစ်တယ်။
ဒကာ။ ။ ရုပ်၊ ပရမတ်ရဲ့ အကြောင်း ရူပက္ခန္ဓာ၏ ဓမ္ဓသဘာဝဖြစ်စဉ် အမှန်ဖောက်ပြန် ပြောင်းလဲ မခိုင်မြဲပုံများကိုတော့ သဘောပေါက်ပါပြီ ဆရာတော်၊ နာမ်ပရမတ်ရဲ့ သဘောမှန်ကို ဒကာကြီးတို့ဉာဏ်နဲ့ ဘယ်လိုစွဲယူကြံစည် သိမှတ်ပွားများ အောက်မေ့မှုများ ပြု လုပ်ရမှာလဲ၊ ဒကာကြီးတို့ နားလည်ကွဲပြားအောင် ရှင်းလင်းမိန့်ကြားပါဦး ဆရာတော်။

နာမ်ပရမတ် သဘောကွဲမှတ်ပုံ
ဆရာ။ ။ အင်း… ခုမေးလိုက်တဲ့ ပုစ္ဆာဟာ အလွန်အဖိုးထိုက်တန်ပြီး မိမိလုပ်ဖွယ်ကိစ္စ မ ကြွင်းကျန်ဖို့အတွက် အကွက်ဆိုက်တဲ့မေးခွန်းတစ်ရပ်ပဲ ဒကာကြီးတို့ရေ၊ ကဲ….နားလည်ကွဲ ပြားအောင် စကားမရှည်ဘဲ တိုတိုစိစိနဲ့ တိတိကျကျကလေး သင်ပြပေးလိုက်မယ်၊ နားစိုက်ပေတော့၊ လိုရင်းသိမှတ် လိုက်နာစရာ နာမ်ပရမတ်တရားက ခန္ဓာအစုနဲ့ ခွဲလိုက်ရင် မျိုးကွဲလေးပါး ရှိတယ် ဒကာကြီးတို့ရဲ့။
၁။ ဝေဒနာက္ခန္ဓာ = အာရုံကို ခံစားခြင်း သဘောတရား အစု၊ ခံစားပြီး ပျက်သွားတဲ့ ခဏ တစ်ခုပဲ။
၂။ သညာက္ခန္ဓာ = အာရုံကို မှတ်သားခြင်း သဘောတရားအစု၊ မှတ်သားပြီးပျက်သွား တဲ့ ခဏ တစ်ခုပဲ။
၃။ သင်္ခါရက္ခန္ဓာ = အာရုံ၌ အလုပ်ကိစ္စ ကံမြောက်အောင် ကြိုးစားဆောင်ရွက် အောက်မေ့
စေ့ဆော်တိုက်တွန်း စီရင်ပြုပြင်မှု တရားစု၊ ပေါ်ပြီးပျက်သွားတဲ့ ခဏ တစ်ခုပဲ။
၎။ ၀ိညာဏက္ခန္ဓာ = အာရုံကို သိမှုသဘောစု၊ သိပြီး ပျက်သွားတဲ့ ခဏတစ်ခုပဲ။
အဲသည် နာမ်ခန္ဓာလေးပါးဟာလည်း ဆွဲထုတ်ဆုပ်ကိုင်ပြလို့ ရတာမျိုးမဟုတ်ဘူး၊ ပရမတ်ဆိုတာ ပညတ်လို အပြား၊ အလုံး၊ အတုံး၊ အခဲ ဒြပ်အနေနဲ့ ပြလို့မရနိုင်ဘူး၊ သူ့ဖြစ်စဉ် ခံစားမှု၊ မှတ်သားမှု၊ ပြုလုပ်မှု၊ သိမှု အမှန်သဘော လက္ခဏာကလေးတွေကိုသာ စိတ်ဉာဏ်နဲ့ သိမှတ်ရှုမြင်တတ်အောင် သင်ပြပြောဆိုရတာမျိုး ဖြစ်တယ်လို့ ပြောခဲ့ပြီးပြီလေ။
ကဲ… ဒကာကြီးတို့ နာမ်ခန္ဓာလေးပါးရဲ့ ဖြစ်စဉ်သဘောတရား အမှတ်လက္ခဏာ မျိုးကွဲ များကို ဒကာကြီးတို့ရဲ့ စိတ်ဉာဏ်နဲ့ စေစားရှုမှတ်တတ်လောက်ရောပေါ့၊ မဂ္ဂင်ရှစ်ပါးလည်း ဒကာကြီးတို့ ဉာဏ်နားထဲမိအောင် တိုတိုတိတိ စေ့စေ့ငငနဲ့ ထုတ်ဆောင်ရှင်းပြပြီးပြီ၊ တော် လောက်ရောပေါ့။
ဒကာ။ ။ မှန်ပါ့၊ ကျေးဇူးတင်လိုက်တာ ဆရာတော်၊ မဂ္ဂင်ရှစ်ပါးက ခွဲထွက်သွားတဲ့ ပညတ်အာရုံ သမထသက်သက် ဈာန်လမ်းတက်နည်း ကျင့်စဉ်တွေရော၊ အိုနာသေမှလွတ် ထွက်ရာ ၀ိပဿနာအလုပ် ရုပ်၊ နာမ် ပရမတ်တို့ သဘောလက္ခဏာတွေကိုပါ ကြားနာမှတ်သား ရတာ ဒကာကြီးတို့ဘ၀အဖို့ သာသနာတော်နဲ့ တွေ့ရကျိုးနပ်လှပါပြီ၊ ခန္ဓာငါးပါးသင်္ချိုင်းကုန်းသွားလမ်းမှ လွှဲထွက်ရာစခန်း ၀ိပဿနာလုပ်ငန်းကို တက်လှမ်းလုပ်ကိုင်တတ်ရုံလောက် ထပ်မံနားလည်အလွယ်ဆုံးနည်းနဲ့ တိုတိုတိတိကလေး ထိမိသွားအောင် ထောက်ပြ သင်ကြားပေးပါဦး ဆရာတော်။

ကိုလိုနီ စကားပုံတစ်ခု
ဆရာ။ ။ အင်း.. နယ်ချဲ့ကိုလိုနီစကားပုံ တစ်ခုရှိတယ်၊ ဒကာကြီးတို့မှတ်ချင်ရင် မှတ်ထားပေါ့။
သူ့ကိုသနားရင် ပေါင်မုန့်သွားမပေးနဲ့၊ ပေါင်မုန့်ပေးရင် ထောပတ်ကို ထပ်တောင်းလိမ့် မယ်တဲ့ ၊ ကဲ…လေ၊ ထားပါတော့။
ဗုဒ္ဓသာသနာကတော့ သူ့ကိုသနားရင် ဆင်းရဲဒုက္ခတွေကို အမြင်မှန်ရအောင် သိအောင် မြင်အောင် ဟောပြပြီး နိဗ္ဗာန်လမ်းမကြီးကိုသာ အမြန်ဆုံးညွှန်ကြားပေးလိုက်ပါတဲ့။
ဒါကြောင့် ဒကာကြီးတို့ လိုချင်တောင့်တတဲ့ နိဗ္ဗာန်ကိုလိုချင်သွားချင်၊ ရောက်ချင်၊ ခံစား ချင်ရင် နောက်ကပြောပြပြီးသား မဂ္ဂင်ရှစ်ပါးထဲက နံပါတ် ၃-၄-၅ သီလမဂ္ဂင်တရားသုံးပါးကို ရိုသေလုံခြုံလိုက်နာ စောင့်ထိန်းကျင့်သုံးရမည်၊ စင်ကြယ် သန့်ရှင်းတဲ့ သီလမဂ္ဂင်အခင်းအပေါ်မှာ တက်ထိုင်ပြီး နိဗ္ဗာန်လမ်းသွား ရထားကြီးဖြစ်တဲ့ မဂ္ဂင်ငါးပါးနဲ့ ၀ိပဿနာတရားကို ပွားများ ရှုမှတ် မောင်းနှင်သွားရမှာ ဖြစ်တယ်။

ဗုဒ္ဓ၀ါဒသည် လက်ဝေခံ သူတောင်းစားဝါဒ မဟုတ်
ဗုဒ္ဓဘာသာတရားတော်က သူတကာ စီမံဖန်ဆင်းပေးကမ်းသမျှကို အားကိုးယုံကြည်ကာ တောင်းခံရယူ စားသုံးနေရတဲ့ လက်ဝေခံ သူတောင်းစားဝါဒမျိုး မဟုတ်ဘူးနော်၊ ဒါအမှန်ပဲ၊ ပယ်စရာမလိုဘူး။
ကိုယ့်လုပ်ခ ကိုယ်ခံစားရမည့် ၀ီရိယာဓိပတိဗိုလ်ကြီးနဲ့ အုပ်စိုးတဲ့ မနားမနေကြိုးစား လုပ်ကိုင်ရမည့် အလုပ်သမားဝါဒ (ကမ္မ၀ါဒ) အစစ်ဖြစ်တယ်၊ အလုပ်မလုပ်ဘဲ အပျင်းထူနေရင်တော့ ဆင်းရဲဒုက္ခရမှာ မုချသေချာတယ်လို့ မှတ်ပါ၊ ငတ်ပေါက်တော့ ဧကန်ပဲ၊ ဗုဒ္ဓကိုအားကိုး မနေနဲ့၊ ဗုဒ္ဓခိုင်းတာကို ကြိုးစားပြီး လုပ်ရမှာသာဖြစ်တယ်။
ဒကာ။ ။ မှန်ပါတယ် ဆရာတော်၊ မဂ္ဂင်ရှစ်ပါးမှာ မိန့်ကြားခဲ့တဲ့ အလုပ်သမားဝါဒ၀င် နံပါတ် ၆ သမ္မာဝါယာမ မဂ္ဂင်ရဲ့ သဘောသွားကိုလည်း ရိပ်စားမိရင်းစွဲ ဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ်လိုချင်တဲ့ သုခချမ်းသာကို ရယူခံစံဖို့ ကြိုးစားအားထုတ်ရန် အသင့်ပြင်ပြီးသားမို့ ၀ိပဿနာလုပ်ငန်း နိဗ္ဗာန်လမ်း မြေပုံကိုသာ ရေးဆွဲထောက်ပြ ညွှန်ကြားတော်မူပါ ဆရာတော်။


အလုပ်သမား မဂ္ဂင် ငါးပါး
ဆရာ။ ။ ကိုင်း… သည်လောက်တောင် သွားချင် လိုချင်ရင် ခါးတောင်းကျိုက်မဖြုတ်ဘဲ အလုပ်သမား မဂ္ဂင်ငါးပါးနဲ့ အဖော်လုပ်ပြီး အဟုတ်တကယ် ကြိုးစားပွားများသွားဖို့ သင်္ချိုင်းကုန်းလွတ်ရာ နိဗ္ဗာန်လမ်းပြမြေပုံကို ညွှန်ကြားထောက်ပြ ပေးမည်၊ နားထောင်မှတ် သားပေတော့။

၁။ သမ္မာဒိဋ္ဌိ လုပ်သားကြီး
နောက်ကပြောကြားခဲ့တဲ့ ရူပက္ခန္ဓာတစ်ပါးနဲ့ နာမ်ခန္ဓာလေးပါး၊ အဲဒီ ခန္ဓာငါးပါးထဲ၌ ဖြစ်စေ၊ သို့မဟုတ် ရူပက္ခန္ဓာတစ်ပါးထဲက မျိုးကွဲရုပ်များဖြစ်ကြတဲ့….
၁။ မြင်စရာ ရူပါရုံ အဆင်းရုပ်ပေါ်လာတဲ့အခါ ဖြစ်စေ၊
၂။ ကြားစရာ သဒ္ဒါရုံ အသံရုပ်ပေါ်လာတဲ့အခါ ဖြစ်စေ၊
၃။ နံစရာ ဂန္ဓာရုံ အနံ့ရုပ်ပေါ်လာတဲ့အခါ ဖြစ်စေ၊
၎။ စားစရာ ရသာရုံ အရသာရုပ်ပေါ်လာတဲ့အခါ ဖြစ်စေ၊
၅။ တွေ့ထိစရာ ဖောဋ္ဌဗ္ဗာရုံ နာကျင်ကိုက်ခဲ အောင့်အင်းတောင့်တင်း မာကျော ပျော့ညံ့ ရပ်တန့် ဆန့်ကွေး ပူအေးနွေး စတဲ့ တွေ့ထိရုပ်တွေ ပေါ်လာတဲ့အခါ ဖြစ်စေ၊
ယင်းလက်တွေ့ ခံစားစရာ အာရုံငါးပါးထဲက ကောင်းအာရုံ၊ ဆိုးအာရုံ၊ မကောင်းတကောင်းအာရုံ တစ်ပါးပါး ဖြစ်ပေါ်လာခိုက် ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်တုန်း ခဏကလေးကို ပေါ်တိုင်း ပေါ်တိုင်း သိသိ သိသိနဲ့ သိမှတ်အောက်မေ့နေရမည်၊ မမေ့ရဘူးနော်။
ဝိပဿနာတရားဆိုတာ အာရုံအများနဲ့ ဆက်ဆံတယ်၊ အာရုံငါးပါးထဲက ဘယ်အာရုံပဲ ပေါ်ပေါ် ပေါ်ပေါ်ချင်း ဖမ်းသိလိုက်ရမှာဖြစ်တယ်၊ အဲဒါကို ကြပ်ကြပ် အသိလုပ်ထားပါ၊ အဲဒီလို သိသိနေရင်….
၁။ အာရုံကို သိတဲ့စိတ် ၀ိညာဏက္ခန္ဓာရယ်၊
၂။ ယင်းကို ခံစားမှု ဝေဒနာက္ခန္ဓာရယ်၊
၃။ ယင်းကို မှတ်သားမှု သညာက္ခန္ဓာရယ်၊
၎။ အလုပ်ဖြစ်ရေး စေ့ဆော် တိုက်တွန်း ကြိုးစား တည်တံ့အောက်မေ့ ကြံစည် ဆင်ခြင်မှုစတဲ့ သင်္ခါရက္ခန္ဓာရယ်။
အဲဒီ နာမ်ခန္ဓာလေးပါးစလုံးဟာ အာရုံရုပ်တစ်ခုအပေါ်မှာ အတူတူမှီပြီးတော့ တစ်ခါသိလိုက်တဲ့ ခဏတစ်ခုတည်းမှာပဲ အတူတူ တစ်ပြိုင်တည်းဖြစ်ပေါ်ပြီး အတူတူတစ်ပြိုင် တည်း ပျောက်ပျောက်သွားကြတာပဲ၊ အဲဒီ နာမ်ခန္ဓာလေးပါးလုံးဟာ….
၁။ တူသော အာရုံရှိတယ်။
၂။ တူသော မှီရာရှိတယ်။
၃။ တူသော ဖြစ်ခြင်းရှိတယ်။
၎။ တူသော ချုပ်ခြင်း ရှိတယ်။
တစ်ခဏကလေး ဖြစ်ပေါ်ပြီးတော့ အဲဒီဖြစ်တဲ့ခဏအတွင်းမှာပဲ ချုပ်ပျက်သွားတော့ တာ ဘာမှ မကျန်ရစ်ခဲ့ဘူး။
ဒါကြောင့် ယင်းတို့လည်း မခိုင်မြဲခြင်း အနိစ္စလက္ခဏာ၊ ငါစိုး ငါပိုင် ငါ့ဟာ မဟုတ်၊ ခိုင်မြဲနေအောင် ပြုလုပ်စီမံလို့မရနိုင်တဲ့ အနတ္တလက္ခဏာရှိသော ချမ်းသာမဖက် ဆင်းရဲခြင်း သက်သက် ဒုက္ခသစ္စာတရား အစုတွေပဲလို့ စိတ်ဉာဏ်ထဲမှာ မှတ်သားစွဲယူနေတဲ့ သမ္မာဒိဋ္ဌိ မဂ္ဂင်လုပ်သားနဲ့လည်း ပြီးစီးပြည့်စုံနေရမည်။

၂ သမ္မာသင်္ကပ္ပ မဂ္ဂင်လုပ်သားကြီး
ယင်းပြပြီးတဲ့ နည်းလမ်းအတိုင်း ကြံစည်စဉ်းစား ပွားများတွေးဆ စိစစ်ဆင်ခြင်မှု သမ္မာသင်္ကပ္ပမဂ္ဂင် လုပ်သားကြီးနဲ့လည်း ပြီးစီးပြည့်စုံစေရမည်တဲ့။

၃။ သမ္မာဝါယာမ မဂ္ဂင် လုပ်သားကြီး
အဲသည် ရုပ် နာမ် ခန္ဓာတို့ ဖြစ်ပေါ်လာတဲ့ ခဏကလေးကိုလည်း သိလိုက်ပါ၊ ချက်ခြင်း ပဲ မှတ်ရင်း ချုပ်ပျောက်ပျက်စီးသွားတဲ့ ခဏကလေးကိုလည်း သိလိုက်ပါ၊ ခဏတိုင်းသိသိ သိသိနဲ့ အစဉ်မပြတ် သိန်းသန်းကုဋေ ပေါ်ဆဲ၊ ပျက်ဆဲ ခဏတိုင်း သိသိနေမှု ဥဒယ၀ယဉာဏ် ကို မမေ့ရအောင် မှန်ကန်စွာ ကြိုးစားအားထုတ် လုံ့လစိုက်မှု သမ္မာဝါယာမ မဂ္ဂင်လုပ်သားကြီး နဲ့လည်း ပြည့်စုံစေရမည်။
မှတ်ချက်။ ။ အဲဒီကြိုးစားအားထုတ်မှု သမ္မာဝါယာမ မဂ္ဂင်ဟာ မဂ္ဂင်ရှစ်ပါးထဲမှာ အရေးအကြီးဆုံး သော့ချက်စက်ခလုတ်ပဲ၊ သူပျက်ရင် သီလမဂ္ဂင်နဲ့ ပညာမဂ္ဂင်ရော သမာဓိမဂ္ဂင်တို့ပါ အကုန်လုံးလျော့ပါးပျက်စီးပြီးသားသာ မှတ်ပေတော့။

၎။ သမ္မာသတိ မဂ္ဂင်လုပ်သားကြီး
ယင်းပြဆိုပြီးအတိုင်း ရုပ်နာမ်ခန္ဓာတို့ ဖြစ်ပျက်မှုခဏကို မမေ့ရအောင် ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း မှန်ကန်စွာ အောက်မေ့သတိရနေမှု သမ္မာသတိ မဂ္ဂင်လုပ်သားကြီးနဲ့လည်း ပြီးစီး ပြည့်စုံစေရမည်တဲ့။ ဘယ်သောအခါမှ မမေ့ရဘူးနော်။
မှတ်ချက်။ ။ သတိဟာလည်း ၀ီရိယလိုပဲ နေရာတကာတိုင်းမှာ အရေးတကြီးလိုအပ်တယ်၊ သတိမမေ့အောင် ၀ီရိယနဲ့ ကြိုးစားရသလို ၀ီရိယလျော့မသွားအောင် သတိရှိနေရမှာဖြစ်တယ်လို့ မှတ်ပါ။

၅။ သမ္မာသမာဓိ မဂ္ဂင်လုပ်သားကြီး
ပြခဲ့ပြီးသော အာရုံငါးပါးထဲက တစ်ပါးပါး ဖြစ်ပေါ်လာတိုင်း ပေါ်ဆဲခဏမှာ သိခြင်း၊ မှတ်ခြင်း၊ စေ့ဆော်တိုက်တွန်းအောက်မေ့ခြင်း၊ ခံစားခြင်း၊ နာမ်ခန္ဓာ ကိစ္စရပ်လေးပါးထဲ၌ တစ်ပါးပါးကို မှတ်သားရာမှာ စိတ်ဓါတ်တခြား မထွက်သွားစေဘဲ မှန်ကန်စွာ တည်မြဲစူးစိုက် ထားခြင်း၊ သမ္မာသမာဓိ မဂ္ဂင်လုပ်သားကြီးနဲ့လည်း ပြီးစီးပြည့်စုံစေရမည်တဲ့ ဒကာကြီးတို့ရဲ့။
ကဲ…သဘောပေါက် နားလည်လောက်ရောပေါ့နော်၊ အဲဒီ မဂ္ဂင်ငါးပါး လုပ်သားကြီးများ ဟာ ခန္ဓာငါးပါး သင်္ချိုင်းကုန်းသွားလမ်းမကြီးထဲမှာ ရုန်းကန် ဖဲထွက် လွတ်မြောက်ရေး အေးငြိမ်းချမ်းသာရာစခန်း နိဗ္ဗာန်လမ်းကိုပြပေးတဲ့ ကားချပ်မြေပုံကြီးအစစ်ပါပဲ ဒကာကြီးတို့၊ အဲဒီမြေပုံလမ်းညွှန်အတိုင်း မဆိုင်းမတွဘဲ ချီတက်သွားကြပေတော့။
ဒကာ။ ။ အဲဒီ ၀ိပဿနာတရားကို ကြိုးကြိုးစားစားနဲ့ ပွားများအားထုတ်နေတဲ့ ယောဂီဟာ တရားအားထုတ်ရင်း မဂ်ဖိုလ်နိဗ္ဗာန်ကမ်းတစ်ဖက်ကို ဘယ်နည်းဘယ်ပုံနဲ့ တက် လှမ်းခိုလှုံလိုက်တယ်ဆိုတာကိုလည်း နည်းနည်းလောက် မိန့်ကြားပါဦး ဆရာတော်။

အလုပ်သံသည် အပြောသံထက် ပို၍မြည်၏
ဆရာ။ ။ အင်း.. ဒကာကြီးတို့ဟာ ဥယျာဉ်ပန်းမန် သစ်ပင်စိုက်ပျိုးတဲ့ လုပ်ငန်းကိုတော့ ပင်ပန်းခံ မလုပ်ချင် မစိုက်ပျိုးချင်ဘဲနဲ့၊ သစ်ပွင့် သစ်သီးအရသာကိုတော့ ကြိုတင်ခံစားချင်တဲ့ သူလို အဆိုအမေး အတောင်းအခံတွေ ထူလွန်းသကိုး။
ဆရာတော်တို့က အပြောသမားကို မလိုချင်ဘူး ( အလုပ်သံသည် အပြောသံထက် ပို၍ မြည်၏) အလုပ်သမားကိုသာ လိုချင်တာ ဗုဒ္ဓရဲ့ဝါဒက ကိုယ့်လုပ်ခ၊ ကိုယ်ရတဲ့ အလုပ်သမားဝါဒပဲ၊ ဒါကြောင့် ဗုဒ္ဓဘုရားက အလုပ်စခန်းနဲ့ လုပ်ငန်းတွေကိုလည်း အပြည့်အစုံပြခဲ့ ချခဲ့ပြီးသား တွေပဲဟာ ကြိုးစားပြီး လုပ်ရုံပဲပေါ့၊ အပြောနဲ့တော့ မပြီးနိုင်ဘူးနော် ဒကာကြီးတို့ သတိထားပါ။

ဝိပဿနာလုပ်ခ ရရှိခံစားရပုံများ
ဒကာ။ ။ ဒကာကြီး လျှောက်ကြားပါရစေ ဆရာတော်၊ ဒကာကြီးဟာ အလုပ်သမား တစ်ယောက်ပါ၊ ဒါကြောင့် ၀ိပဿနာအလုပ်မှန်ကို အမှန်အတိုင်းလုပ်တတ်ဖို့နဲ့ အမှန်တရား ကို အမှန်အတိုင်းသိရှိနိုင်ရန် ဆရာတော်ထံ လာရောက်ဆွေးနွေးမေးမြန်း သင်ကြားမှုများကို ပြုနေတာဖြစ်ပါတယ်။
ဆရာတော် ဟောကြားသင်ပြခဲ့တဲ့အတိုင်း ၀ိပဿနာတရား ပွားများအားထုတ်ပုံ နည်း အချုပ်ဖြစ်တဲ့ အတ္တဒိဋ္ဌိနဲ့ သက္ကာယဒိဋ္ဌိစွဲ ဖြုတ်ပုံများကိုလည်း သွဲကွဲမှန်ကန်စွာ ရှုမှတ်ပွားများ တတ်ပါပြီ။
ဒါကြောင့် ဒီတရားကို မှန်ကန်စွာ ပြင်းပြင်းထန်ထန် ကြိုးစားမှတ်သားပွားများ အား ထုတ်နေသူဟာ..
၁။ ခန္ဓာလက်ရှိ မဂ်ဖိုလ်မရမီ မျက်မှောက်ကာလမှာရယ်။
၂။ မဂ်ဖိုလ်ရရှိပြီး မျက်မှောက်ကာလမှာရယ်။
မိမိလုပ်ခရရှိမည့် အကျိုးသုခတွေကို ဘယ်ပုံဘယ်နည်း ခံစားခွင့်ရှိပုံများနဲ့ သင်္ချိုင်းကုန်း သွားလမ်း ခန္ဓာစခန်းသိမ်း အေးငြိမ်းရာနိဗ္ဗာန်ကို ဘယ်လိုဘယ်နည်းနဲ့ ရရှိသွားပုံတို့ကို တိုတို နည်းနည်းလေးပဲ မိန့်ဟပါ ဆရာတော်၊ သိမှတ်ချင်လို့ပါ။


လွယ်ယောင်နဲ့ ခက်တဲ့ပုစ္ဆာ
ဆရာ။ ။ အင်း… ဒကာကြီးတို့ရဲ့ အမေးပဥှာက လွယ်ယောင်နဲ့ ခက်တယ်၊ နက်တယ်၊ ဒီပဥှာထဲမှာ အချက်ကြီးလေးချက်နဲ့ အမေးလက္ခဏာကို ဆောင်နေတာတွေ့ရတယ်၊ အချက် ကြီးလေးချက်က….
၁။ ပုထုဇဉ်ဘ၀နဲ့ ၀ိပဿနာလုပ်ခ အကျိုးခံစားခွင့်၊
၂။ မဂ်ပိုင်ရှင် အရိယာဘ၀နဲ့ လုပ်ခအကျိုးခံစားခွင့်၊
၃။ ဖိုလ်ပိုင်ရှင် အရိယာဘ၀နဲ့ သုခအကျိုးခံစားခွင့်၊
၎။ နိဗ္ဗာန်ကို ဘယ်ပုံဘယ်နည်းနဲ့ မျက်မှောက်ပြုကာ ရရှိလိုက်ပုံ။
အားလုံးပေါင်းလေးချက်တောင် ပါနေတဲ့ အမေးပဥှာ ဖြစ်တယ်ဒကာကြီးတို့ရ၊ နွား ကျောင်းသားရဲ့အမေးကို ဘုရားလောင်းတောင် ချွေးကျအောင် ကြံစည်ဖြေဆိုရတယ်တဲ့ လွယ် လွယ်နဲ့ဖြေလို့မရဘူးနော်…..
ဒကာ။ ။ မှန်ပါတယ် ဆရာတော်၊ အလုပ်သမားများဘက်ကလည်း ဒီလိုမိမိတို့ရရှိ ခံစားနိုင်မည့် သုခချမ်းသာ အကျိုးလုပ်ခရရှိပုံတွေကို ကြိုတင်သိထားမှာသာ အလုပ်သမား တိုင်း ကြိုးစားအားထုတ် လုပ်ကိုင်ချင်မှာဖြစ်ပါတယ်၊ ဒါကြောင့် ထပ်ကာထပ်ကာပဲ မေးနေရ တာဖြစ်ပါတယ်။


လူအ၊ လူန တို့အတွက် အဖြေမဟုတ်
ဆရာ။ ။ အင်း…ခုလို နက်နဲခက်ခဲတဲ့ အမေးပဥှာတွေကို တိုတိုနည်းနည်း ကျဉ်းကျဉ်း ကလေးနဲ့ နားလည်အောင် ဖြေကြားပေးရမှာ ဖြစ်တော့ကာ၊ အခုဆရာတော်ပေးမည့် အဖြေ ဟာ လူအ၊ လူန၊ လူနုံ၊ လူထုံ၊ လူထိုင်း၊ လူတိုင်း တို့အတွက်တော့ မဟုတ်ဘူးပဲ၊ သူတို့အတွက် ကတော့ ဒီအဖြေစကားတွေဟာ အဖျက်သဘောပဲ ရောက်မှာသာဖြစ်တယ်။
ဒါကြောင့် လူတိုင်းထဲကမဟုတ်တဲ့ လူပါး၊ လူနပ်၊ လူတော်၊ လူမော်၊ လူချွန်ဖြစ်အောင် ကြိုးစားပြီး နားထောင်ပါ မှတ်သားပါ၊ အမှန်ရောက်အောင် ပြုလုပ်စရာတရားကောင်းတွေ ပေါင်းစုပြီး အပြုသဘောကိုဆောင်ပါလို့ မဖြေကြားမီ တိုက်တွန်းလိုက်ပါတယ်။
ဒကာ။ ။ ဆရာတော် ဖြေကြားသမျှ ဓမ္မနည်းနယတွေကို တစ်သဝေမတိမ်းရအောင် နှုတ်ဖြင့်ဆောင်ခြင်း ရေးမှတ်ခြင်း နှလုံးသားထဲမှာ သိမ်းဆည်းထားခြင်းပြုကာ လိုရာတို့ကို ထုတ်သုံး ကျင့်ပွားလျက်ပါ ဆရာတော်။


ပုထုဇဉ်ဘ၀နဲ့ ကြီးပွားချမ်းသာချင်ရင်
ဆရာ။ ။ ခုဘ၀မျက်မှောက်ကာလမှာရော သင်္ချိုင်းကုန်းရဲ့ ဟိုမှာဘက်နောက်ဘ၀ သံသရာအတွက်မှာရော ကြီးပွားချမ်းသာရေးနဲ့ ဘ၀ရဲ့ငြိမ်းအေးချမ်းသာရာ နိဗ္ဗာန်ရရေးကိုပါ ပေးနိုင်ပုံများကို မြတ်စွာဘုရားသခင်က -
ဓမ္မ ကာမော ဘ၀ံ ဟောတိ၊
အမှန်တရားကို လေ့လာလိုက်စား လိုလားကျင့်ပွား အားထုတ်တဲ့ အမှန်ကြိုက်သမား ဟာ မုချကြီးပွားချမ်းသာကြောင်းပဲလို့ ဟောထားခဲ့တယ်၊ ကဲ… ကြီးပွားချမ်းသာချင်ရင် အမှန်တရားတွေကို နားထောင်မှတ်သားပေတော့။
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ။
သတ္တနံ ၀ိသုဒ္ဓိယာ သောက ပရဒေ၀ါနံ
သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ
အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊
နိဗ္ဗာနဿ သစ္ဆိကိရိယာယ။
အဲဒါ နံပါတ် ၁ ပုစ္ဆာရဲ့ အဖြေပါဠိတော်ပဲ ဒကာကြီးတို့ရ၊ အဓိပ္ပါယ်က ချစ်သမီး ချစ်သားတို့ ယင်းတစ်ခုတည်းသော သတိပဋ္ဌာန် ၀ိပဿနာမဂ်တရား ပွားများအားထုတ်နေသူ ဟာ သူ့အားနွမ်းရိဆင်းရဲအောင် ပြုလုပ်တတ်တဲ့ ကိလေသာ အညစ်အကြေးမှ ကင်းဝေးစင် ကြယ်ကာ စိုးရိမ်ငိုကြွေးဖွယ်တို့ကိုလည်း လွန်မြောက်စေနိုင်တယ်၊ ကိုယ်ဆင်းရဲ စိတ်မချမ်းမြေ့ရေးတို့ကိုလည်း ငြိမ်းအေးစေနိုင်တယ်တဲ့။
ယင်းပွားများအားထုတ်မှု မဟာကုသိုလ် ဉာဏသမ္ပယုတ် ကံစေတနာက လောကီ ကုသိုလ်တကာတို့၏ ဦးစီးခေါင်ချုပ်ဖြစ်လို့ ရွှေငွေရတနာ ပစ္စည်းဥစ္စာ ဖွံ့ဖြိုးတိုးတက်ကာ ကြံ တိုင်းအောင် ဆောင်တိုင်းပြီးစီးမှုကိုလည်း ပေးနိုင်တယ်တဲ့။
အဲဒါက မဂ်ဖိုလ်မရသေးမီ ပုထုဇဉ်ဘ၀နဲ့ ၀ိပဿနာတရားအားထုတ်တဲ့ လုပ်ခရဲ့ အကျိုးဖလ ခံစားခွင့် ၁ နံပါတ်ပုစ္ဆာရဲ့ အဖြေမှန်ပဲ၊ ဧဟိ ပဿိကော မယုံရင် လာခဲ့ပါ၊ အားထုတ်လုပ်စမ်းကြည့်ပါ၊ အစမ်းခံနိုင်တဲ့ တရားတော်မြတ် ဖြစ်တယ်၊ အပြောနဲ့ မယုံပါနဲ့၊ လုပ်ကြည့် မုချကြီးပွားချမ်းသာရမည်တဲ့၊ နတ်တို့၊ ၀ိဇ္ဇာတို့၊ ဘိုးဘိုးတို့က ပေးတာမဟုတ်ဘူး၊ ကိုယ့်လုပ်ခ ကိုယ်ရတာသာဖြစ်တယ်။

သောတာပတ္တိမဂ်ပုဂ္ဂိုလ်၏ အကျိုးလုပ်ခ ရပိုင်ခွင့်၂ နံပါတ် ပဥှာ၏အဖြေ
ယင်းနောက် မနားမနေ မပျက်မကွက် ဆက်လက်ကြိုးစား အားထုတ်သွားသူများ အတွက်ကတော့ မိမိအားထုတ်ဆဲ ၀ိပဿနာတရားက အဆင့်ဆင့် ဉာဏ်တွေပွားပွား ထက်ထက်ပြီး ရှေ့ကိုသာ တက်တက်သွားကာ နိဗ္ဗာန်၏ရှေ့ပြေးအစ မဂ်ရဖိုလ်ဝင် စွမ်းအင်သတ္တိရှိ တဲ့ ဆယ်ကြိမ်မြောက် အနုလောမဉာဏ်က တစ်ဆင့် ပေါင်းကူးပေးလျက် သောတာပတ္တိမဂ် အရောက်ပို့ကာ အရိယာဂိုဏ်းဝင် သူတော်စင်အစစ် ဖြစ်သွားတော့တာပဲတဲ့၊ အဲဒါက မဂ်ပိုင်ရှင်ဘ၀နဲ့ လုပ်ခအကျိုးခံစားခွင့် ၂ နံပါတ်မေးခွန်းရဲ့ အဖြေပဲ၊ နိဗ္ဗာန်၏ အရသာကို ဦးစွာခံစားလိုက်ရပြီ ဒကာကြီးတို့၊ မယုံရင် လုပ်စမ်းကြည့်ပေါ့။

သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်၏ ရပိုင်ခွင့် စည်းစိမ်ချမ်းသာ
၃ နံပါတ် ပဥှာ၏ အဖြေ
အဲဒီ သောတာပတ္တိမဂ် ကုသိုလ်စိတ်က နေပြီးတော့ သောတာပတ္တိဖိုလ် အကျိုးလုပ်ခ ကို အကာလိကော ချက်ချင်း တစ်ဆက်တည်း စိတ်ဓါတ်မခြားဘဲပေးကာ ချမ်းသာတကာတို့၏ အထွတ်ခေါင်ထိ အတုမရှိတဲ့ အေးမြငြိမ်းချမ်းရာ နိဗ္ဗာန်၏အရသာထူးတို့လည်း ကြည်နူးစွာပင် သူရထားတဲ့ ဖိုလ်စိတ်နဲ့ ကူးလူးခေါက်ပြန် ခံစံချင်တိုင်း ခံစံဝင်သွားခွင့်ကိုရရှိနေတဲ့ ဖိုလ်ပိုင်ရှင် ကြီးဖြစ်ကာ နိဗ္ဗာန်ဆိုတဲ့ မြနန်းရိပ်သာကို မကြာမကြာတက်မြန်း ခံစားနေရတော့တာပဲတဲ့၊ အဲဒါက ဖိုလ်ပိုင်ရှင် အရိယာဘ၀နဲ့ နိဗ္ဗာနသုခ ခံစားခွင့် ၃ နံပါတ် ပဥှာရဲ့ အဖြေပါပဲ။
မှတ်ချက်။ ။ ယင်းသို့နည်းပေါင်းများစွာဖြင့် ကျင့်ပွားမှတ်ရှုတတ်ရန် မေးသမျှ မကျန်ရအောင် ကုန်အောင်စုံ ဖြေကြားသင်ပြပေးခဲ့တဲ့ ဥဒယ ၀ယ ခဏိက သမာဓိမဟာကု သိုလ် ဉာဏသမ္ပယုတ် စေတနာကံ
သည် မဂ်လေးပါး၏ စီးဝင်ကျရောက်တည်လာရာ ကြီးစွာ သော မဟာကန်တော်ကြီးဖြစ်တယ်လို့ မှတ်ရမယ် ဒကာကြီးတို့၊ စိတ်ဝင်စားကြရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ ပြောဟောသမျှ စကားများကို မှတ်သားနာယူနေပါတယ် ဆရာတော်၊ ဆက်လက်မိန့်ကြားတော်မူပါ ဘုရား၊ စိတ်ဝင်စားကြပါတယ်။


နိဗ္ဗာန်မျက်မှောက်ပြုပုံ ၄ နံပါတ် ပဥှာ၏ အဖြေ
ဆရာ။ ။ နောက်ကပြောပြပြီးသားအတိုင်း ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု ရှုပွားနေတဲ့ ၀ိပဿနာယောဂီဟာ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဦးစီးသော ယင်း ၀ိပဿနာ (ဥဒယ၊ ၀ယ) ခဏိကသမာဓိ မဟာကုသိုလ် ကန်တော်ကြီးထဲသို့ ဗောဓိ ပက္ခိယ တရားအားလုံး သိမ်း ကျုံးစုပေါင်း စီးဝင် ကျဆင်းလာကြရကား။


လူနုံ၊ လူအ တို့အတွက် သိပိုင်ချက်မဟုတ်
အင်း…. ဘုံ ၃ ပါး၌ ဖြစ်ပေါ်မှု တရားအားလုံးဟာ ပျက်သုဉ်းခြင်းလျှင် အဆုံးရှိတာပဲ၊ မခိုင်မြဲသာ ဧကန်ပဲ… ဟု အမှန်ရှုမြင်ပွားများနေသော ရင့်ကျက်ထက်သန်လှသည့် အနုလောမ (ဥဒယ၀ယ) ဉာဏ်က တစ်ဆင့် ကျေးဇူးပြုကာ လောကီတရားစု အားလုံးဟာ ဒုက္ခသစ္စာတွေချည်းသာဟု မိုးကြိုးဆက်ကဲ့သို့ ထက်ထက်မြက်မြက် ပြတ်ပြတ်သားသားနဲ့ ပိုင်းခြားဆုံးဖြတ်ပေးကာ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာအပါယ်လား တဏှာ သမုဒယသစ္စာကိုပါ လက်စတုံးပယ်ခွာ စွန့်ပစ်နိုင်တဲ့ သောတာပတ္တိမဂ်ဉာဏ်ကစပြီး နိဗ္ဗာန်ကို ရှေးဦးစွာ မျက်မှောက်ပြုလိုက်တာနဲ့ အခြားမရှိဘဲ တစ်ဆက်တည်း သောတာပတ္တိဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့ကလည်း ဤပုံဤနည်းအတိုင်း နိဗ္ဗာန်ကို ဆက်ဆက်ပြီး မျက်မှောက်ပြုလိုက်ကြတာ နိဗ္ဗာန်၏အတုမရှိ တဲ့ သန္တိသုခအရသာကို ခံစားသွားကြတာပဲ ဒကာကြီးတို့ရေ။
ကဲ… အဲဒါကတော့ နိဗ္ဗာန်ကို ဘယ်ပုံဘယ်နည်းနဲ့ မျက်မှောက်ပြုလိုက်ပုံ၊ ၄ နံပါတ်ပဥှာရဲ့ အဖြေအကျဉ်းစားကလေးပါပဲ၊ လူနုံ၊ လူအတို့အတွက် သိပိုင်ချက်မဟုတ်ဘူး နော်၊ နားမလည်ရင် အကြိမ်တစ်ရာလောက်ပြန်ဖတ်၊ ဉာဏ်ဓါတ်တွေ ပွင့်လာလိမ့်မယ်။
ဒကာ။ ။ ဆရာတော်နဲ့တွေ့ရတာ ၀မ်းလည်းသာ ကျေးဇူးတွေလည်း အများကြီးပဲ တင် ရပါသည် ဘုရား၊ ဒုက္ခဇာတ်သိမ်းအေးငြိမ်းရာနိဗ္ဗာန်ကို ဤပုံ ဤနည်း ဤတရားစုတို့ဖြင့် မျက်မှောက်ပြုလိုက်ကြပုံ တိုတိုကျဉ်းကျဉ်းကလေးနဲ့ ရှင်းလင်းစွာ သိရလို့ အတိုင်းမသိ ကျေးဇူးတွေရှိလှပါတယ် ဆရာတော်၊ ဘုန်းတော်ကြီး၍ သက်တော်ရှည်ပါစေ ဘုရား။

သမ္မာဒိဋ္ဌိ ပဥှာ ကဏ္ဍံ နိဋ္ဌိတံ

No comments: