သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

မြန်မာပြည်မှာ ရဟန္တာ မရှိဘူးလား

မြန်မာပြည်မှာ ရဟန္တာ မရှိဘူးလား
ဒကာ။ ။ သီဟိုဠ်ကျွန်းစတဲ့ တိုင်းပြည် သာသနာမှတ်တမ်းနဲ့ သာသနာဝင်ကျမ်းစာတွေမှာတော့ ရဟန္တာအရှင်မြတ်တွေ ပေါများလိုက်တာ၊ မိမိတို့ မြန်မာပြည် သာသနာခေတ် အဆက်ဆက်မှာတော့ ရဟန္တာများ များစားစား မရှိရော့သလား ဆရာတော်၊ ထိုထိုကျမ်းစာတွေမှာ မတွေ့ရဘူး၊ ဆရာတော် သိသလောက် ဖြေကြား ပေးပါဦးဘုရား။

ဆရာ။ ။ “ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောကော အရဟန္တေဟိ အဿ” ၀ိပဿနာတရား ကြိုးစားရင် ရဟန္တာဖြစ်တာပေါ့ ဒကာကြီးတို့ရ၊ အာရဒ္ဓ၀ိပဿကဖြစ်တော်မူကြတဲ့ ရှေးခေတ်က ထင်ရှားသော တုတ်ထောက်ဆရာတော်၊ နံမော်ဆရာတော်၊ သီးလုံးဆရာတော် စတဲ့ ဆရာတော်ဘုရားကြီးများနဲ့ သူတို့ရဲ့တပည့် သာဝက တွေဟာ ရဟန်းကိစ္စပြီးစီးသွားကြတဲ့ ရဟန္တာအရှင်မြတ်တွေပဲလို့ ဆရာစဉ်ဆက်ပြော တာ ကြားသိ မှတ်သားရဘူးတယ်။
ဒါပေမယ့် မိမိရဟန္တာဖြစ်ကြောင်းကို သူတစ်ပါးမသိစေရန် သိပ်သိပ်သည်းသည်း လျှို့ဝှက်ထားတော်မူ ကြတဲ့ တကယ့်သူတော်ကောင်း “အဓိဂမ အပ္ပိစ္ဆ” ပုဂ္ဂိုလ်မြတ်ကြီးတွေဆိုတော့ ခုခေတ်ရဟန္တာတွေလို ကိုယ့်ကိုယ်ကို ငါရဟန္တာလို့ မကြေညာ မပြောဆိုကြဘဲ လူများအထင်ကြီးအောင်လည်း မလုပ်ကြလို့ ထိုခေတ် ရှင်လူတို့က ထိုထို ဆရာတော်ကြီးများကို ရဟန္တာဟုပင် မမှတ်ထင်ကြဘူးတဲ့။
သို့ပေမယ့် စာပေပိဋကတ်တတ်ဆရာတော်ကြီးတွေက အင်း… သည်ပုဂ္ဂိုလ်ဟာဖြင့် ရဟန်းကိစ္စပြီးပြီး သော သူမြတ်ပဲဟု မှတ်ချက်ချကာ စိတ်နဲ့ အသိအမှတ်ပြုတော်မူကြတယ်၊ စာပေနဲ့တော့ ရေးသားမှတ်ထားတော် မမူကြဘူး၊ ဒါကြောင့်ပါ၊ မရှိလို့မဟုတ်ပါဘူး ဒကာကြီးတို့ရ၊ ကဲ… သဘောပေါက်ရဲ့လား၊ ဗုဒ္ဓသာသနာတော်မှာ ဗဟုသုတ ပုဂ္ဂိုလ် ၂ ယောက်ဟာ ရှိတတ်ပါတယ်။
ဒကာ။ ။ မှန်ပါ့၊ သည်ကိစ္စကလည်း ငါ ရဟန္တာပဲဟု လူအများသိအောင် ၀င့်ကြွားကြေညာရမည့် ကိစ္စလုပ်ငန်းမျိုးမဟုတ်တော့ သည်လိုပဲဖြစ်ရမှာပေါ့ ဆရာတော်။ သဘောပေါက်ပါပြီ ခုခေတ်ကတော့ သတင်းစာ ထဲက ကြော်ငြာနေကြတဲ့ ရဟန္တာတွေပဲ ဘုရား။
မှတ်ချက်။ ။ မြန်မာရဟန္တာတွေများများသိချင်ရင် (ဗိုလ်သိမ်းဆွေ-ခေါ်) အရှင်သာသန၀ိသုဒ္ဓိရေး တဲ့ မြန်မာနိုင်ငံရဟန္တာများ ထေရုပ္ပတ္တိကျမ်းစာအုပ်ကို ကြည့်ရှုဖတ်ကြားရန် မှတ်ထားပါ။
ဒကာ။ ။ သာသနာတော်မှာ ဗဟုသုတပုဂ္ဂိုလ် ၂ ယောက်ရှိတယ်ဆိုတာဟာ ဘယ်လိုပုဂ္ဂိုလ် ဘယ်သူ တွေလဲ ဆရာတော် ရှင်းပြပေးပါဦး။
ဆရာ။ ။ အင်း… ရှင်းပြပေးပါ့မယ် ဒကာကြီးတို့ ရေးမှတ်ပေတော့၊ အာဂမသုတပုဂ္ဂိုလ်နဲ့ အဓိဂမသုတ ပုဂ္ဂိုလ်တဲ့။
၁။ အာဂမသုတပုဂ္ဂိုလ်ဆိုတာက ပိဋကတ်တော်လာ လောကီလောကုတ္တရာရေးရာနှင့် စပ်၍ ပညာရှိသူ ရှင်၊ လူ၊ ရဟန်းတို့ သင်ပြဟောကြား ပြောဆိုသွားသော အကြောင်းအရာများကို မမေ့မပျောက်စေဘဲ နှုတ်တက်အရ ကြားနာမှတ်သားထားသူကို ခေါ်တယ်၊ ခုကာလမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ တို့လို ပုဂ္ဂိုလ်မျိုးပေါ့။
၂။ အဓိဂမ သုတပုဂ္ဂိုလ်ဆိုတာက ရုပ် နာမ် ဓမ္မတို့၏ သင်္ခါရသဘော အနိစ္စဒုက္ခ အနတ္တနဲ့ သစ္စာလေးပါး တရားတော်များကို ကိုယ်တွေ့ ဒိဋ္ဌ သိမြင်ရအောင် မှတ်သားပွားများ အားထုတ်ကြိုးစား၍ နိဗ္ဗာန်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်သိရှိထားသော အရိယာသူတော်စင်ကို ခေါ်တာ၊ အဲဒီ ၂ နံပါတ် အဓိဂမသုတသမားကို မြတ်စွာဘုရား ချီးမွမ်းတော်မူတယ်၊ ဒကာကြီးတို့လည်း အဲဒီအရိယာပိုင်းရောက်အောင် အားထုတ်ကြပေါ့၊ အဲဒါဟာ သာသနဗဟု သုတ ပုဂ္ဂိုလ်နှစ်ယောက်ပဲ။
ဒကာ။ ။ ကျေနပ်နှစ်သက်ပါတယ် ဆရာတော်၊ ဒကာကြီးတို့လည်း တတ်နိုင်သလောက် ကြိုးစားပါ မည် ဘုရား၊ ဒါပေမယ့် အဲဒီ ၂ နံပါတ် ပုဂ္ဂိုလ်မျိုးအစစ်ကို ခုခေတ်မှာ အတော်ရှာရမှာပဲနော်။

No comments: