သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

သုခဝေဒနာသည် ဒုက္ခသစ္စာလော

သုခဝေဒနာသည် ဒုက္ခသစ္စာလော
ဒကာ။ ။ ၀ိပဿနာတရား ရှုပွားတဲ့အခါ သုခဝေဒနာပေါ်လာရင် သုခဝေဒနာလို့ ရှုမှတ် ပွားများနေရမယ်လို့ ဝေဒနာနုပဿနာ သတိပဋ္ဌာန်က ဆိုထားတဲ့အတိုင်း သုခဝေဒနာ သုခဝေဒနာလို့ မှတ်သိနေရင် ဒုက္ခသစ္စာကို ပိုင်ခြားသိမြင်နိုင်ပါမည်လား ဆရာတော်၊ သုခနှင့် ဒုက္ခက ဆန့်ကျင်ဘက် မဟုတ်ပါလား၊ ကျမ်းဂန်က ဘယ်လိုဆိုပါသလဲ ဘုရား။

ဆရာ။ ။ သုခဝေဒနာဆိုတာ သမ္မုတိသစ္စာနယ်ထဲက စကားသုံးလို့မှတ်ပါ၊ ပရမတ္ထ သစ္စာက “သဗ္ဗေ သင်္ခါရာ ဒုက္ခာ” တဲ့၊ သုခဝေဒနာ သုခဝေဒနာလို့ သိမှတ်နေတဲ့ ယောဂီရဲ့ အသိဉာဏ်မှာ အဲဒီပေါ်ပေါ်လာတဲ့ သုခခံစားချက်ကလေးတွေဟာ မှတ်တိုင်း ရှုတိုင်း ပျက်ပျက်သွားတာ တွေ့ရခြင်းဖြင့် ဒုက္ခသစ္စာတွေ ပေါ်ပေါ်လာတာပဲ၊ သုခရယ်လို့ မမှတ် မထင် တော့ဘူး၊ မြဲမှ မမြဲတဲ့ တရားဟာ အနိစ္စပဲပေါ့၊ အနိစ္စထင်ရင် သုခမမြင်တော့ဘူး၊ ဒုက္ခအမှန်ကို မြင်လာတယ်၊ ဒါကြောင့် သံယုတ်ပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၄၀၉ မှာ…..
သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ။
ရဟန်းတို့ သုခဝေဒနာကို ဒုက္ခ ဒုက္ခလို့သာ မှတ်ရှုပွားများအပ်ကုန်၏ လို့ ဟောဆိုထား တာရှိတယ်၊ မှတ်ရင် မှတ်ရင်းနဲ့ နောက်ဆုံးတော့ ဒုက္ခသစ္စာအပိုင်းထဲကိုသာ ၀င်ဝင်သွားကြ တာပဲ။ ကဲ… သဘောကျရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ အနိစ္စထင်တော့ ဒုက္ခမြင်တာပေါ့ ဆရာတော်၊ သုခလည်း ပျောက်ဆုံး ကုန်ရောပေါ့၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာဆိုတာ ဒီသဘောကိုဆိုတာ ထင်ရှားလိုက်တာဘုရား၊ သဘောကျကျေနပ်ပါပြီ။

No comments: