သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

လူနာများ လိုက်နာပြုကျင့်ရမည့် အင်္ဂါရှိပါသလား

လူနာများ လိုက်နာပြုကျင့်ရမည့် အင်္ဂါရှိပါသလား
ဒကာ။ ။ ဆရာတော် မကျန်းမမာဘူးကြားလို့ လာတာပါ၊ ဘယ်လိုဖြစ်တာလဲ သက်သာပါရဲ့လား။ ဗုဒ္ဓဘုရားကကော လူနာများအတွက် ကျန်းမာရေးနည်းလမ်းများ လိုက်နာပြုမူရန် ညွှန်ကြားပေးတာ ပိဋကတ်တော်မှာ ရှိပါသလားဆရာတော်။

(၁၃၃၅ ခု တော်သလင်းလက ဖြစ်သည်၊ သေလုနီးပါး ခံစားရသည်။)
ဆရာ။ ။ အင်း…. သက်သာပါပြီ နှလုံးရောဂါပါပဲ၊ ပါရဂူကြီးဦးမွန်ဟန်တို့ ဦးရွှေတင်တို့ ကိုယ်တိုင် ကျောင်းကိုလာကာ စက်တွေနဲ့ ကြပ်မတ် ကုသပေးကြပါတယ်၊
အင်္ဂုတ္တရ ပဉ္စက ဂိလန၀ဂ်မှာ လူနာရဟန်းများလိုက်နာရန် ညွှန်ကြားချက်တွေရှိပါတယ်၊ ဂိလာန ပုဂ္ဂိုလ်ဟာ….
၁။ မိမိရောဂါနှင့် သင့်လျော်သော ဆေး အစာတို့ကိုသာ မှီဝဲသုံးဆောင်ရမည်တဲ့။
၂။ သင့်လျော်လျောက်ပတ်သည်ကို ပမာဏအတိုင်းအရှည်သိ၍ မှီဝဲသုံးဆောင်ရမည် တဲ့။
၃။ မသင့်လျော်သော နေရာ အရပ် အိပ်ရာ နေရာတို့၌ မနေထိုင်ရတဲ့။
၎။ ဆရာညွှန်ကြားသော စကားကို လိုက်နာ ကျင့်ကြံ ပြုမူရမည်တဲ့။
၅။ မိမိရောဂါကို သည်းခံကာ သတိအမှတ်ဖြင့် နေရမည်၊ သတိလွတ်ကာ အော်ဟစ်ဆူ ပူ ညည်းညူခြင်း မပြုရတဲ့။
အဲဒီငါးပါးဟာ လူနာများအတွက် မြတ်ဗုဒ္ဓရဲ့ ညွှန်ကြားချက်ပါပဲ၊ ဒကာကြီးတို့လည်း လိုက်နာဖို့ အလွန်ကောင်းတယ်နော်၊ ပိဋကတ်တော်မှာ လူမှုရေး၊ ယဉ်ကျေးမှုတွေ အပြည့်အစုံ ပါတယ်။
ဒကာ။ ။ မှန်ပါ့၊ တယ်ကောင်းပါလား ဆရာတော်၊ သည် ငါးပါးသိရတာ ကျေးဇူးများပါတယ် ဆရာတော်၊ တပည့်တော်တို့ လိုက်နာစရာတွေပါပဲ။

No comments: