သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

စိတ်ပုတီးဆိုတာ ဘာစကားလဲ

စိတ်ပုတီးဆိုတာ ဘာစကားလဲ
ဒကာ။ ။ ဆရာတော်က အဘိဓါန်ကျမ်းပြုဆရာမို့ စိတ်ပုတီးဆိုတဲ့ အဘိဓါန်ပုဒ် စကားလုံးရဲ့ သူ့ရဲ့အနက်သဘောကို သိပါရစေဘုရား၊ ရှင်းပြပေးပါ။

ဆရာ။ ။ အင်း… ဒီမေးခွန်းကို လွယ်လွယ်နဲ့ ရှင်းလို့မရဘူး၊ အဘိဓမ္မဝေါဟာရက ဆင်းသက်လာတဲ့ အဘိဓါန်ပုဒ်ဖြစ်တယ်၊ အဖြေကို စိတ်ပါလက်ပါနဲ့ မှတ်သားပါ ဒကာကြီးတို့။
ဒကာ။ ။ မှန်ပါ့၊ စိတ်ဝင်စားစွာနဲ့ မှတ်သားပါမည် ဆရာတော်၊ မိန့်ကြားပါ ဘုရား။
ဆရာ။ ။ စိတ်ပုတီးရဲ့ မူရင်းစာပုဒ်က “စိတ္တ ပဋိပါတိ” ဆိုတဲ့ ပါဠိစကားမှ သက်ဆင်းဖြစ်ပေါ်လာတာလို့ မှတ်ယူရမည်တဲ့။
ယင်းရဲ့ အနက်အဓိပ္ပါယ်က အာရုံတစ်ခုကိုစွဲ၍ စိတ်များဖြစ်ပေါ်လာပုံ အစဉ်အတန်း၊ (၀ါ) စိတ်ဖြစ်ပေါ်လာပုံ ၀ီထိတစ်ခု၏ စိတ်အစဉ်ဟု အနက်အဓိပ္ပါယ်ရတယ်။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် အသေးစိတ် ရှင်းပြပါဦး ဆရာတော်၊ ပါဠိတွေတော့ မရွတ်ပါနဲ့ ဘုရား။
ဆရာ။ ။ အင်း… စိတ္တ ဆိုတာက စိတ်၊ ပဋိပါတိ ဆိုတာက အစဉ်ကျရောက်ဖြစ်ပေါ်လာပုံ၊ အဲဒီ ပါဠိစကားက ပျက်စီးပြီး စိတ်ပဋိ = စိတ်ပဋီး = စိတ်ပုတီးရယ်လို့ ဖြစ်လာတာပဲ ဒကာကြီးတို့။
သူရဲ့ ဖြစ်ပုံ မူလသဘောက အဘိဓမ္မာနည်းအရ အာရုံတစ်ခုကို သိရှိရေးအတွက် စိတ်အချက်ပေါင်း ၁၇ ချက် အစဉ်အတိုင်းဖြစ်ပေါ်လာရတယ်၊ အဲဒီတော့မှ ထိုအာရုံရဲ့ သဘာဝကို တိတိကျကျ အပြည့်အ၀ ခံစားမှု ရရှိသည်တဲ့၊ ယင်းစိတ်အစဉ် ၁၇ ချက် ဖြစ်ပျက်သွားတဲ့ အစဉ်ကိုပဲ ၀ီထိ လို့ ခေါ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ဆက်လက်မိန့်ကြားပါ ဆရာတော်၊ စိတ် ၁၇ ချက် ဖြစ်ပုံ ၀ီထိဆိုတာကို သိပါရစေ ဘုရား။
ဆရာ။ ။ အင်း.. ဒါက ပညာရှိများမှာ နားလည်သဘောကျမို့ ပညာရှေ့ထားပြီးတော့ စေစားနားထောင်ပါ၊ ၀ိပဿနာပဋိပတ်ကို သဘာဝကျကျ တတ်သိလိုတဲ့ ရှေးသူတော်ကောင်းတွေဟာ ပစ္စယပရိဂ္ဂဟဉာဏ်ခေါ်တဲ့ အကျိုးနဲ့အကြောင်း ဆက်စပ်ပုံနားလည်အောင် စိတ်အစဉ် ဖြစ်ပေါ်ပုံကို လေ့လာသင် ကြားကြတယ်။
အဲဒီလို လေ့လာတဲ့အခါ စိတ္တာနုပဿနာခေါ်တဲ့ ၀ိဇ္ဇာပညာဝိပဿနာကို ပွားများတတ်အောင် ကြိုးငယ်၌ အထုံး ၁၇ ထုံး ဖွဲ့ပြီးတော့ ကာမဂုံအာရုံငါးပါးထဲက အာရုံတစ်ခုကိုသိလိုက်တဲ့အခါ ကိစ္စပြီး စေတနာကံမြောက်ပုံ စိတ်အစဉ်ကို ဟောဒီလို သင်ကြားကြတယ်။
အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀ဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ တဒါရုံ၊ တဒါရုံ။
အဲဒီ စိတ်အစဉ်ကို ကြိုးထုံးကလေးတွေနဲ့ လေ့လာမှတ်သားကြတယ်၊ အဲဒါကို ပါဠိလို “စိတ္တ ပဋိပါတ” လို့ ခေါ်တယ်၊ အဲဒီပါဠိက ပျက်ပြီးတော့ စိတ်ပုတီးဖြစ်လာတာပဲ၊ ကဲ… သဘောကျရဲ့လား၊ သေချာစွာ သိချင်ရင် တတ်ချင်ရင် သင်္ဂြိုဟ်ကျမ်း ၀ီထိပိုင်းကို သင်ပါ၊ ဇော ၇ ကြိမ်ဟာ စေတနာကံတွေပဲ၊ သူ့ကို ကမ္မဘ၀လို့ ခေါ်တယ်။
ဒကာ။ ။ မှန်ပါ့၊ စိတ်ပုတီးဆိုတဲ့ အဘိဓါန်ပုဒ်ကိုတော့ သဘောကျပါပြီ ဆရာတော်၊ စိတ်အစဉ်ဖြစ်ပုံ ၀ီထိတွေကိုတော့ လေ့လာသင်ကြားရဦးမှာပါ၊ အဘိဓမ္မာတရားက ခက်တာကိုး။

No comments: