သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

အမေးပဥှာတွေများလာပုံ

အမေးပဥှာတွေများလာပုံ
၎င်းဓမ္မဂုဏ်တော် အနန္တထဲမှ ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာကျမ်းစာအုပ်ထဲသို့ပြေးကာ ပြေးကာ ၀င်ဝင်လာကြသော အမေးပဥှာအမျိုးမျိုးတွေ ကျယ်ပြန့်ကြီးထွားလာပုံ အကြောင်းရပ်တို့ကား ဤကျမ်းပြုသူမိမိသည်
(က) ၁။ မြန်မာပါဠိ အဘိဓါန်ကျမ်းကြီးကို ပြုစုထုတ်ဝေပေးခဲ့ခြင်း။
၂။ မြန်မာမှမြန်မာသို့ စံပြအဘိဓါန်ကျမ်းကြီးကို ပြုစုထုတ်ဝေပေးခဲ့ခြင်း။
၃။ စာပေ၀ိဒူ ရဟန်း၊ ရှင်၊ လူတို့အနှစ်သက်ဆုံးဖြစ်သော သုတေသန သရုပ်ပြအဘိဓါန်ကျမ်းကြီးကို ပြုစုထုတ်ဝေပေးခဲ့ခြင်း။
၎။ ယောဂီလက်စွဲ ကျမ်းမြတ်ကို ထုတ်ဝေပေးခဲ့ခြင်း။

ယင်းသို့သော ကျမ်းစာအုပ်ကောင်းများကို အကြောင်းပြု၍ မိမိ၏စာကြည့်ပုရိသတ်များထဲမှ ၎င်းတို့သိလိုချက် မေးပဥှာတွေ ရောက်ကာရောက်ကာ လာကြခြင်း။
ထိုမှတပါး အခြား၊ အခြားသော အကြောင်းရပ်တို့ကား ဤသုတေသနသမ္မာ မဂ္ဂင်္ဂ ပဥှာကျမ်းပြုသူ မိမိသည်-
(ခ) လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကြီး၌ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
(ဂ) ဆူးလေစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကြီး၌လည်း သြ၀ါဒါစရိယ ဆရာတော်ဖြစ်ပြန်ခြင်း။
(ဃ) စေတိယင်္ဂဏ ပရိယတ္တစာမေးပွဲအသင်းကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
(င) ရန်ကုန်မြို့ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအသင်းကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
(စ) ရန်ကုန်မြို့ မင်္ဂလာဗျူဟာအဖွဲ့ချုပ်ကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
(ဆ) အသင်းသားပေါင်း တစ်သောင်းကျော်မျှရှိသော ဝေနေယျသုခ ရေချမ်းစင်
အသင်းကြီး၏ သြ၀ါဒါစရိယ ဆရာတော် ဖြစ်တော်မူခြင်း။
(ဇ) ရန်ကုန်မြို့လုံးဆိုင်ရာ မဟာရှင်သာမဏေ စာမေးပွဲကြီး၏ နာယကဆရာတော်ဖြစ်ခြင်း။
(ဈ) နံနက်ချိန်ခါ ကျန်းမာရေး စင်္ကြံလျှောက်ကြရာဝယ် ရွှေတိဂုံ-ပန်းခြံမျက်ခင်းပေါ်၌ တွေ့လေ့ရှိသော အိုင်-စီ-အက်(စ်) ၀န်ကြီးဟောင်း မြန်အောင်ဦးတင်နှင့် အပေါင်းပါ အငြိမ်းစာအရာရှိကြီးများ၏ နှစ်သက်ဝမ်းသာစွာဖြင့် မေးမြန်းလာကြသော ပြဿနာများကိုလည်း ဖြေကြား ပေးရခြင်း။
(ည) ထိုထို ရဟန်းခံ ရှင်ပြု ကျောင်း၊ ဘုရား၊ စေတီ၊ သိမ်သမုတ်အလှူပွဲတို့၌လည်းကောင်း၊ နားသ၊ နားထွင်း၊ လက်ထပ်ခြင်း မင်္ဂလာသဘင်တို့၌လည်းကောင်း၊ ရတု၊ ရကန်၊ တေးထပ်၊ လေးချိုး၊ သံချို၊ သြဘာစာ အမျိုးမျိုးတို့ကို ရွတ်ဆိုဖတ်ကြားရာ၌ သူမပါလျှင် မပြီးသလောက်ရေပန်းစားခဲ့သော သုဓမ္မာဝတီဦးပန်းမောင်နှင့် စာဆိုတော်ကြီးများ၏ မေးမြန်းမှု ပဥှာအမျိုးမျိုးတို့ကိုလည်း အစဉ်မကွာ ထိုထိုကျမ်းစာတို့မှ ရှာဖွေ ဖြေကြား၍ ပေးရခြင်း။
(ဋ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
(ဌ) ရန်ကုန်မြို့ ယထာဓမ္မသာသနာပြုအသင်းကြီး၏ နာယကဆရာတော် ဖြစ်တော်မူခြင်း။
(ဍ) ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်တော်မူခြင်း။
(ဎ) ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သာသနာ သန့်ရှင်း၊တည်တံ့၊ ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ကြီး၏ နိုင်ငံတော် သံဃာ့မဟာနာယက ဒုတိယဥက္ကဌ ဆရာတော်ဖြစ်ခြင်း။
ယင်းဖော်ပြပါ (က)ကြီးမှ (ဎ)အထိ ထင်ရှားသော အကြောင်းခြင်းရာ ဂုဏ်အင်္ဂါအဖြာဖြာတို့ကြောင့် သာသနာ့
ဩဒါယကာ သူဌေးကြီးဆာဦးသွင်နှင့် အပေါင်းပါတစ်စုတို့စတင်၍ အမေးပြုလာကြပုံ ပဥှာရပ်ထဲ၌ ဟာသဉာဏ်ပါဝင်သော ဥပါသကာ၏ အဆင်အပြင် အသွင်သဏ္ဌာန်ပုံဟန်ရှိသည့် အမေးပဥှာတစ်ခုကို အကြောင်းပြုအစထား၍ အခြားအခြားသော အလေးဂရုပြုစရာသိမ်မွေ့ နက်နဲ ခက်ခဲလျက် အနှစ်သာရတို့ဖြင့် ပြည့်နှက်ကာ အရေးပါသောအမေးပဥှာ များစွာတို့လည်း ဖြစ်ရှိပေါ်ပေါက်လာကြလေပြီ။
ဤသို့လျှင် သမ္မာဒိဌိ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်နိုင်မှုကို သိရှိလိုကြကုန်သော သူတို့၏ အမေးပုစ္ဆာပဥှာအရပ်ရပ်တို့ အထပ်ထပ်များပြားသလောက် အမေးပဥှာရှင်တို့၏ အသည်းနှလုံးထဲ စွဲမက်မြတ်နိုးစွာ မှတ်သားဖွယ်ရာ အထောက်အထား အကိုးအကားများစွာတို့ဖြင့် ပြည့်စုံလုံလောက်သော ဗုဒ္ဓဘာသာ သမ္မာဒိဌိ စစ်စစ်ဖြစ်လာနိုင်မှုကို ရှေးရှုလျက် ရေးပြုပေးသော ၀ိသဇ္ဇနာ အဖြေလွှာ အထပ်ထပ်တွေလည်း အရစပ် တစ်ဆက်တည်း ကျယ်ပြန့်ကြီးထွား ဖြစ်ပွားပေါ်ထွန်း၍ လာကြရကား ဤမျှသောကျမ်းစာအုပ်ကြီးအဖြစ်သို့ ရောက်ရှိရပါကြောင်း စာပေ သုခမိန်အပေါင်းတို့။

ဘဒ္ဒန္တသြဘာသာဘိဝံသ
နိုင်ငံတော် သံဃာ့မဟာနာယက
ဒုတိယဥက္ကဌ
ဖျာပုံတိုက်သစ်-သရက်တောတိုက်
ရန်ကုန်မြို့။

No comments: