သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

နိဗ္ဗာန်ကို ကွန်ပျူတာစတဲ့ သိပ္ပံနည်းနဲ့ ရှာလို့ ရ မရ

နိဗ္ဗာန်ကို ကွန်ပျူတာစတဲ့ သိပ္ပံနည်းနဲ့ ရှာလို့ ရ မရ
ဒကာ။ ။ နိစ္စ- မြဲသော၊ သုခ- ချမ်းသာ၊ နိစ္စသုခ ဓါတ်သဘောရှိတဲ့ နိဗ္ဗာန်တရားမြတ်ကို ကွန်ပျူတာစ သော သိပ္ပံပညာရပ်ဖြစ်တဲ့ လောကဓါတ်နည်း အမျိုးမျိုးတို့ဖြင့် ကြံစည်စမ်းသပ် ရှာဖွေလို့ ရနိုင်၊ မရနိုင်၊ ပိဋကတ် တော် အထောက်အထားနဲ့ တိုတိုကျဉ်းကျဉ်းကလေးပဲ အများမှတ်ဖို့ ဆုံးဖြတ်ပေးပါ ဆရာတော်။

ဆရာ။ ။ အင်း… နိစ္စ သုခ ဖြစ်တဲ့ နိဗ္ဗာနဓါတ် တရားမြတ်ကို ကွန်ပျူတာစတဲ့ လောကီသိပ္ပံနည်း အရပ်ရပ်တို့နဲ့ စမ်းသပ်ရှာဖွေလို့ မရနိုင်ဘူး၊ အထောက်သာဓက ပါဠိတော်ကတော့ မြတ်စွာဘုရားတရားဟောဖို့ ဆင်ခြင်တဲ့အခါ…
အဓိဂတော ခေါ မျာယံ ဓမ္မော၊ ဂမ္ဘီရော၊ ဒုဒ္ဒသော၊ ဒုရာနုဗောဓော၊ သန္တော၊ ပဏီတော၊ အတက္ကာဝစရော၊ နိပုဏော၊ ပဏ္ဍိတဝေဒနိယော။
အဓိဂတော ခေါ မျာယံ ဓမ္မော။ ။ ငါရယူတွေ့ရှိ ခံစားထားရတဲ့ လောကမှထွက်ရာ အမှန်အစစ်ဖြစ် တဲ့ ဤနိဗ္ဗာန်တရားမြတ်သည်။
ဂမ္ဘီရော။ ။ ၀ိပဿနာ ပညာလမ်းဖြင့်သာ ကြံစည်စမ်းသပ် ဖော်ထုတ်ရမည်ဖြစ်၍ အဟုတ်ပင် နက်နဲလှစွာ၏။
ဒုဒ္ဒသော။ ။ သိရှိတွေ့မြင်နိုင်ဖို့ကလည်း ခဲယဉ်းသည်ထက် ပိုမိုခဲယဉ်းလှစွာ၏။
ဒုရာနုဗောဓော။ ။ ရှင်းလင်းပြတ်သားစွာ သဘောပေါက် နားလည်နိုင်ဖို့ကလည်း ခဲယဉ်းပြန်၏။
သန္တော။ ။ နိစ္စ - သုခ ဖြစ်၍ ငြိမ်းချမ်းအေးမြ ချမ်းသာလှစွာ၏။
ပဏီတော။ ။ နှိုင်းပြစရာမရှိ မွန်မြတ်လှဘိ၏။
အတက္ကာဝစရော။ ။ လောကဓါတ်ပညာရပ် သိပ္ပံစွမ်းအင် အတတ်တို့ဖြင့် ကြံစည်ထုတ်ဖော် လုပ်ကိုင်၍ မရကောင်းချေ။
ပဏ္ဍတဝေဒနိယော။ ။ မဂ်ပညာရှင် ဖိုလ်ပညာရှင်တို့သာလျှင် သိမြင်ခံစားရသော သဘောအရာ ဖြစ်ချေသည်… ဟု သဗ္ဗညုတညာဏ်တော်မြတ်မှာ ထင်မြင်လာလို့ပဲ၊ ဒါကြောင့် လောကုတ္တရာနိဗ္ဗာန်တရားမြတ် ကို ကွန်ပျူတာစသော လောကဓါတ်ပညာရပ်တို့ဖြင့် ကြံစည်ထုတ်ဖော်လို့ မရနိုင်ဘူးလို့ သိမှတ်ထားရမည် ဒကာကြီးတို့၊ ရှင်းကြရဲ့လား။
ဒကာ။ ။ ဒီလိုဆိုရင် သန္တိသုခရှိတဲ့ နိဗ္ဗာန်တရားမြတ်ကို ဘယ်ပညာရပ် ဉာဏ်စွမ်းအင်ဖြင့် သိမြင် ခံယူနိုင်ပါမည်လဲ ဆရာတော်။
ဆရာ။ ။ “၀ိပဿနာ ဉာဏံ နိဿာယ မဂ္ဂဖလဉာဏေန အ၀စရိတဗ္ဗော” လို့ ဟောကြားတယ်၊ ၀ိပဿနာ ဉာဏ်ကို အခြေခံမှီရာထားပြီးတော့ ရရှိလာတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ စွမ်းအင်သတ္တိဖြင့်သာ နိဗ္ဗာန်တရားမြတ်ကို သိမြင် ရယူ ခံစားနိုင်တယ်၊ ၀ိပဿနာ တရားမရှုပွားဘဲနဲ့တော့ ဘယ်သောအခါမှ မရနိုင်ဘူး ပဲ ဒကာကြီးတို့၊ ဒါက လူအ လူန အန္ဓတို့အတွက် မဟုတ်ဘူးနော်၊ ကလျာဏ ပုဂ္ဂိုလ်တို့အတွက်သာ ဖြစ်တာ။
ဒကာ။ ။ ရှင်းလင်း တိကျပြတ်သား၍ ကျေနပ် နှစ်သက်လှပါတယ် ဆရာတော်၊ ဒကာကြီးကလည်း ကလျာဏထဲကပါ ဘုရား။

No comments: