သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဆရာတော် ပြပေးနေတဲ့ ၀ိပဿနာတရားရှုပွားသူ ဘယ်လောက်များများရှိပါသလဲ

ဆရာတော် ပြပေးနေတဲ့ ၀ိပဿနာတရားရှုပွားသူ
ဘယ်လောက်များများရှိပါသလဲ
ဒကာ။ ။ ဆရာတော်က ညည ၀ိပဿနာတရား ပြသပေးနေတယ်လို့ လာရောက်ရှုပွားသူ ယောဂီ တော်တော်များရဲ့လား၊ အမျိုးသမီးနဲ့ အမျိုးသားဘယ်သူက များပါသလဲ ဆရာတော်။

ဆရာ။ ။ ၀ိပဿနာတရားကို ဆရာတော်ပြပေးနေတယ်ဆိုတာ မဟုတ်ပါဘူး၊ လာရောက်ရှုပွားသူ ယောဂီလည်း မရှိပါဘူး၊ အမျိုးသမီး အမျိုးသားဆိုတာတွေလည်း မရှိပါဘူး၊ ဒကာကြီးတို့ရာ။
ဒကာ။ ။ ဆရာတော်ကိုယ်တိုင် ညတိုင်းပြပေးနေတာ သိပါတယ်၊ ယောဂီပရိသတ်လည်း တော်တော်များတယ်လို့ ကြားသိပါတယ်၊ ခု ဆရာတော် မိန့်ကြားတဲ့စကားတွေကို ဒကာကြီးနားမလည်ဘူး ရှင်းပြ ပါဦးဆရာတော်၊ မုသားမသုံးပါနဲ့ ဘုရား။
ဆရာ။ ။ အင်… ၀ိပဿနာ တရား သဘောအစစ်က သူတစ်ပါးယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့ မရှိဘူး ဒကာကြီးတို့ရ၊ ရုပ်နာမ်အတု သင်္ခါရဓမ္မအစုမျှသာ ရှိတာ၊ ပြသူလည်းမရှိဘူး၊ ရှုသူလည်း မရှိဘူး၊ သင်္ခါရတို့က ပြပေးတာကို သင်္ခါရတို့က ရှုမှတ်ပွားများနေကြတာပဲ ဖြစ်တယ်။
ဒကာ။ ။ သည်တရားအလုပ်ကို ဒကာကြီးတို့ သဘောကျအောင် အနည်းငယ်ရှင်းပြပေးပါ ဆရာတော်၊ ပါဠိတွေ အများကြီးမလုပ်ပါနဲ့၊ အနည်းငယ်လောက် တိုတိုတုတ်တုတ်နဲ့ ပြီးအောင် ထုတ်ပြပေးပါ ဆရာတော်။
ဆရာ။ ။ အင်း… သည်တရားလုပ်ငန်းက ပညာဉာဏ်စွမ်းအင် ပြဋ္ဌာန်းတာ ဖြစ်တယ်၊ ဉာဏ်နားနဲ့ မှတ်သားနားထောင်ပါ၊ အပြောရမလွယ်လှဘူးနော် ဒကာကြီးတို့ရ။
လောကကြီးတစ်ခုလုံး ဖြစ်ပျက်နေတာ သင်္ခါရဓမ္မတွေချည်းသာ ဖြစ်တယ်၊ သင်္ခါရဓမ္မဆိုတာ ရုပ်နဲ့ နာမ်ကို ခေါ်တာ၊ ဒါကြောင့် ရုပ်နာမ်ကို သင်္ခါရဓမ္မလို့ မှတ်ထားပါ။
ဒကာ။ ။ ရုပ် နာမ် ဓမ္မ သင်္ခါရကို မှတ်မိပါပြီဆရာတော်၊ ရှေ့ဆက်ပြီး မိန့်တော်မူပါဘုရား။
ဆရာ။ ။ အင်း… ဒါဖြင့် ဉာဏ်နားနဲ့ စူးစိုက်မှတ်သား နားထောင်ပါ။
၁။ သင်္ခါရာဝ သင်္ခါရေ ၀ိပဿန္တိ။ ။ သင်္ခါရခေါ်တဲ့ နာမ်ဓမ္မတို့ကသာလျှင် သင်္ခါရခေါ်တဲ့ ရုပ်နာမ်တို့၏ မခိုင်မြဲမှု ဖြစ်ပျက် အနိစ္စ၊ နှိပ်စက်မှု ဆင်းရဲဒုက္ခ၊ ငါ ငါ့ဥစ္စာမဟုတ် အနတ္တသဘောတွေကို ရှုမြင်ပွားများတာသာ ဖြစ်တာ၊ ယောဂီက ပွားများနေတာ မဟုတ်ဘူး၊ ဆရာတော်က ပြနေတာလည်း မဟုတ်ဘူး။
၂။ သင်္ခါရာဝ သင်္ခါရေ သမသန္တိ။ ။ သင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တသဘောမှန် မမှန်ကို သင်္ခါရတို့ကသာ သုံးသပ်ဆင်ခြင်စစ်ဆေး၍ နေတာဖြစ်တယ်တဲ့၊ ယောဂီက ဆင်ခြင်သုံးသပ်နေတာ မဟုတ်ဘူး။
၃။ သင်္ခါရာဝ သင်္ခါရေ ၀၀တ္ထပေန္တိ။ ။ အင်္ခါရတို့ကသာ သင်္ခါရတို့ကို မှတ်သား မှတ်သားကာ နေကြ တာ၊ ယောဂီက ပိုင်းခြားမှတ်သားနေတာ မဟုတ်ပါဘူး။
၎။ သင်္ခါရာဝ သင်္ခါရေ ပရိဂ္ဂဏှန္တိ။ ။ သင်္ခါရတို့ကသာ သင်္ခါရတို့ကို သိမ်းဆည်း သိမ်းဆည်းကာ နေကြတယ်။
၅။ သင်္ခါရာဝ သင်္ခါရေ ပရိစ္ဆိန္ဒန္တိ။ ။ သင်္ခါရတို့က ဤဟာကား ရုပ်တရား၏သဘောအစု၊ ဤဟာကား ဝေဒနာ၏ သဘောအစု၊ ဤဟာကား သညာ၏ သဘောအစု၊ ဤဟာကား သင်္ခါရ၏ သဘောအစု၊ ဤဟာကားဝိညာဉ်၏ သဘောအစု- ဟု ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ပိုင်းခြားပြီး ခန္ဓာထဲမှာ ဉာဏ်ရောက် အောင် သင်္ခါရတို့က သင်္ခါရတို့ကို ပိုင်းခြားမှတ်သားပွားများအားထုတ် နေတာသာ ဖြစ်တယ်တဲ့။
ဝိပဿနာတရားပြပေးနေသော ဆရာဆိုတာလည်း မရှိဘူး၊ ၀ိပဿနာတရားအားထုတ်ပွားများနေတဲ့ ယောဂီဆိုတာလည်း မရှိဘူး၊ သင်္ခါရတို့က သင်္ခါရတို့ကို ပြသဟောကြား မှတ်သားပွားများ အားထုတ်နေတာသာ ဖြစ်တယ်၊ အဲဒါဟာ ၀ိပဿနာအလုပ်တရားရဲ့ သဘောအစစ်အမှန်ပဲ၊ ကဲ… သဘောကျရဲ့လား၊ အဲဒါကို ရည်စူးပြီး ပြောတာ၊ ၀ိပဿနာမှာ ငါ သူ ပုဂ္ဂိုလ်မရှိ ရုပ် နာမ် သင်္ခါရမျှသာ ရှိ၏တဲ့။
ဒကာ။ ။ ဒီလို သဘောမှန်ရောက်အောင် ရအောင် ငါ - ကွာဖို့အတွက် အတော့်ကို ခက်ခက်ခဲခဲ ကြိုးစားရမှာပဲ ဆရာတော်၊ မလွယ်လှဘူးနော်၊ ငါ သိတာ ၊ ငါ မှတ်တာ၊ ငါ ပွားများအားထုတ်တာချည်းပဲ ဖြစ်နေ ထင်နေ မှတ်နေ ပြောနေကြတာ ဆရာတော်။
ကမ္မဋ္ဌာန်းဆရာတွေကလည်း ငါတို့ရိပ်သာက ငါကိုယ်တိုင် ဘာသတိပဋ္ဌာန်ကိုသာ ပြနေတာ၊ သူများရိပ် သာက ပြတဲ့တရားကို ငါတို့ရိပ်သာမှာ မပြောဆို မဆွေးနွေးရဘူးတဲ့၊ တငါငါနဲ့ ငါနေကြတာသာ တွေ့ရတယ်၊ ဆရာတော်ရဲ့ ထံမှောက်ကျမှပဲ ငါမရှိဘူးတဲ့၊ ထိုင်သူပွားသူမရှိတဲ့ အတော်ထူးတာပဲနော်၊ ငါဖြုတ်ဖို့ကခက်လှပါ တယ်ဘုရား။

No comments: