သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, June 24, 2010

သမာဓိဆိုတာ ဘာလဲ ဘယ်နှစ်မျိုး ရှိသလဲ

သမာဓိဆိုတာ ဘာလဲ ဘယ်နှစ်မျိုး ရှိသလဲ
ဒကာ။ ။ သမာဓိအလုပ် သမာဓိထူထောင်တယ်ဆိုတာ ဘယ်ဟာကို သမာဓိအလုပ် ခေါ်တာပါလဲ၊ သမာဓိအဓိပ္ပါယ်က ဘာကိုဆိုလိုတာပါလဲ၊ သမာဓိမျိုးက ဘယ်လောက်များရှိပါသလဲ ဆရာတော်၊ တိုတိုတုတ်တုတ်နဲ့ ဒကာကြီးတို့ လုပ်တတ်အောင် ရှင်းပြပေးပါ ဘုရား။

ဆရာ။ ။ သမာဓိက ရိုးရိုးတော့ နှစ်မျိုးပဲရှိတယ် ဒကာကြီးတို့ရ။
၁။ မိစ္ဆာသမာဓိ = သူ့သဘောက မကောင်းသော အကုသိုလ် လောဘ၊ တဏှာ၊ လိုချင်ဇော ရမ္မက်ထဲ၌ စွဲမြဲတည်ငြိမ်နေခြင်းကို ဆိုတယ်။
ပုံပမာ။ ။ မုဆိုးတို့ သားကောင်ပစ်သတ်ဖမ်းယူရန် ချောင်းနေသောအခါ သား ကောင်လန့်မသွားရန် ကိုယ်စိတ်ငြိမ်သက်စွာ တည်နေလျက် သားကောင်ထဲမှာပဲ တစ်ခုတည်း သော စိတ်ထားစောနေခြင်းမျိုး၊ ထို့အတူ ငါးမျှားနေသောတံငါတို့၊ ကျားကစားနေသူ၊ စစ်တုရင်ကစားနေသူ၊ ပိုကာဒေါင်းနေသူတို့ စိတ်မျိုးဟာ သူ့ကိုနိုင်ဖို့စိတ်တစ်ခုတည်း ဖြစ်ရှိတည်ငြိမ်နေတာမျိုး ဖြစ်တယ်။
၂။ သမ္မာသမာဓိ = ရဲ့ အနက်အဓိပ္ပါယ်က အပြစ်မရှိသော အာရုံကုသိုလ် အလုပ်ထဲ၌ စိတ်ကိုထားခြင်း၊ ယင်းထဲ၌ စိတ်တည်ကြည်ခြင်း ဖြစ်တယ်၊ (ဘာဝနာထဲ၌ သတိမမေ့ခြင်းပဲ။)
သမ္မာသမာဓိ အလုပ်ဆိုတာက ပထ၀ီကသိုဏ်း၊ အသုဘ စတဲ့ သုံးဆယ်ရှစ်ပါး အပြားလေးဆယ်ရှိတဲ့ အလုပ်လုပ်စရာ ကမ္မဋ္ဌာန်းတရားစုကို ဆိုတယ်။
စိတ်တည်ကြည်မှုဖြစ်တဲ့ သမ္မာသမာဓိရဲ့ အမျိုးအပြားကတော့ သုံးပါးလို့ပဲ လွယ်လွယ်တိုတိုနဲ့ မှတ်ပေါ့။
၁။ ဥပစာရ သမာဓိ = ထွက်လေ၀င်လေ အာနာပါနဿတိ၊ သို့မဟုတ် ပထ၀ီကသိုဏ်း စတဲ့ အာရုံကို ရှုမှတ်ပွားများသောအခါ ဈာန်ခေါ်တဲ့ အပ္ပနာသမာဓိရဲ့ အနီးအနား ရောက်အောင် တည်ကြည်နေတဲ့ သမာဓိကို ဥပစာရ သမာဓိလို့ ခေါ်တယ်။
၂။ ဈာနသမာဓိ = (အပ္ပနာသမာဓိ) ဈာန်အပိုင်းသို့ရောက်ကာ ဈာန်ရသွား၍ တည်ကြည်နေတဲ့ သမာဓိမျိုးကို ဈာနသမာဓိလို့ ခေါ်တယ်။
၃။ ခဏိကသမာဓိ = ခဏိက သမာဓိက အရာကျယ်တယ်၊ အနုဿတိ ဆယ်ပါးထဲက ဗုဒ္ဓါနုဿတိ ခေါ်တဲ့ အရဟံဂုဏ်တော် စသည်ကို အာရုံပြုပွားများတဲ့အခိုက် အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ် တစ်ခုချင်းအပေါ်မှာ တည်တည်သွားတဲ့ စိတ်တစ်ခဏ တည်တံ့မှုသဘောမျှကလေးကို ခဏိကသမာဓိလို့ ခေါ်တယ်။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ အဲဒီ သမာဓိမျိုး သုံးပါးထဲမှာ ဘယ်သမာဓိဟာ တန်ဖိုးအရှိဆုံးပါလဲ ဆရာတော်။
ဆရာ။ ။ ခဏိကသမာဓိ ၀ိပဿနာလုပ်ငန်းဟာ တန်ဖိုးအရှိဆုံးပဲ၊ ၀ိပဿနာသမာဓိ အလုပ်သဘောက ဘုရားသာသနာတော်အတွင်းမှာသာ ပေါ်ရှိတာဖြစ်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန်အထိ ရရှိခံစားရလို့ အို၊ နာ၊ သေ ဘေးတို့မှ ကင်းဝေးလွတ်မြောက်နိုင်တယ်၊ အတိုင်းမသိ တန်ဖိုးရှိတယ်။ ကျန်တဲ့ ဥပစာရသမာဓိ ဈာနသမာဓိတို့က သာသနာပကာလမှာလည်း ရှိနေကြတာပဲ၊ ဗြဟ္မာ့ပြည်လောက်သာ ပို့စေနိုင်လို့ သင်္ချိုင်းကုန်းက မလွတ်သေးဘူး၊ အို၊ နာ၊ သေ မှုတွေ ရှိနေသေးတယ်၊ ကဲ… သဘောကျရဲ့လား၊ ခုခေတ် ဇင်သမားတွေရဲ့ သမာဓိမျိုးပေါ့။
ဒကာ။ ။ ရှင်းလင်းစွာနဲ့ သဘောကျပါတယ် ဆရာတော်၊ အို၊ နာ၊ သေမှု တွေသာ ပေးနေတဲ့ ဇင် သမာဓိမျိုးကိုတော့ မလိုချင် မလုပ်ချင်တော့ပါဘူး ဘုရား။

No comments: