သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဝိဝေကဆိုတာ ဘယ်နေရာမျိုးလဲ၊ ၀ိဝေကဆိုတာ ဘာအနက် သဘောလဲ၊

ဝိဝေကဆိုတာ ဘယ်နေရာမျိုးလဲ
ဒကာ။ ။ ၀ိပဿနာတရား အားထုတ်တဲ့အခါ ဆိတ်ငြိမ်ရာ ၀ိဝေကအရပ် ဆိတ်ငြိမ်သော ၀ိဝေကနေရာ ကို ရွေးချယ်ရှာယူရမည်ဟု ပြောကြပါသည်။ ၀ိဝေက ဆိတ်ငြိမ်ရာဆိုတာ လူသူမနီးတောတောင်ကြီးအရပ်ကို ခေါ်ဆိုတာလား ဆရာတော်၊ အနည်းငယ်ရှင်းပြပေးပါ ဘုရား။

ဆရာ။ ။ “ကိလေသေဟိ ၀ိဝိတ္တာတ္တာ ၀ိဝေကော” လို့ ပဋိသမ္ဘိဒါမဂ်၌ ဆိုတယ် ဒကာကြီးတို့ရ၊ အဓိပ္ပါယ် က မိမိတို့ အမြဲတစေ စွဲယူဖြစ်ပေါ်ခံစားနေကြတဲ့ ကိလေသာတရား လောဘ၊ ဒေါသ၊ မောဟ စိတ်များ ကင်းဆိတ်ငြိမ်ဝပ်တဲ့ သမယကို ၀ိဝေက - ဆိတ်ငြိမ်သော နေရာအရပ် လို့ မှတ်ရမည် ဒကာကြီးတို့။
လူသူမနီး တောတောင်ကြီး လိုဏ်ဂူကြီးထဲမှာ ၀င်နေပေမင့် တရားအမှတ်ကို သတိမေ့ပြီး မတည်မငြိမ် ဘဲ ကိလေသာအာရုံတွေထဲ စိတ်ရောက်နေရင် ၀ိဝေကအရပ်ဋ္ဌာန မဟုတ်ဘူးပဲ။
ဒါကြောင့် ဘယ်နေရာ ဘယ်အရပ်မှာပဲနေနေ မမေ့တဲ့တရားအမှတ်ထဲမှာ စိတ်ခိုင်မြဲ တည်တံ့နေရင် ၀ိဝေက- ဆိတ်ငြိမ်တဲ့နေရာဌာနဖြစ်တယ်၊ ကိလေသာတို့မှ ဆိတ်ငြိမ်တဲ့နေရာလိုသာ မှတ်ပေတော့ “သတိ ၀ိရဟိတော ၀ိဝေကောနာမ နတ္တိ” လို့လည်း ပါဠိတွေအများကြီးပဲ ရှိပါတယ်၊ ကာယ၀ိဝေကတွေ ဘာတွေ လျှာရှည် မနေနဲ့၊ ဒီကတော့ တိုတိုတိတိပဲ ပြောတတ်တယ်။
ဒကာ။ ။ မှန်ပါ့၊ တိုတိုတုတ်တုတ်နဲ့ အဆုံးအဖြတ်ကို သိမှတ်ရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ ဒါထက်…

ဝိဝေကဆိုတာ ဘာအနက် သဘောလဲ
ဒကာ။ ။ ၀ိဝေကခေါ်ဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ အနက်သဘောကိုလည်း ပြောပြပေးပါဦး ဆရာတော်၊ ဒကာကြီးတို့ သိရုံလောက်ပေါ့။
ဆရာ။ ။ အင်း… ၀ိ က တစ်ပုဒ်၊ ဧက က တစ်ပုဒ်၊ နှစ်ပုဒ်ပေါင်းထားတဲ့ ပါဠိစကားပဲ၊ ယင်းရဲ့ အနက်သဘောကို သည်လိုမှတ်ပေါ့။
ဝိ = ကိလေသာ အာရုံတို့မှ ကင်းဆိတ်သော။
ဧက = တစ်ခုတည်းသော စိတ်။
ဝိဝေက = ကိလေသာအာရုံတို့မှ ကင်းဆိတ်သော တစ်ခုတည်းသော စိတ်တဲ့၊ ဒီစကားကိုပဲ နေရာ “ဌာန” နဲ့ တွဲစပ်ပြီးတော့ ဆိတ်ငြိမ်ရာဋ္ဌာနလို့ ခေါ်ဆိုနေကြတာ ဖြစ်တယ်၊ အမှန်က“ စိတ်ငြိမ်ရာဌာန” လို့ ခေါ်ဆိုရင် ပိုကောင်းမှာ၊ ကဲ… ကျေနပ်ပြီလား၊ ဒါက ၀ိပဿနာ ဘာဝနာအတွက် ပြောတာနော်၊ သမထအတွက် မဟုတ်ဘူး။
ဒကာ။ ။ ကျေနပ်ပါပြီဆရာတော်၊ ဒကာကြီးက တော၊ တောင်၊ လျှို၊ မြောင်၊ လိုဏ်၊ ဂူချောင်တွေထဲမှာ တစ်ယောက်တည်း သွားရောက်အားထုတ်မှ (၀ိဝေက) ဆိတ်ငြိမ်ရာဖြစ်တယ်မှတ်လို့ပါ၊ ခုတော့ ရှင်းပါပြီ။

No comments: