သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဗုဒ္ဓဘုရား၏ ငါစွဲ အတ္တ ရှိသေးသနော်

ဗုဒ္ဓဘုရား၏ ငါစွဲ အတ္တ ရှိသေးသနော်
ဒကာ။ ။ မြတ်စွာဘုရားကရော၊ ဆရာတော်တို့ကပါ အတ္တဒိဋ္ဌိမရှိရ မစွဲရ ငါစွဲဖြုတ်ပါ “သဗ္ဗေ ဓမ္မာ အနတ္တာ” ငါမရှိ ငါ့ဥစ္စာမရှိ အားလုံးရှိသမျှ အနတ္တချည်းသာလို့ ဟောပြောဆုံးမနေကြပေမင့် ဗုဒ္ဓဘုရားကတော့….
(၁) ဘိက္ခဝေ၊ ငါ၏ချစ်သား ရဟန်းများတို့။
(၂) ဧ၀- မဟံ ၀ဒါမိ၊ ငါဘုရား ဤသို့ ဟော၏။
(၃) သုဏာထ မမ ၀စနံ၊ ငါ့စကားကို နားထောင်ကြ…..
စသည်ဖြင့် စာပေကျမ်းဂန်တွေထဲမှာ ငါဘုရား၊ ဘုရားငါတွေ များစွာဖတ်ရလို့ ဘုရားသခင်မှာ ငါစွဲ အတ္တဒိဋ္ဌိ ရှိသေးတယ်နော် ဆရာတော်။

ဆရာ။ ။ အင်း…ဒါလည်း မေးထိုက်ပါတယ်၊ တိုတိုနဲ့ သိလွယ်အောင် ဖြေကြားမည် နားထောင် မှတ်သားပါနော်၊ သာသနာ့စာပေထဲမှာ ငါစွဲ ၄ မျိုးရှိတယ်။
၁။ ဒိဋ္ဌိစွဲ ငါ။ ။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လို့ စွဲယူထားတဲ့ ငါစွဲမျိုး။
၂။ တဏှာစွဲ ငါ။ ။ ငါ - လို့ စွဲယူသာယာနေတဲ့ တဏှာစွဲ ငါ မျိုး။
၃။ မာနစွဲ ငါ။ ။ ငါဟေ့ ငါကွ ငါတို့က ငါဟဲ့ယောက်ျား မာနစွဲ ငါ မျိုး။
၎။ ဝေါဟာရစွဲ ငါ။ ။ သတ္တ၀ါများ နားလည်လွယ်အောင် သတ္တ၀ါတို့ ခေါ်ဝေါ်ပြောကြားတဲ့ ဝေါဟာရစကားဖြင့် မပြောမဖြစ်လို့ ပြောရတဲ့။ အဟံ၊ ငါဘုရားသည်။ ဘိက္ခဝေ၊ ငါ၏ ချစ်သားရဟန်းများတို့။ မမဓမ္မံ၊ ငါ့တရားကို ဟုပြောကြား ခေါ်ဝေါ်ရုံမျှ ငါကိုတော့ ဝေါဟာရစွဲ ငါလို့ခေါ်တယ်၊ ဒိဋ္ဌိစွဲနဲ့ခေါ်တာမဟုတ်ဘူး၊ မခေါ်မဖြစ်လို့ တရားနာသူတို့ နားလည်လွယ်အောင် ခေါ်ဝေါ်တဲ့ ငါ၊ ဝေါဟာရ ငါလို့ မှတ်ယူပေတော့။
ဒါကြောင့် ရှေးပညာရှိ ဆရာတော်အဆက်ဆက်တို့က သိလွယ်နိုင်အောင် ဆောင်ယူထားဖို့ ဆောင်ပုဒ်လင်္ကာ စပ်ဆိုထားကြတယ်။
၁။ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဒိဋ္ဌိ ငါဟု မှတ်။
၂။ ငါ ငါ ငါ ငါ သာယာတာ တဏှာ ငါဟုမှတ်။
၃။ ငါကွ ငါဟ ငါတို့က မာန ငါဟုမှတ်။
၎။ ငါ၏ချစ်သား ရဟန်းများ ခေါ်ငြား ဝေါဟာရတဲ့။
ကဲ.. ဒကာကြီးတို့၏ ငါစွဲကြီးစွဲနေတဲ့ အတ္တဒိဋ္ဌိပဥှာ ကျေနပ်လောက်ပါပြီနော်။
ဒကာ။ ။ ကွဲပြား ခြားနားစွာ သိလို့ ကျေနပ်ပါပြီဆရာတော်။

No comments: