သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 25, 2010

ပုထုဇဉ်ကို ရဟန္တာဟု သမုတ်ကြေငြာကြည်ညိုကာ ပေးလှူပူဇော်သူတို့ အပါယ်လားသလော

ပုထုဇဉ်ကို ရဟန္တာဟု သမုတ်ကြေငြာကြည်ညိုကာ ပေးလှူပူဇော်သူတို့
အပါယ်လားသလော
ဒကာ။ ။ ကြည်ညိုဖွယ်ရာ အကျင့်သိက္ခာနှင့် ပြည့်စုံသော ပုထုဇဉ် ရဟန်းတော် တစ်ပါးပါးကို သူအချို့က ရဟန္တာပါဟု အော်ဟစ်ပြောဆိုကြေငြာပြီး မြို့တကာရွာတကာ လမ်းတကာမှာလှည့်လည်၍ အဖူးမြော်ခံ အလှူခံလျက် မြို့ရွာနေ လူအပေါင်းတို့ကလည်း ရဟန္တာအရှင်ကောင်း အရှင်မြတ်ကြီး တစ်ပါးအနေ ဖြင့် ကြည်ညိုလေးစားပေးလှူပူဇော်မှုများ ပြုလုပ်နေကြတာဟာ မှားယွင်းသော အပြစ်ရှိသော မိစ္ဆာ အယူသာ ဖြစ်သည်ဟု ပညာရှိအချို့က မကူညီ အားမထုတ်ဘဲ နောက်ဆုတ်ကြလျက် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြောဆိုကြတာ ဟာ မှန်ပါသလားဆရာတော်။ ပိဋကတ်တော်ဆိုင်ရာ ကျမ်းစာများမှာ လာရှိပါသလား၊ အထောက်အထားနဲ့ မှတ်သားလောက်အောင် ဖြေကြားတော်မူပါဘုရား။ ဒီစကားနဲ့စပ်ပြီး တော်တော်ပဲ အငြင်းပွားနေကြလို့ပါ ဆရာတော်။

ဆရာ။ ။ အင်း.. သည်အမေးဟာ ခုခေတ်အခါမှာ အဖြေမှန်ပေးဖို့ရာ အတော်ခက်တယ်နော်၊ အမှန်ဖြေရင် ဘေးရန်တွေရှိတယ် ဒကာကြီးတို့ရ၊ အဲဒါကြောင့် ဒီကထက် တတ်သိတဲ့ တခြားဆရာတော်များထံ မှာ သွားရောက်လျှောက်ထားကြပါတော့လေ။
ဒကာ။ ။ ဒီလို လွှဲမချပါနဲ့ ဆရာတော်၊ ဗုဒ္ဓရဲ့ တရားမြတ်ဟာ နတ်လူတို့နှစ်သက်ချင် နှစ်သက်၊ မနှစ်သက်ချင်နေ မှန်ကန်ပြီးတော့ အကျိုးရှိမှုကိုသာ ပဓါနထားတယ်လို့ သုဂတဂုဏ်တော်အဖွင့်မှာ ဒကာကြီးတို့ မှတ်သားရဖူးပါတယ်။ ဒါ့ကြောင့် မြတ်စွာဘုရား၏ မျက်နှာတော်ထောက်ပြီး မကြောက်မရွံ့ဘဲ ရဲရဲတောက် ဖြေကြားပေးပါဘုရား။
ဆရာ။ ။ ကိုင်း. သည်လိုဆိုရင် ဆရာတော်က အသစ်အနေနဲ့ ဖြေကြားပေးရတာထက် ဒကာကြီးတို့ မေးတဲ့ သဘောတရားကို ဖြေကြားပြီးသား အဆုံးအဖြတ်ဖြစ်တဲ့ ကျမ်းစာအုပ်ကို ဖတ်ဖို့ညွှန်ကြားပေးလိုက်မယ်၊ စာအုပ်နာမည်က ဒကာကြီးတို့ ကြည်ညိုလေးစားအားထားကြတဲ့ “ပရမတ္ထအဆီ မြတ်လယ်တီ” တဲ့ စာမျက်နှာ ၂၄၀ က စဖတ်ပါ၊ အင့်.... ဟောဒီမှာ ဖတ်စမ်း။
ဤကောသလသံယုတ် ဒါရုကမ္ပကသုတ်ကို ထောက်ဆက လူဒကာများ၏ “အရိယာရဟန္တာ” ဟူ၍ ပြောဆိုသုံးနှုန်းခြင်းကို ဗုဒ္ဓမြတ်စွာ အလွန်ပင်မုန်းတီးရွံ့ရှာတော်မူသည်၊ ထို့ကြောင့် ဣတိဝုတ်ပါဠိတော်မှာ...
ယော နိန္ဒိယံ ပသံသတိ၊ တံ ၀ါ နိန္ဒတိ၊ ယော ပသံသိယော ၀ိစိနာတိ၊ မုခေန သော ကလိံ ကလိနာ တေန သုခံ န ၀ိန္ဒတိ။
ကဲ့ရဲ့အပ်သူကို ချီးမွမ်းသူ၊ ချီးမွမ်းအပ်သူကို ကဲ့ရဲ့သူများသည် လက်လေးသစ်လောက် ခံတွင်းပေါက်ဖြင့် အပြစ်ကြီးများကို ဆည်းပူးသူမည်၏။ ထိုသူသည် ဘယ်တော့မှ ချမ်းသာကို မရ၊ ထို့ကြောင့် အရိယာသခင်ရဟန္တာအရှင်ကြီးများကို မပြစ်မှားကြရန်၊ ပုထုဇဉ်အစစ်ကို ရဟန္တာပါဟု အထင်လွဲမှား ကိုးကွယ်မမှားမိကြရန် အထူးသတိ ထားသင့်လှပေသည်။
ယော နိန္ဒိယေ ပုထုဇ္ဇနဘာဝေ ဋ္ဌိတံ ပါသံသံ အရိယဘာဝံ အာရောပေတွာ တံ မိစ္ဆာလဒ္ဓိံ အ ၀ိဿဇ္ဇ ပဂ္ဂယှ ဝေါဟာရတော သဂ္ဂေါပိ မဂ္ဂေါပိ ၀ါရိတော ယေ၀။ (ပဏ္ဏာသဋီကာ)
ကဲ့ရဲ့အပ်သော ပုထုဇဉ်အဖြစ်၌တည်သော ချီးမွမ်းဖွယ်မှုတစ်ခုခုကို ရဟန္တာအထိတင်စား၍ ထိုမှားသော အယူကို မစွန့်မူ၍ ချီးမြှောက်ခေါ်ဝေါ်သုံးစွဲနေသောသူအား လူ့ရွာတံခါး မဂ်ဖိုလ်နိဗ္ဗာန် ပိတ်ထားအပ်ပြီးသည် သာဖြစ်၏။
ပုထုဇဉ်အစစ်ကို “ရဟန္တာ ဖြစ်သည်” ဟု ပြောဆိုသုံးစွဲနေသူအား နတ်ရွာ၊ နိဗ္ဗာန်၊ မဂ်ဖိုလ်တံခါး ပိတ်ထားအပ်ပြီးသား ဖြစ်၏။
နောက်ဆက်ပြီး အဲဒီ “ပရမတ္ထ အဆီ မြတ်လယ်တီ” ကျမ်းစာအုပ် စာမျက်နှာ နံပါတ် ၂၄၃ ၌ မိန့်ဆိုထား သည်ကို ဖတ်ပါဦးလေ၊ အဖြေတွေ့လိမ့်မယ်။ (မင်းကွန်းဆရာတော်မေး၊ မန်လည်ဆရာတော်ဖြေ)
ရဟန္တာအမှန်ကို ပုထုဇဉ် ဒုဿီလပါဟု စွပ်စွဲဆဲရေးခြင်းနှင့် ပုထုဇဉ်အစစ် အမှန်ကို ရဟန္တာ ဧကန္တပါဟု ယုံကြည်လေးစား ပြောကြားခြင်းမည်သို့ ထူးပါသနည်း ဟု မေးသည်။
အရိယူပ၀ါဒကံနှင့် အပြစ်ချင်းအတူတူဟု ဖြေသည်။
ကဲ... အဲဒီစကားရပ်တွေဟာ “ပရမတ္ထအဆီ မြတ်လယ်တီ” ကျမ်းစာအုပ်မှာပါတဲ့ အဖြေစကားတွေပဲ၊ အဲဒီကျမ်းစာပါ အဖြေစကားတွေထဲက ဘာတွေများ မေးချင်သေးသလဲ၊ အခွင့်ပေးပါတယ်လေ။
ဒကာ။ ။ ပဏ္ဏာသဋီကာ ဆရာရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကလေးကို တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပေးပါ ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား။
ဆရာ။ ။ အင်း... ဋီကာဆရာရဲ့ ဆိုလိုရင်းကတော့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကဲ့ရဲ့စရာ ကိလေသာအပြည့်ရှိနေသေးတဲ့ ပုထုဇဉ် ရဟန်းတော်တစ်ပါး၌ ကြည်ညိုဖွယ်ရာ ချီးမွမ်းစရာ ဂုဏ်တစ်ခုခုရှိနေတာ ကို တွေ့မြင်ရုံမျှဖြင့် ဟာ...ဤသူမြတ်ဟာ ရဟန္တာကြီးပဲဟု မှတ်စွဲလျက် ဦးဆောင်ပင့်ဖိတ်ကာ လူအပေါင်းတို့အား အရိယာရဟန္တာ အရှင်မြတ်ကြီး ကြွလာသောမူပြီ ပူဇော်ကြလော့ ပေးလှူကြလော့ ဖူးမြော်ကြလော့ စသည်ဖြင့် ကြွေးကြော်အော်ဟစ်ကာ ပူဇော်သကာပြုနေ၏။ ထိုမှားသောအယူကို မစွန့်လွှတ်ဘဲ ယူမြဲနေလို့ရှိရင် ထိုသူ၏ရပိုင်ခွင့် လူနတ်နိဗ္ဗာန်ကို အဲဒီမှားသော အယူအစွဲ ကံကတားမြစ်၏တဲ့၊ ထိုသူ သွားစရာလမ်းဟာ အပါယ်လေးပါးသာ ရှိတော့တယ်။
ဒါကြောင့် သာသနာတော်နဲ့စပ်၍ (ပြောတိုင်းယုံ ကြုံတိုင်းလိုက် ခိုင်းတိုင်းလုပ်မျိုး မဖြစ်ရအောင်) သတိ ပညာ ရှေ့ထားပြီးတော့ အကျင့်သိက္ခာ စာပေတတ်မြောက်တဲ့ မိမိတို့ ဆရာသမားထံ မေးမြန်းစူးစမ်းကာ ကိုးကွယ်ဆည်းကပ် ပူဇော်မှုပြုတတ်ကြဖို့ကို မေတ္တာစစ်တရားနဲ့ အထူးသတိပေး ပြောကြားလိုက်တယ်၊ ကဲ... ကျေနပ်ရဲ့လား၊အဲဒါ ဋီကာဆရာရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ပဲ။
ဒကာ။ ။ ကျေးဇူးတင် ၀မ်းသာစွာနဲ့ ကျေနပ်လှပါတယ် ဆရာတော်၊ ဒီနေရာမှာ စေတနာကောင်းပေ မယ့် အယူအစွဲယုံကြည်မှု ဉာဏ်ကလွဲမှားနေတော့ အဆိပ်ပင်ရေလောင်းသလို ဖြစ်နေတာကို သိရပါပြီ ဘုရား၊ တိမ်ယောင်ယောင်နဲ့ နက်နဲလိုက်တာ ဆရာတော်၊ ဒကာကြီးတို့က စေတနာကိုသာ ပဓါနလို့ ယူဆနေကြတာ။
ဆရာ။ ။ အင်း... စေတနာက ဘယ်နေရာမဆို ပါတာချည်းပေါ့၊ မိစ္ဆာဒိဋ္ဌိ အယူအစွဲထဲမှာလည်း စေတနာတွေ ပါတာပေါ့၊ အဲဒီစေတနာအလွဲမှားက အပါယ်လေးပါးထဲ ပို့ချတာ၊ ကျောက်ခဲ ဓါတ်တော်ထင်အောင်လည်း စေတနာရဲ့လက်ချက်ပဲ။
ဒကာ။ ။ မှန်ပါ့၊ သိပါပြီ ဆရာတော်၊ ဒီလို အဖြေမှန်သိရတာ ၀မ်းသာမဆုံး ပါဘူး၊ ရဲရဲတောက် အဖြေမို့ပါ ဆရာတော်။

No comments: