သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

ဘုရားအလောင်း ဒုက္ကရစရိယာခန်း၌ မစင်စား ကျင့်သလော

ဘုရားအလောင်း ဒုက္ကရစရိယာခန်း၌ မစင်စား ကျင့်သလော
ဒကာ။ ။ လူတရားဟောဆရာအချို့က အလောင်းတော် သိဒ္ဓတ္တမင်းသားဟာ တောထွက်ကာ ရဟန်းပြုလျက် ဒုက္ကရစရိယာ ကျင့်တဲ့အချိန်မှာ နွားမစင်ကို ကောက်စားပြီးတော့ ဘုရားဖြစ်အောင် ကျင့်တယ်၊ မစင်စားပြီးတော့ ဖြစ်လာတဲ့ဘုရား၊ ဘာညာနဲ့ မြတ်စွာဘုရားသခင်၏ ဂုဏ်ပုဒ်တွေကို ရှုပ်ချ ပြောဆိုနေကြပါတယ် မစင်စားတယ်ဆိုတာ မှန်ပါသလား ဆရာတော်၊ သူတို့ကတော့ ပိဋကတ်တော်စာအုပ် အကိုးအကားနဲ့ လူများစွာတို့ ယုံစားလာအောင် ပြောကြားဟောဆိုနေကြပါတယ်၊ အမှား အမှန် ဝေဖန်ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ လာပြန်ပြီလား၊ ဒီအမေးပဥှာဟာ ဒါကိုပဲ မကြာမကြာ လာလာမေးကြတယ်၊ ကိုင်း... နားထောင်ကြ အမှန်ကို ရှင်းပြမယ်၊ အဲဒီစကားဟာ သာသနာဖျက်သမားတွေရဲ့ စကားသာဖြစ်တယ်၊ သူတို့က တော့ ဗုဒ္ဓဘုရားရဲ့ ဂုဏ်တွေပျက်အောင်၊ သာသနာမြန်မြန်ပျက်ဖို့အတွက် ဘာသာရေးဘက်က အ၀ါးမ၀သေးတဲ့ မသိနိုးနားတို့ ယုံမှားသံသယဖြစ်အောင် ပိဋကတ်တော် စာပေထဲက မပြည့်မစုံပုဒ်တွေကို ရှာဖွေ ထုတ်ယူပြီး မဟုတ်မဟတ် အယုတ်တမာဇာတ်တွေ ခင်းကျင်းပြောဆိုပြီး မီးပုံထဲ အတူတူဆင်းဖို့ အဖော်ခေါ်နေကြတာတွေ ဖြစ်တယ်၊ အဲဒါတွေကိုယုံရင် မီးပုံထဲခုန်ဆင်းဖို့ကတော့ သေချာတာပဲ။
ဒကာကြီးတို့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်ပေါ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသားဟာ ပါရမီဉာဏ်တွေ ရင့်ကျက်လို့ တောထွက်လျက် ဘုရားဖြစ်တော့မည့် ဆဲဆဲ နောက်ဆုံးဘ၀ ခြောက်နှစ်တာ ကာလအတွင်းမှာ မစင်စားပြီးတော့ ဘုရားဖြစ်အောင် ကျင့်တယ်ဆိုတာဟာ အတော့်ကို ရက်စက်ယုတ်ညံ့တဲ့ စကားပဲနော်....၊ သည်စကားမျိုးကို အထက်တန်းစား အမျိုးကောင်း သားသမီးမျာသာဖြစ်ရင် မပြောဝံ့ဘူးပဲ ဒကာကြီးတို့ရ၊ ကဲ...နေပါဦး၊ အဲဒီ မစင်စားတယ်ဆိုတဲ့ တရားစကားကို ဘယ်သူတွေက ပြောဟောနေကြတာလဲ ဒကာကြီးတို့ရ။
ဒကာ။ ။ ဘယ်ဆရာတော်ရဲ့ တပည့်တွေဆိုလားပဲ ဘုရား၊ သူတိုရဲ့ ဆရာကတော့ မရှိတော့ဘူးတဲ့၊ သူတို့ဆရာရဲ့ ၀ါဒကို အဲဒီလူတစ်စုက လိုက်ဖြန့် ဟောကြားနေတာပဲ။
သူတို့က ပိဋကတ်တော် စာပေထဲမှ ထုတ်ယူဟောကြားနေတယ် ဆိုတော့ကာ အဲဒီလိုမစင်စားပြီးကျင့် တဲ့ အကြောင်းအရာဟာ ပိဋကတ်တော်စာပေထဲမှာ ပါလို့လား ဆရာတော်။
ဆရာ။ ။ အင်း.. ဒီအကြောင်းအရာတွေက ပိဋကတ်တော်မှာပါတာက သူတို့ပြောသလို မဟုတ်ပါဘူး၊ အလောင်းတော်မြတ်ဟာ ဘုရားဖြစ်ဖို့အရေး ဗျာဒိတ်ပေးခံယူတော်မူပြီးနောက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့်လာခဲ့တဲ့ အချိန်ကာလအတွင်းမှာဆိုရင် ကမ္ဘာတစ်သိန်းကိုတော့ ဖယ်ထားလိုက် ကမ္ဘာတစ်သိန်းရဲ့ ဟိုဘက်ကမ္ဘာအသင်္ချေ မရေတွက်နိုင်တဲ့ လေးသင်္ချေရဲ့ အပိုင်းကာလတွေမှာ အကျင့်မှား အယူမှားတွေနဲ့ မိုက်ခဲ့ ဆိုးခဲ့တာတွေဟာ အများကြီးပဲ ရှိခဲ့တယ်။
သုရာဓုတ္တ- မိုးမလင်းအောင် မူးမိုက်နေတဲ့ သေသောက်ကြူးဘ၀မှာဆိုရင် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးတာပဲ၊ ဣတ္တိဓုတ္တ - အမျိုးသမီးတွေကို ဖြားယောင်းဖျက်ဆီး အပျော်ကြူးတဲ့နေရာမှာလည်း ပြိုင်ဖက်တွေကို အနိုင်ယူဗိုလ်ကျခဲ့တာပဲ၊ ဉာဏ်ပညာနုတဲ့အခါရဲ့ ဘ၀တစ်လျှောက်မှာ မကောင်းတာတွေကို ကုန်အောင်စုံ ပြုလုပ် မှားယွင်းခဲ့ဖူးတယ်။
အဲဒီ မကောင်းလုပ်တာတွေက ပေးလိုက်တဲ့ လုပ်ခ မကောင်းကျိုး ဆင်းရဲဒုက္ခအမျိုးမျိုးဟူသမျှတို့ကို လည်း မရှုမလှ အလူးအလဲ ခံစားခဲ့ရတာပဲ၊ အဲဒါတွေဟာ ဘ၀ရဲ့မသာယာစရာ ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်၊ အသိဉာဏ်နုသေးတဲ့ ဘ၀သမားတွေဟာ ဒီလိုအမှားမှားတွေကို မုချလုပ်မိကြမှာပဲ၊ ပြုလုပ်မိရင်လည်း ဆင်းရဲဒုက္ခ မုချရရှိခံစားရမှာပဲ ဆိုတာကို သိစေချင်လို့ သိစေလိုတဲ့အတွက် ဘုရားဖြစ်တော်မူတဲ့အခါမှာ မိမိကိုယ်တိုင်ပင် ကမ္ဘာတစ်သိန်းရဲ့ ဟိုမှာဘက်ပိုင်း ဉာဏ်နုတဲ့အခါက မကောင်းဆိုးဝါးတဲ့ မိစ္ဆာအကျင့်မှားတွေ ပြုမူကျူးလွန်မိခဲ့ လို့ မကောင်းကျိုး ဆင်းရဲဒုက္ခအမျိုးမျိုးတွေ ခံစားခဲ့ရဖူးတယ်ဆိုတာကို ရဟန်းရှင်လူများ သိစေရန် နောက်ကြောင်း အတိတ်ဖြစ်ရပ်များကို ပြန်ပြောင်း၍ ဟောကြားတာသာ ဖြစ်တယ်၊ အဲဒီဟောကြားချက် မုက္ခပါဋ္ဌ် တော်တွေဟာ ပိဋကတ်တော်ထဲမှာ ရှိနေတာပေါ့၊ ကဲ.. ရှင်းရဲ့လား။
ဒကာ။ ။ အဲဒီဖြစ်ရပ် အကြောင်အရာတွေဟာ ပိဋကတ်တော်မှာ ဘယ်သူ့ကို အကြောင်းပြုပြီးတော့ ဘာ့ကြောင့် ဒီမစင်စားကျင့်မှု အတိတ်ကြောင်းမှားတွေကို ဟောကြားတော်မူရတာလဲ ဆရာတော်၊ အနည်းအကျဉ်း ရှင်းပြပေးပါဦး ဘုရား။
ဆရာ။ ။ အင်း... သုတ္တန်ပိဋက မဇ္ဈိမနိကာယ် မူလပဏ္ဏာသ မဟာသီဟနာဒသုတ် ပါဠိတော် ဆဋ္ဌမူ စာမျက်နှာ ၁၁၁ မှာ ကောရခတ္တိယမည်တဲ့ တိတ္ထိတစ်ယောက်က ခွေးတို့၏ အလေ့အကျင့်ကို ယူပြီးတော့ ခွေးလို အ၀တ်မဆီး ကိုယ်လုံးတီးနဲ့ ပြာပုံထဲမှာဝပ်တယ်၊ အိပ်တယ်၊ နေတယ်၊ သပိတ်ခွက်မဆောင်ဘဲ မြေမှာ ပုံပေးထား တဲ့ အစာအာဟာရကို လက်နဲ့မယူစားဘဲ လေးဘက်ထောက်ပြီးတော့ ခွေးစားသလို ပါးစပ်နဲ့ ထိုးဟပ်စားကာ ခွေးသွားသလို သွားနေတာကို လိစ္ဆ၀ီမင်းသား သုနက္ခတ္တရဟန်းက တွေ့မြင်ရတဲ့အခါ အားရနှစ်သက်စွာနဲ့ ဟာ... ဒါမှ ရဟန္တာအရှင်မြတ်ကြီး အစစ်ဖြစ်တာ ဂေါတမဘုရားက ရဟန္တာအစစ် မဖြစ်သေးဘူး။
ဤရဟန္တာအရှင်မြတ်ကြီးက ဂေါတမရဲ့ အကျင့်သိက္ခာထက် သာလွန်မြင့်မြတ်သော အကျင့်သိက္ခာနဲ့ ပြည့်စုံတယ်၊ သပိတ် သင်္ကန်းရှာမှီးစရာမလိုဘဲ သင်္ကန်း ဖွပ်လျော်ရခြင်း၊ ချုပ်ဆိုးရခြင်း ကိစ္စလည်း မရှိ၊ သပိတ်ခွက်လက်တို့ကို ဆေးကြောစရာလည်း မလိုဘဲ မြေမှာ ပုံပေးထားတာကို ခွေးလို ပါးစပ်နဲ့ ထိုးဟပ်စားရုံပဲ ဖြစ်တယ်၊ အလွန်ပေါ့ပါးသော အကျင့်မြတ်တရားပဲဟု ကောရခတ္တိယတိတ္ထိကြီးကို ချီးကျူးသမှုပြုတယ်၊ ယင်းအ ကျင့်ကိုလည်း အာရနှစ်သက်စွာ ခံယူလိုက်တယ်တဲ့၊ ဒါတွင်မကသေးဘူး...
ဂေါတမဘုရားရဲ့ အကျင့်တရားတွေက ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းနေ ရှာဖွေပြုပြင် သိမ်းဆည်းရတဲ့ ပလိဗောဓတွေ များလွန်းတယ်ဟု ကောရခတ္တိယရဲ့ ခွေးအကျင့်ကို နှစ်သက် ချီးမွမ်း ပြောဆိုကာ ဂေါတမ မြတ်စွာဘုရားသခင်ကို အမျိုးမျိုး စွပ်စွဲကဲ့ရဲ့ရှုပ်ချ အပြစ်ပြ ပြောဆိုတော့တာပဲတဲ့။
အဲဒီအခါမှာ မြတ်စွာဘုရားသခင်က ချစ်သား သုနက္ခတ္တ၊ ကောရခတ္တိယရဲ့ ဒီအကျင့်တရားတွေဟာ မှားယွင်းယုတ်ညံ့သော မိစ္ဆာအကျင့်တွေသာ ဖြစ်တယ်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်ဘူး၊ ငါကိုယ်တိုင် ဤကမ္ဘာမှပြန်၍ရည်သည်ရှိသော် ကမ္ဘာတစ်သိန်းရဲ့ ဟိုမှာဘက် ဉာဏ်နုစဉ်အခါတုန်းက ဒီလိုမှားသော ကိုယ်လုံး တီးနဲ့ နေခြင်းစတဲ့ မိစ္ဆာအကျင့်မျိုးတွေကို ကုန်အောင်စုံ ကျင့်ခဲ့ဖူးပြီလို့ သုနက္ခတ္တရဟန်းကို သူကျင့်ခဲ့ဖူးတဲ့ (ဒုက္ကရကာရိက) မချီးမွမ်းစရာ အကျင့်မှားတွေကို ပြန်လည်ပြောပြပေမင့် သုနက္ခတ္တရဟန်းက ဘုရားစကားကို နားမထောင်တော့ဘဲ မြတ်စွာဘုရားကို အထင်သေးကာ ကဲ့ရဲ့စကားတွေကိုသာ ပြောကြား၍ နေပြန်သော ကြောင့် မြတ်စွာဘုရားက သုနက္ခတ္တကို မောဃပုရိသ၊ သဘောထားလျက် ရှင်သာရိပုတ္တရာကို ယခုလိုပြန်ဟောတော်မူတာ ဖြစ်တယ်။
အဘိဇာနာမိ ခေါ ပနာဟံ သာရိပုတ္တ (လ) တိဏဘက္ခော ၀ါ ဟောမိ၊ ဂေါမယဘက္ခော ၀ါ ဟောမိ (လ) သကံယေ၀ သုဒံ မုတ္တကရီသံ အာဟာရေမိ။
ကဲ... အဲဒါ ပါဠိတော်မှာလာတဲ့ ဒေသနာ အကျယ်ထဲက အနည်းငယ်မျှ ထုတ်ပြချက်ပဲ၊ ဆိုလိုရင်းက ချစ်သား သာရိပုတ္တရာ၊ ငါဘုရားနုစဉ်က ယွင်းယွင်းမှားမှားနဲ့ လူအများ ပြုခြင်းငှာ မစွမ်းနိုင်တဲ့(ဒုက္ကရ ကာရိက) ခက်ခဲစွာ ပြုကျင့်ခဲ့ပုံတွေကတော့ ရံခါ တစ်နေ့လုံးအတွက် ဆီးသီးကလေးတစ်လုံးတည်း စားပြီးတော့လည်း နေခဲ့ တယ်၊ တိဏ ဘက္ခော ၀ါ ဟောမိ၊ မြက်ကိုစားပြီးတော့လည်း ကျင့်ခဲ့ဖူးတယ်၊ ဂေါမယ ဘက္ခော ၀ါ ဟောမိ၊ နွားငယ်ကလေးတွေစွန့်ထားတဲ့ နွားချေးမစင်ကိုလည်း စားပြီးတော့ ကျင့်ခဲ့တယ်၊ သကံ ယေ၀ သုဒံ မုတ္တကရီသံ အာဟာရေမိ၊ ငါကိုယ်တိုင် ကျင်ကြီးကျင်ငယ်တို့ကို စားသုံးမှီဝဲပြီးတော့လည်း ကျင့်ခဲ့ဖူးတယ်။
အဲဒီလို မိစ္ဆာအကျင့်ရှိသူမျိုးကို ပညာမဲ့ အန္ဓဗာလများကသာ ကိုးစား အားထားကာ ချီးမွမ်းကြည်ညိုမှုပြု ၍ တပည့်ခံလျက် လိုက်နာကျင့်သုံးကြမှာ ဖြစ်တယ်၊ ယင်းအကျင့်မှား တို့ကား ပညာရှိများ၏ အရာမဟုတ်ချေဟု မိမိ၏ အတိတ်အကြောင်းဖြစ်ရပ် အမှားတွေကို ရဟန်းရှင်လူတို့ ထပ်မမှားစေဘဲ အမှန်သိရအောင် ပြန်ဆောင် ဟောကြားတော်မူတဲ့ ကမ္ဘာတစ်သိန်း ဟိုဘက်က ပြုကျင့်ခဲ့ဖူးတဲ့ ဒေသနာတော်သာဖြစ်တယ်၊ အကျယ် စိတ်ဝင် စားဖွယ်တွေကို သိချင်ရင် အဲဒီ မဟာသီဟနာဒသုတ္တန်ပါဠိတော်နဲ့ အဋ္ဌကထာများကို ရှာကြည့်ပေတော့၊ အလောင်းတော်နုစဉ်က အမှားမှားကျင့်ပုံတွေ ကုန်အောင်စုံပါတယ်။
သာသနာဖျက်ကောင်တွေက အဲဒီဇာတ်တော်ကို ကုန်အောင်စုံပြောမပြဘဲ လိုချင်တဲ့ပါဠိကလေးထုတ် ကာ ကျမ်းစာမှာ ဒီလိုလာတယ်၊ မစင်စားပြီးကျင့်ခဲ့တဲ့ ဘုရားလေး ဘာလေး ညာလေးနဲ့ ပြောကြားကာ မီးပုံထဲ အဖော်ခေါ်တာကို ဒကာကြီးတို့က လိုက်ရောခုန်ဆင်းချင်လို့လား၊ နားမယောင်နဲ့ မီးလောင်တိုက်ထဲ ပါကုန်လိမ့် မယ်။
ဒကာ။ ။ မီးပုံထဲ အဖော်ပါကုန်မှာစိုးလို့ ဆရာတော်ထံ အမှန်ရအောင် လာရောက်ဆွေးနွေး မေးမြန်းရ တာပါပဲ ဘုရား၊ သူတို့ကလိုချင်တဲ့ ပါဠိအချက်အလက်ကလေးတွေ ထုတ်ယူထုတ်ယူပြီးတော့ မဟုတ်မဟတ်တွေ ဟောပြောကာ ဒါတွေဟာ ပိဋကတ်ကျမ်းစာကလာတာဟု ပိဋကတ်ကျမ်းစာအုပ်တွေနဲ့ချည်း ကိုင်ပေါက်ခံနေရ တာ ခုမှပဲ မှန်ကန်တဲ့ အပိုင်းထဲ ရောက်ရ သိရပါတော့တယ်၊ ဒကာကြီးတို့ကို ယခုလိုမှန်ကန်စွာ အသိဉာဏ်တွေ ပေးတာကို ကျေးဇူးတင်လို့ မဆုံးပါဘူး ဆရာတော်။
ဆရာ။ ။ ကတညူ ဘိက္ခဝေ ဒုလ္လဘောတဲ့၊ သူ့ကျေးဇူးကို သိတတ်တဲ့သူဟာ အလွန်ရှားပါးတယ်တဲ့၊ ဒီလိုကျေးဇူးတင်ဖော်ရရင် သူတော်ကောင်းထဲ ၀င်လာပြီ၊ ၀မ်းသာပါတယ်။

No comments: