သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ကမ္မဋ္ဌာန်းထိုင်သူဟာ ညောင်းရင်မပြင်ရဘူးလား

ကမ္မဋ္ဌာန်းထိုင်သူဟာ ညောင်းရင်မပြင်ရဘူးလား
ဒကာ။ ။ ကမ္မဋ္ဌာန်းထိုင်သူဟာ ဣရိယာပုတ်ကို မပြင်မပြောင်းဘဲ တစ်ခါတည်း တောက်လျှောက် ထိုင် နေရတော့မှာလား ဆရာတော်၊ ညောင်းမပြင်နဲ့ ယားမကုတ်နဲ့ စသည်ဖြင့် ကမ္မဋ္ဌာန်းပြဆရာတွေက တားမြစ်ထား တော့ တစ်ကြိမ်ထိုင်ပြီး လန်ကုန်ကြရော၊ နောက်ခေါ်လို့မရတော့ဘူး ဘုရား၊ အဲဒါလေးကွဲပြားအောင် မိန့်ကြားပါ ဦး ဘုရား။

ဆရာ။ ။ အင်း.. နားထောင် ရှင်းပြမည်၊ ခံစားမှု ဒုက္ခဝေဒနာပြင်းထန်လွန်းက သမာဓိမရနိုင်ကြောင်းကို မူလပဏ္ဏာသ ပါဠိတော် ၇၂၊ အဋ္ဌကထာ ပ-အုပ်၊ ၂၆၈ ၌…
တတ္ထ ဟတ္ထ၀ါဒေ အတိစိရံ သမိဉ္စေတွာ ပသာရေတွာ
ဧ၀ ၀ါ ဋ္ဌိတဿ ခဏေ ခဏေ ဝေဒနာ ဥပ္ပဇ္ဇန္တိ စိတ္တံ ဧကဂ္ဂံ
န လဘတိ ကမ္မဋ္ဌာနံ ပရိ ပတတိ ၀ိသေသံ နာဓိဂစ္ဆတိ။
“တရားအားထုတ်တဲ့အခါ၌ လက်ခြေတို့ကို မပြင်ဆင် မပြောင်းလဲဘဲ အကြာကြီးကွေးလျက် ဆန့်လျက် အတိုင်း ထားခြင်းဖြင့် တရားမှတ်ဆဲ ခဏတိုင်းခဏတိုင်း ဝေဒနာတွေ ဖြစ်ပေါ်လာကာ စိတ်တည်တံ့မှု မရနိုင်တော့ဘဲ တရားအမှတ်တွေလည်း ကျဆင်းယုတ်လျော့ကာ ထူးမြတ်သော မဂ်ဖိုလ်တရားတို့ မရောက်နိုင်ဘူး ”လို့ အမှန်အတိုင်း ပြဆိုထားတာ ရှိပါတယ်။
အဲဒါကြောင့် မချိမဆန့် မနေနိုင်အောင် ဆင်းရဲဒုက္ခ ပေါ်နေရင်လည်း သိမှတ်စိတ်နဲ့ တရားမလွတ်စေဘဲ ပြောင်းလဲနိုင်ပါတယ်၊ မပြောင်းဘဲ သည်းခံနိုင်ရင်တော့ အကောင်းဆုံးပဲ ဒကာကြီးတို့၊ ခန္တီဟာ သည်နေရာမှာ အရေးကြီးတယ်၊ အဲဒါကို (အနုလောမခန္တီ) မဂ်ဖိုလ်နဲ့ လျော်တဲ့ ခန္တီတဲ့ ဒကာကြီးတို့ရဲ့၊ ဒါထက်ပိုပြီး ဖြေစရာမရှိပါ ဘူး။
ဒကာ။ ။ အမှန်သိရလို့ ၀မ်းသာလှပါတယ် ဆရာတော်၊ အနုလောမခန္တီဟာ တရားထိုင်တဲ့အခါမှာ ဆိုတာကို အခုမှပဲ သိရပါတယ်ဘုရား၊ သည်းခံရင် နိဗ္ဗာန်ရောက်ဆိုတာ ဒါပဲကိုး။

No comments: