သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ

ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာ သာသနာတော်၌ အသိရခက်သလို၊ ပြောဟောရတာလည်း အခက်ဆုံးတရားများ ရှိပါသလား ဆရာတော်၊ ရှိရင် ဘယ်တရားတွေပါလဲဘုရား၊ သိပါရစေ။

ဆရာ။ ။ သာသနာတော်၌ ကိုယ်တိုင်သိဖို့ခက်၊ သူတစ်ပါးတို့ကိုလည်း နားလည်အောင် ဟောပြောရ အခက်ဆုံးသော တရားကြီး ၄ မျိုး ၄ ပါးရှိကြောင်းနဲ့ အဋ္ဌကထာဆရာကြီးများ ညည်းညူတော်မူကြတယ်လို့ ပါရှိတယ်။
သစ္စံ သတ္တော ပဋိသန္ဓိ၊
ပစ္စယာကာရ မေ၀ စ။
ဒုဒ္ဒသာ စတုရော ဓမ္မာ၊
ဒေသေတုံ စ သုဒုက္ကရော။
၁။ သစ္စံ။ ။ သစ္စာ၎ ပါးတရားကို မိမိကိုယ်တိုင် သိဖို့လည်း အလွန်ခက်တယ်၊ သူတစ်ပါးတို့ကို နားလည် အောင် ဟောပြောပေးဖို့က သာလွန်၍ ခက်တယ်တဲ့။
၂။ သတ္တော။ ။ သတ္တ၀ါ တစ်ဦးတစ်ယောက်ရဲ့ အစဖြစ်လာပုံနဲ့ ဘ၀တွေအမျိုးမျိုးပြောင်းလဲ ဖြစ်နေပုံတို့ကိုလည်း ထို့အတူပဲ အလွန်အသိရ ခက်ပါတယ်တဲ၊ သိအောင်ပြောနိုင်ဖို့လည်း ခက်ပါတယ်တဲ့။
၃။ ပဋိသန္ဓိ။ ။ သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့ ပဋိသန္ဓေနေပုံ အခြင်းအရာကိုလည်း အပြည့်အစုံ သိအောင် ဟောပြောရဖို့ဟာ အလွန်ခက်ပါတယ်တဲ့။
၎။ ပစ္စယာကာရ။ ။ ပဋိစ္စသမုပ္ပါဒ် တရားတော်ကိုလည်း နားလည်ကျေနပ်အောင် ဟောပြ သင်ကြားပေးဖို့ဟာ အလွန်ပဲ ခက်လှပါတယ်တဲ့။
အဋ္ဌကထာဆရာကြီးတွေက အဲသည်လိုညည်းညူကာ အဆိုပြုတော်မူကြတယ်၊ ဒါကြောင့် သည်တရားကြီး ၄ ပါးဟာ သာသနာတော်မှာ ဟောပြောရ အခက်ဆုံးပဲလို့သာ မှတ်ရမယ် ဒကာကြီးတို့။
ဒကာ။ ။ ကျေနပ်နှစ်သက်လှပါတယ်ဆရာတော်၊ ဒကာကြီးတို့ ဉာဏ်နဲ့မမီတဲ့ အရာတွေပါ ဘုရား။
ဆရာ။ ။ ဟာ…. ဒီလိုသဘောမထားရဘူး၊ တန်ဖိုးရှိတဲ့ တရားကို တန်ဖိုးရှိရှိနဲ့ သိအောင် သင်ကြား မှတ်သားဆွေးနွေး မေးမြန်းရှာမှီးရမယ် ဒကာကြီးတို့ရ၊ စိတ်ဓါတ်ကိုမလျှော့ရဘူး။
ဒကာ။ ။ မှန်ပါ့၊ ဉာဏ်မီသလောက် ဆွေးနွေး မေးမြန်း နာယူ လိုက်စားပါမယ် ဆရာတော်။

No comments: