သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဝိပဿနာယောဂီသေရင် နတ်ပြည်ရောက်တယ်ဆိုတာကော မှန်ပါသလား၊ ၀ိပဿနာအလုပ်နဲ့ ဘ၀ပြုတ် ရှုပ်ထွေးလာပြန်ခြင်း

ဝိပဿနာယောဂီသေရင် နတ်ပြည်ရောက်တယ်ဆိုတာကော မှန်ပါသလား
ဒကာ။ ။ အနို့ ၀ိပဿနာတရား အားထုတ်ပွားများတဲ့သူဟာ သေရင်နတ်ပြည်ရောက်တယ်လို့ ပြောဟောနေကြတာကော မှန်ပါသလား ဆရာတော်၊ ပိဋကတ်ကျမ်းဂန်များမှာ ပါလို့လား။

ဆရာ။ ။ အင်း..ဒါလည်း မှန်တာပဲ၊ စတုက္ကင်္ဂုတ္တရ ပါဠိတော်မှာ ဟောတော်မူတာ ရှိတယ်။
ယဿ တတ္ထ ဓမ္မပဒါနိ ပိလ၀န္တိ။
ဝိပဿနာတရား ရှုမှတ်ပွားများရင် တန်းလန်းနဲ့ သေသွားတဲ့ယောဂီဟာ သူရောက်သွားတဲ့ ထိုနတ်ပြည်မှာ လူ့ဘ၀က သူရှုမှတ်သွားတဲ့ တရားဓမ္မအစုဟာ ပေါ်လျက် ရှုလျက် မှတ်လျက်ပဲတဲ့၊ နောက်ဆက် ပြီး ဟောတော်မူတာက….
ဒန္တော ဘိက္ခဝေ သတုပ္ပါဒေါ။
အင့် ဟင်၊ ငါနတ်ပြည်ရောက်နေပါပကောလား ဟူသော နတ်အဖြစ်ကိုအောက်မေ့ သတိရ သိရှိခြင်းက နှေးကွေးနောက်ကျနေသေးတယ် ရဟန်းတို့တဲ့၊ အဲဒါ ပိဋကတ်ကျမ်းစာမှာ ပါတဲ့စကားတွေပဲ၊ ကဲရှင်းရဲ့လား၊ နတ် ပြည်တိုက်ရိုက်သွားချင်ရင် ၀ိပဿနာတရား ကြိုးစားအားထုတ် မုချရောက်ရမယ် ဒါပဲ။
ဒကာ။ ။ မှန်ပါ့၊ ဒကာကြီးလည်း ကြိုးစားအားထုတ်ပါမည်၊ ဒကာမကြီးကိုလည်း တိုက်တွန်းပေးရမှာပဲ ဆရာတော်၊ ပါရမီဖက်ကို ချန်ထားလို့ မဖြစ်ပါဘူးဘုရား၊ ဒါပေမယ့် တွေးစရာတစ်ခုက…..

ဝိပဿနာအလုပ်နဲ့ ဘ၀ပြုတ် ရှုပ်ထွေးလာပြန်ခြင်း
ဒကာ။ ။ ခုမှ ပိုမိုရှုပ်ထွေးလာကုန်ပြီ ဆရာတော်၊ ၀ိပဿနာကုသိုလ်က ဘ၀ကို ချုပ်ငြိမ်းပြတ်စဲစေ တယ်လို့ ပထမပုစ္ဆာမှာ ဆရာတော်ပဲ ပါဠိတွေ ကိုးကားပြီး ဖြေကြားခဲ့တယ်။
အခု ဒုတိယပုစ္ဆာ ကျပြန်တော့ကာ ၀ိပဿနာကုသိုလ်ကံက နတ်ဘ၀ ပဋိသန္ဓေကိုပေးနိုင်တယ်၊ နတ် ပြည်လောကကို ရောက်စေတတ်တယ်လို့ ပါဠိအကိုးအကားတွေနဲ့ နတ်ပြည်သွားအောင် ဖြေကြားထားပြန်တော့ ရှေ့နောက်မညီတဲ့ ဒီအဖြေစကားကို ဒကာကြီးတို့နားမလည်ဘဲ ရှုပ်ထွေးနေတော့ကာ ဘယ်လိုမှတ်သားပြီး ဘယ် ဟာကို အမှန်ယူရမှာလဲ ဆရာတော်၊ ဒီအဖြေနှစ်ပါး တစ်သားတည်းကျ ညီညွတ်မှုရအောင် ရှင်းပြပေးပါဦး ဘုရား။
ဆရာ။ ။ အေးလေ…ဒီပုစ္ဆာမျိုးက အဖြေရမလွယ်လှဘူးလို့ အစကတည်းက ပြောခဲ့သားပဲဟာ၊ ဉာဏ် နားနဲ့ ထောင်ဖမ်းမှ ပိုင်နိုင်စွာ သိနားလည်မှာ ဖြစ်တယ်၊ ကဲ.. နားထောင်မှတ်သားပေတော့၊ ရှင်းပြပေးမယ်။
ဝိပဿနာကုသိုလ်က ဒုက္ခသစ္စာ ဘ၀ရဲ့ ဆင်းရဲကို ချုပ်ပြတ်စေတယ်ဆိုရာမှာ ယောဂီရှုမှတ်ပွားများ အောက်မေ့နေတဲ့ ရုပ်နာမ်ဓမ္မတို့၏ မူလသဘာဝ အနိစ္စ ဒုက္ခ အနတ္တ သက်သက်ဖြင့် အမှန်အတိုင်း သိပျက် သိပျက် သွားကြတဲ့အာရုံတွေထဲမှာ နိစ္စ သုခ အတ္တ ဒိဋ္ဌိသဘောနဲ့ စွဲလမ်းတဲ့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ကိလေသ၀ဋ် တွေဟာ မဖြစ်မလာနိုင်တော့ဘူး၊ အ၀ိဇ္ဇာ မောဟရဲ့ နေရာမှာ ၀ိဇ္ဇာ အမောဟ ဉာဏ်ဝင်လာလို့ ဒုက္ခသစ္စာ သက် သက်ပဲဟု မြင်ကာ ဘ၀၏မခိုင်မြဲပုံ အနိစ္စ ငါမဟုတ်ပုံ အနတ္တတို့ကိုပါ တိုးတက် သိမြင်ပြန်လျက် သမုဒယ သစ္စာ တဏှာလောဘ၏ လိုချင်စွဲလမ်းမှု ရမ္မက်ကို တဒင်္ဂဟန်ဖြင့် တစ်ချက်သိမှတ် တစ်ခါပယ်ဖြတ်ပြီး ဖြစ်ဖြစ်နေတဲ့ ၀ိဝဋ္ဋဉာဏသမ္ပယုတ် မဟာကုသိုလ်တွေပဲ။
အဲဒီနေရာမှာ “အာရမ္မဏာနုသယ ခေါ်ဆို” တဲ့ မြုံကိန်းကိလေသာတို့ကို အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ခေါ် ကိလေသ၀ဋ်မပါတဲ့ ဉာဏသမ္ပယုတ် တိဟိတ်ဥက္ကဋ္ဌ ၀ိပဿနာကုသိုလ်က ချုပ်ငြိမ်းပြတ်စဲစေတာပဲ၊ သည့်နောက်မှာလည်း အဲဒီကိလေသ၀ဋ်မှ ဆက်ပြီးဖြစ်ကြဦးမည့် ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ မဖြစ်ရတော့ဘူး၊ ယင်းတို့မဖြစ်ရတဲ့အတွက် ယင်းတို့မှ တစ်ဖန်ဆက်ပြီး ပေးကြဖြစ်ကြရမည့် ဘ၀ပဋိသန္ဓေတွေကို ၀ိပဿနာကုသိုလ်က ချုပ်ငြိမ်းစေတာပဲ၊ ဒကာကြီးတို့ရဲ့။
အဲဒီလို အ၀ိဇ္ဇာငြိမ်း ၀ိဇ္ဇာကိန်းဝပ်တဲ့ ဉာဏ်နဲ့ ရုပ်နာမ် ဓမ္မရဲ့ သဘောမှန်ကို မှတ်တိုင်း မှတ်တိုင်း ချုပ်ပြတ်ငြိမ်းစဲသွားကြတဲ့ ကိလေသာတွေ ကံတွေ ဘ၀တွေဟာ ၀ိပဿနာဉာဏ်နဲ့ အမှန်အတိုင်းရှုသိနေတဲ့ အာ ရုံကို အကြောင်းပြုပြီး မဖြစ်ကြရတော့ဘဲ ချုပ်ငြိမ်းသွားကြတာတွေသာဖြစ်လို့ ၀ိပဿနာကုသိုလ်က ပဋိသန္ဓေကို မ ကပ်ငြိဘဲ ချုပ်ပြတ်သွားနိုင်တယ်လို့ ဖြေဆိုခဲ့တာပါ၊ ၀ိဝဋ္ဋကုသိုလ် ၀ိပဿနာကံတွေပဲ၊ ကဲ… ရှင်းပြီလား။
ဒကာ။ ။ အနို့ ၀ိပဿနာကုသိုလ်အလုပ်လုပ်ရင်း သေသွားရင် ၀ိပဿနာကုသိုလ်ကံက နတ်ဘ၀ရောက်စေနိုင်တယ် ဆိုတာကကော ဆရာတော် ဖြေရှင်းပေးပါဦး ဘုရား။
ဆရာ။ ။ ဟုတ်ပါတယ်၊ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး ပြုစုသွားတဲ့ ဒိဋ္ဌိဝိသောဓန ၀ဇီရဂ္ဂ ဒီပနီကျမ်းမှာ ဆရာတော်ဘုရားကြီးက…
အချို့ဆရာတို့ကလည်း ၀ိပဿနာကုသိုလ်သည် မဂ်ကိုသာ ပေးတတ်၏။ မဂ်ကိုမပေးလျှင် တစ်စုံတစ်ခုသော လူ၊ နတ်၊ သုဂတိအကျိုးကို မပေးတတ်ဟူ၍ ပြောဆိုကြသည်လည်း ရှိ၏။ ထိုသို့ပြောဆိုခြင်း သည်လည်း ကျမ်းဂန်နှင့် မလျော်သည်သာတည်း။
အဲသည်အတိုင်း ရေးသားချမှတ် ဆုံးဖြတ်သွားတယ်၊ ဒါကြောင့်မို့ ၀ိပဿနာတရားအားထုတ်ရင်း သေ သွားရင် နတ်ပြည်ရောက်နိုင်တယ်လို့ ဆိုတာပေါ့။
ဒကာ။ ။ ဒီလိုဆို စောစောက ဆရာတော်ပဲ ၀ိပဿနာကုသိုလ်က ပဋိသန္ဓေအကျိုး မပေးဘူးဟု (၀ိပဿနာ သမ္မာဒိဋ္ဌိ ပဋိသန္ဓိံ နာကဍ္ဎတိ) ပါဠိတွေရွတ်ပြီး၊ ခုတော့တစ်ခါ နတ်ပဋိသန္ဓေပေးတယ် ဆိုလာတော့ကာ ရှုပ်ထွေးကုန်ပြီ၊ အဲဒါလေး ရှင်းပေးပါဦး ဆရာတော်။
ဆရာ။ ။ မှန်ပါတယ်လေ ဖြေရှင်းပြပါ့မယ်၊ ယခုဘ၀ အတ္တသမ္မာပဏီဓိ - ခေါ်တဲ့ ၀ိပဿနာ ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်ထဲမှာ သဟဇာတ သမ္ပယုတ်သဘောမျိုးနဲ့ ယှဉ်တွဲပါလာတဲ့ စေတနာတွေကတော့ ပုဗ္ဗေစ ကတပုညတာရဲ့ စီမံချက်ကို လက်ခံပေါင်းတွဲကာ ပရမတ်ဆိုတဲ့ ဓမ္မဖြစ်စဉ်အတိုင်း မဖောက်မပြန် မှန်ကန်စွာ သူတို့ပေးရမည့် ကာမသုဂတိဘ၀တွေကို စီမံပေးကြမှာပဲ၊ အကြောင်းညီညွတ်မှုရှိနေ သမျှ ဘယ်တော့မှ ချုပ်ငြိမ်းပြတ်စဲမှုမရှိဘူး၊ အဲဒါကြောင့် ၀ိပဿနာကုသိုလ် စေတနာဇောတွေကို ပုဗ္ဗေစ ကတပုည ကုသိုလ်ဇောတွေက သေခါနီးမှာ အာသန္နကံသဘောနဲ့ ၀င်လာကြကာ ကမ္မနိမိတ်တွေထင်ပြီးတော့ သေသွားတဲ့ ယောဂီဟာ နတ်ပြည်ရောက်တာလည်း မှန်တယ်လို့ ဖြေကြားခဲ့တာပါ၊ အဲဒါမှ မရှင်းသေးရင် အဲဒီအ ဖြေမှတ်တမ်းကို အကြိမ်တရာလောက် ဖတ်ဖတ်ပြီး ဉာဏ်နဲ့စဉ်းစားပါ ရှင်းသွားလိမ့်မည်၊ သို့မဟုတ် အဘိဓမ္မာအ ဖွဲ့ချုပ် ဥက္ကဋ္ဌကြီးထံမှာ သွားရောက်ကာ ဖြေရှင်းပေတော့ ဒါပဲ၊ အဘိဓမ္မာနည်းတွေဟာ လွယ်တာတော့ မဟုတ်ဘူးနော်။
ဒကာ။ ။ မှန်ပါ့၊ သဘောပေါက် ရှင်းလင်းသွားအောင် စဉ်းစားကြံစည်ပါ့မယ် ဆရာတော်၊ ပုဗ္ဗေ စ ကတပုညတာ ပဲကို နည်းနည်းတော့ ရှင်းသွားပါပြီ ဆရာတော်၊ ပုဗ္ဗေစ ကတပုညတာ က ၀ိပဿနာနဲ့ တွဲသွားတာကိုး။

No comments: