သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဝိပဿနာ ကုသိုလ်သည် ဘ၀ကို ချုပ်ပြတ်စေသလား

ဝိပဿနာ ကုသိုလ်သည် ဘ၀ကို ချုပ်ပြတ်စေသလား
ဒကာ။ ။ အချို့ရိပ်သာ ဆရာတော်တွေက ဘ၀ပြတ်ကုသိုလ် ဘ၀ဆင်းရဲချုပ်တဲ့ ကုသိုလ်ဟု ၀ိပဿနာတရားတွေကို ဟောကြားအားထုတ်ခိုင်းနေကြတာ ရှိပါတယ်ဆရာတော်။
အခု ပုထုဇဉ်တွေ အားထုတ်ပွားများနေတဲ့ ၀ိပဿနာကုသိုလ်ကံက ဘ၀တစ်ပါးရဲ့ ပဋိသန္ဓေနေမှုကို မပေးတော့ဘူးလား ဆရာတော်၊ ပိဋကတ်ကျမ်းစာမှာ ဘယ်လိုများပါ ပါသလဲ။

ဆရာ။ ။ အင်း.. ဒီပုစ္ဆာမျိုးက အဖြေရမလွယ်လှဘူး၊ ခက်ခဲတယ်၊ နက်နဲတယ်၊ ဉာဏ်နားနဲ့ ထောင်ဖမ်း မှတ်သားမှ ပြတ်သားရှင်းလင်းစွာသိမှာ။
မဂ္ဂင်ရှစ်ပါးနဲ့ ၀ိပဿနာတရား ပွားများအားထုတ်တဲ့ ယောဂီက ၀ိဇ္ဇာဉာဏ်ရှေ့ သွားသောကြောင့် ဘ၀ ကို စက်ဆုပ်ရွံရှာသတဲ့၊ သံဝေဂဉာဏ်နဲ့ အနိစ္စ ဒုက္ခ အနတ္တ သက်သက်ဖြစ်တဲ့ ဘ၀သဘောမှကင်းလွတ်တဲ့ ငြိမ်း ချမ်းအေးမြရာ နိဗ္ဗာန်ကိုသာ တောင့်တဆန္ဒပြုပြီး အားထုတ်ပြုလုပ်နေတဲ့ ကာမာဝစရ ဉာဏသမ္ပယုတ် မဟာကုသိုလ်ဖြစ်တယ်၊ ဒါကြောင့် ဧကင်္ဂုတ္တရ အဋ္ဌကထာက…
ဝိပဿနာ သမ္မာဒိဋ္ဌိ ပဋိသန္ဓိံ နာကဍ္ဎတိ။
ကိလေသ၀ဋ်မပါဝင်သော ၀ိပဿနာတရားပွားများရှုမှတ်တဲ့ သမ္မာဒိဋ္ဌိကုသိုလ်ဟာ ဘ၀ပဋိသန္ဓေကို မကပ်ငြိမတွယ်တာတော့ဘူး၊ ချုပ်ငြိမ်း စေတတ်တယ်လို့ မှာဆိုထားတယ်၊ နောက် ဈာနသံယုတ် ပါဠိတော်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင်က…
ဈာယတေ ဘိက္ခဝေ ကိလေသေ ၀ိပဿနာ အဂ္ဂိနာ။
ရဟန်းတို့ ဘ၀ပဋိသန္ဓေကို ကိလေသာတရားကသာ ဦးဆောင်ပေးနေတာ ဖြစ်တယ်၊ စေတနာကံကို ဖြစ်စေတတ်သော အ၀ိဇ္ဇာ တဏှာ ဥပါဒါန်ခေါ် ကိလေသ၀ဋ်သုံးပါး အညွှန့် အညှောင့် အခက် အတက်မျိုးစေ့များ ကို ပြာကျအောင် လောင်ကျွမ်းစေနိုင်တဲ့ ၀ိဇ္ဇာဉာဏ်ဦးစီးသော ၀ိပဿနာ ကုသိုလ်မီးဖြင့် ရှို့ကြမြှိုက်ကြ ဖုတ်ကြည်းကြလို့ ဟောကြားတော် မူခဲ့တယ်၊ ဒါကြောင့် ဘ၀ပြတ်ငြိမ်းချမ်းချင်ရင် ၀ိပဿနာတရားကုသိုလ်များကို ကြိုးစားအားထုတ်ပါတဲ့၊ ကဲ… ကျေနပ်ရဲ့လား၊ ၀ိပဿနာဉာဏ်က ကိလေသ၀ဋ်မပါတဲ့ ကမ္မ၀ဋ်သက်သက် လုပ်ငန်းဖြစ်တယ်။
ဒကာ။ ။ ၀ိဇ္ဇာဉာဏ် အမှန်သိနဲ့ ဦးစီးပြီး ကိလေသ၀ဋ်ငုတ်ကို အပြုတ်ပြုလုပ်တဲ့ ကုသိုလ်မို့ ဆိုတာ ခုမှ ပဲ ရှင်းပါပြီ ဆရာတော်။

No comments: