သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဗုဒ္ဓရဲ့ ပိဋကတ်တော်မှာ သူနာပြုအင်္ဂါရှိပါသလား? သူနာများ လိုက်နာရန် အင်္ဂါကော ထားရှိပါသေးသလား?

ဗုဒ္ဓရဲ့ ပိဋကတ်တော်မှာ သူနာပြုအင်္ဂါရှိပါသလား
ဒကာ။ ။ ရဟန်းတော်များ မကျန်းမမာဖြစ်သောအခါ သူနာပြုစုရေးအတွက် မြတ်စွာဘုရား ညွှန်ကြား ချက်များရှိပါသလား ဆရာတော်၊ မိဝေး ဖဝေး ရဟန်းတော်များ မကျန်းမမာဖြစ်ရင် စောင့်ရှောက်ပေးသူဟာ မရှိ သလောက်မို့ ကိုယ်ဖြစ်ကိုယ်ခံကိုသာ တွေ့ရပါတယ် ဆရာတော်။

ဆရာ။ ။ မြတ်စွာဘုရားသခင်က သည်ကိစ္စနှင့်စပ်ပြီး လေးလေးနက်နက် မိန့်မြွက်တော် မူခဲ့တယ်။
ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊
သော ဂိလာနံ ဥပဋ္ဌဟေယျ။
ချစ်သောရဟန်းတို့ မကျန်းမမာသော ရဟန်းကို ပြုစုစောင့်ရှောက်ပေးခြင်းသည် ငါဘုရားအား ပြုစုလုပ် ကျွေးသည်မည်၏။ ငါဘုရားကို ပြုစုလုပ်ကျွေးမည့်အစား ဂိလာန ရဟန်းအား ပြုစုစောင့်ရှောက်လုပ်ကျွေးကြပါ လေဟု မြတ်ဘုရားမိန့်ကြားတော် မူခဲ့တယ်။
ဒကာ။ ။ သည်လိုဆိုရင် သူနာပြုများ လိုက်နာကျင့်သုံးစရာ နည်းဥပဒေသကော ထားရှိပါသေးသလား ဆရာတော်။
ဆရာ။ ။ အင်း…. အင်္ဂုတ္တရပါဠိတော် ပဉ္စကနိပါတ် ဂိလာန၀ဂ်မှာ ဟောဒီအင်္ဂါ ငါးပါးကို လိုက်နာရန် ညွှန်ကြားတော်မူခဲ့တယ်။
၁။ သမားတော်များ ပြောဆိုညွှန်ကြားသမျှ ဆေး အစာ အာဟာရတို့ကိုသာ လိုက်နာတိုက်ကျွေး ပြုစုပေးရခြင်း။
၂။ ဆရာတားမြစ်သော အစာ အာဟာရတို့ကို လုံးဝစားသောက်မှီဝဲခွင့် မပေးရခြင်း။
၃။ သူနာထံမှ လာဘ်လာဘစသည် မငဲ့လိုဘဲ မေတ္တာထားကာ ပြုစုပေးရခြင်း။
၎။ သူနာ၏ အညစ်အကြေးတို့ကို မရွံမရှာ သန်းရှင်းစွာ သုတ်သင်ဆေးကြောပေးရခြင်း။
၅။ ပြုံးရွှင်သော မျက်နှာထားဖြင့် ချိုသာနူးညံ့သော စကားကို ပြောရခြင်း၊ တရားဓမ္မ ဟောပြောတတ်ရ ခြင်းဆိုတဲ့ အင်္ဂါငါးပါးပဲ။
အဲဒါဟာ သူနာပြုတို့ လိုက်နာရမည့် ၀တ်တရား ငါးပါးပဲ။
ဒကာ။ ။ အော်…. သာသနာတော်ကြီး ခိုင်မြဲအောင် မြတ်စွာဘုရားသခင်ရဲ့ ညွှန်ကြားချက် နည်းဥပဒေ သတွေက စောင့်ရှောက်ပေးသွားတာပဲကို ကောင်းလိုက်တာ ဆရာတော်၊ လိုက်နာစရာတွေပဲ ဘုရား။

သူနာများ လိုက်နာရန် အင်္ဂါကော ထားရှိပါသေးသလား
ဒကာ။ ။ သူနာပြုသူ၏ အင်္ဂါ ငါးပါးရှိရင် သူနာများ လိုက်နာရမည့် အင်္ဂါကော ဘုရားမဟောဘူးလား ဆရာတော်၊ ဘာတွေပါလဲ ဟောရင် သိပါရစေဘုရား။
ဆရာ။ ။ ပဉ္စင်္ဂုတ္တရပါဠိတော် ဂိလာန၀ဂ်မှာပဲ ဟောကြားထားတာ ရှိတယ်ဒကာကြီးတို့ရ၊ သည်ပဥှာဟာ မေးပြီးဖြေပြီးသားလို့ အောက်မေ့တယ်၊
၁။ မိမိရောဂါနှင့် မသင့်လျော်သော ဆေး အစာ နေထိုင်မှုတို့ကို မပြုရခြင်း။
၂။ သင့်လျော် လျောက်ပတ်သည်ကို ပမာဏ အတိုင်းအရှည်သိ၍ မှီဝဲနေထိုင်ရခြင်း။
၃။ ဆရာ ညွှန်ကြားစကားကို လိုက်နာ ကျင့်ကြံရခြင်း။
၎။ မိမိအား ပြုစုစောင့်ရှောက် ကုမ ပေးသူများအား မေတ္တာပွားကာ နေရခြင်း။
၅။ မိမိရောဂါကို သည်းခံကာ မညည်းမညူ မဆူပူဘဲ တရားအမှတ် သတိသမ္ဗောဇ္ဈင်ကို ပွားများအားထုတ်ကာ နေရခြင်း။
ဘုရားဟောတော်မူတာကတော့ အဲဒီ အင်္ဂါ ငါးပါးပဲ ဒကာကြီးတို့၊ ကဲ.. ကျေနပ်ရဲ့လား၊ ပိဋကတ်တော်မှာ လူမှုရေးရာတွေ အပြည့်အစုံပါတယ်နော်။
ဒကာ။ ။ အားရကျေနပ် နှစ်သက်လှပါတယ် ဆရာတော်၊ နံပါတ် ၄ နဲ့ ၅ ဟာ မြင့်မြတ်သော လိုက်နာပြုကျင့်ဖွယ်ရာ ပါပဲ ဆရာတော်။

No comments: