သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

သာသနာတော်တည်ရာ အုတ်မြစ်ဟာ ဘာလဲ ဘယ်ဟာလဲ? သာသနာဖျက်ကောင်တွေ မဖြစ်စေနဲ့။

သာသနာတော်တည်ရာ အုတ်မြစ်ဟာ ဘာလဲ ဘယ်ဟာလဲ
ဒကာ။ ။ သာသနာတော်ကို တည်ထောင်တဲ့ နေရာမှာ မြတ်စွာဘုရားသခင်ဟာ အရှည်ခံ့ရေးအတွက် တည်တံ့အောင် ဘာကိုဦးတည်လျက် အုတ်မြစ်ချ အခြေခံတော်မူတယ်ဆိုတာ စာပေမှာ ပါ ပါသလား ဆရာတော်။

ဆရာ။ ။ ပါတယ် ဒကာကြီးတို့၊ သုတ်သီလက္ခန် ဋီကာသစ်ဆရာက သာသနာတော်၏ ဦးတည်ချက် အခြေခံမူလကို…..
ဒီဃဒဿီ စိရံကာလံ
ပတိဋ္ဌာပေသိ သာသနံ။
အရှည်ကိုမြင်သိတော်မူသော မြတ်စွာဘုရားသခင်သည် ကြာမြင့်စွာသော ကာလပတ်လုံး တည်တံ့နိုင် စေရန် သာသနာတော်မြတ်ကို ၀ိနည်းတရားဖြင့် သီလကိုဦးတည်ကာ အခြေခံအုတ်မြစ်ချ၍ တည်စေတော်မူခဲ့သည်ဟု ဤလိုဆိုထားတာရှိတယ်။
လူတွေ ၀ိနည်းတတ်အောင် သင်ပါ။
ဝိနယေ ဌိတေ သာသနံ ဌိတံ တဲ့။
ဒါကြောင့် သာသနာတော် အရှည်ခံ့၍ တည်တံ့စေချင်ရင် လူတွေက ၀ိနည်းတရား သင်ကြားကာ ၀ိနည်း သီလသိက္ခာနှင့် ပြည့်စုံတော်မူကြတဲ့ ရဟန်းသံဃာတော်တို့ကိုသာ ရွေးချယ်စိစစ်ကိုးကွယ်ကြရမည်၊ ၀ိနည်းတရားဟာ သာသနာတော်ရဲ့ အုတ်မြစ် အခြေခံအသက်ပဲ။

သာသနာဖျက်ကောင်တွေ မဖြစ်စေနဲ့
သည်လိုမဟုတ်ဘဲ တွေ့ကရာ ၀ါဝါမြင်ပြီးရောဆိုပြီး ဆည်းကပ်ကိုးကွယ်နေကြရင်တော့ ရဟန်းကောင်း တွေကို မစင်နဲ့ ရောမွှေသလို အားလုံးပေကျံ နံစော် ပျက်စီးကုန်မှာကတော့ သေချာတယ်၊ အဲဒီ ၀ါဝါမြင်ပြီးရော ဆိုတဲ့ လူတန်းစားတွေဟာ သာသနာ ဖျက်ကောင်တွေပဲ ဒကာကြီးတို့ရဲ့၊ အဲဒီထဲ မပါကြစေနဲ့နော်..။
ဒကာ။ ။ သည်လို ရက်ရက်စက်စက် တစ်တစ်ခွခွ မိန့်ဟတော်မူချက်ကို ကျေနပ်ပါတယ် ဆရာတော်၊ ဒကာကြီးတို့က အကျင့်သိက္ခာရှိ ရဟန်းသံဃာကိုသာ ရွေးချယ်ကိုးကွယ်ကြပါတယ်၊ အုတ်အရောရော မလုပ်တတ်ပါဘူး ဘုရား။

No comments: