သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဆု - မတောင်းကောင်းဘူးလား ဆု - တောင်းကောင်းသလား

ဆု - မတောင်းကောင်းဘူးလား ဆု - တောင်းကောင်းသလား
ဒကာ။ ။ ဘာသာရေးနဲ့ စပ်ပြီး အချို့ဆရာတော်တွေကလည်း ဆု - မတောင်းကောင်းဘူး၊ ဆုတောင်း လို့ ရတာမဟုတ်ဘူး၊ လုပ်ယူမှ ရတာဟု ဟောပြောကြပါတယ်၊ အချို့ဆရာတော်တွေကလည်း ဆုဆိုတာ တောင်းကောင်းတယ်၊ တောင်းသာတောင်းကြ၊ ဆန္ဒပြုပြီး တောင်းရင် ရနိုင်တယ်ဟု ပြောဟောနေကြပါတယ်။
ဒါပေမယ့် လူတိုင်းလိုလိုပဲ ကောင်းမှုပြုပြီးရင် ဘာဖြစ်ပါရစေ၊ ဘာဖြစ်ရပါလို၏ဟု ဆုတောင်းနေကြတာ သူတို့တောင်းတိုင်း ဖြစ်နိုင် ရနိုင်ပါသလား၊ တောင်းတိုင်းဖြစ်ရင် လားရာဂတိမြဲသူတွေ ဖြစ်ကုန်မှာပေါ့ ဆရာတော်၊ ကျမ်းဂန်သာဓကနဲ့ ဖြေရှင်းပေးပါဘုရား။

ဆရာ။ ။ အင်း… သိချင်ရင် နားထောင်မှတ်သားပေါ့၊ ဆုတောင်းတိုင်းရပုံ မရပုံနဲ့ ဂတိမြဲပုံ မမြဲပုံ ဥပရိပဏ္ဏာသ အဋ္ဌကထာဆရာ၏ စကားကို သာဓက ထားပြီး ဖြေကြားရှင်းလင်းပေးမယ်၊ ကြိုက်ရင်ယူ၊ မကြိုက် ရင် မယူနဲ့ ဒါပဲ၊ နောက်ထပ်လည်း ဆင်ခြေမတက်နဲ့၊ အဋ္ဌကထာ ဆရာကြီးက….
၁။ ယဿ ပဉ္စဓမ္မာ အတ္ထိ န ပတ္ထနာ၊ တဿ ဂတိ အနိဗ္ဗဒ္ဓါ။
သူတစ်ယောက်မှာ “သဒ္ဓါ၊ သီလ၊ သုတ၊ ဂတိ၊ စာဂ၊ ပညာ” သည် တရားငါးပါးတော့ ရှိပါ၏။ ပြု လုပ်ပါ၏။ ဆုတောင်းခြင်း ပတ္တနာတော့ မပြု မတောင်းဘူးတဲ့၊ ထိုသူအား လားရာဂတိ မမြဲဘူးတဲ့၊ လားချင်ရာ လားမှာပဲ။
၂။ ယဿ ပတ္ထနာ အတ္ထိ န ပဉ္စဓမ္မာ တဿာပိ ဂတိ အနိဗ္ဗဒ္ဓါ။
တစ်ယောက်သူကတော့ ဆုတောင်း ပတ္ထနာ ပြုပါ၏။ လိုချင် ဖြစ်ချင်ရာကို တောင်းပါ၏။ တရားငါးပါးကတော့ မရှိပေ၊ ထိုသူမျိုးလည်း လားရာဂတိမမြဲပါဘူးတဲ့။
၃။ ယေသံ ဥဘယမတ္ထိ တေသံ ဂတိ နိဗ္ဗဒ္ဓါ။
သူအချို့တို့ကတော့ ဆုတောင်းပတ္တနာလည်း ပြုပါ၏။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ - ဆိုတဲ့ တရားငါးပါးလည်း ရှိထားပါ၏။ သူတို့ဖြစ်ချင်တဲ့ ဆုတောင်းလည်း ပြည့်စုံပါ၏တဲ့။
ဂတိမြဲတယ်ဆိုရင် အပါယ်တံခါးပိတ် စိတ်ချရပြီ၊ စူဠသောတာပန်အပိုင်းကို ရောက်သွားတဲ့ စူဠသောတာ ပန်တစ်မျိုးလို့လည်း မှတ်ချင်ရင် မှတ်ပေါ့၊ ဒါကြောင့် ဆရာတော်တို့ကတော့ ကောင်းမြတ်တဲ့ အပြစ်မရှိတဲ့ ဆုမျိုး တောင်းရင် ကောင်းတယ် တောင်းကြ၊ ဥမ္မာဒန္တီတို့လို ယောက်ျားတွေ ဒုက္ခပေးတဲ့ ဆုမျိုးတော့ မတောင်းကြနဲ့၊ မကောင်းဘူးလို့ အပြတ်ပဲ ပြောလိုက်တယ်။
ဒကာ။ ။ ဒီလိုဆိုရင် အပြစ်မရှိ ကောင်းတဲ့ဆုကိုတော့ တောင်းရမှာပဲ ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား။

No comments: