သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

တိပိဋကဓရနှင့်စာမှတ်ပုဂ်္ဂိုလ်

တိပိဋကဓရနှင့်စာမှတ်ပုဂ်္ဂိုလ်

ထိုအခါ သူဌေးကြီး၏ လျှောက်ထားတောင်းဆိုချက်အရ ဥက္ကဌဆရာတော်က မိမိကို ခေါ်ယူစစ်ဆေးလေသည်။
မိမိက အရှင်ဝဏ်္ဏိတသည် အထောက်အမလုံးဝမရှိဘဲ ထူးကဲကျေပွန်စွာရရှိသူ ဖြစ်ကြောင်း၊ ထိုနေ့မှတ်တမ်းဇယား၌ မိမိလက်မှတ်ထိုးစဉ်က ဤ(ထောက်ရ)မှတ်ချက်မရှိကြောင်း၊ နောက်မှရေးထည့်သောအရာဖြစ်နိုင်ကြောင်းနှင့် တင်ပြလျှောက်ထားရသည်။

သူဌေးကြီးဆာဦးသွင်ရော ဥက္ကဌဆရာတော် ဦကောဏ္ဍညပါအံ့အားသင့်ကာ စိတ်နှလုံးတုန်လှုပ်သွားကြလေပြီ၊ ထို့နောက် ကာလအနည်းငယ်အတွင်းမှာပင် ဆိတ်ငြိမ်စွာ အကြံယူစဉ်းစားကြပြီး “သည်လိုဆို စာမှတ်လုပ်သူကို စစ်ဆေးဖို့ရှိသည်” ဟု ချမှတ်လျက် စာမှတ်လုပ်သူကို ရန်ကုန်မြို့ အနှံ့အပြား သွားရောက်ရှာဖွေခိုင်းကာ ခေါ်လာကြတော့သည်။
စာမှတ်ဆိုသည်မှာ။ ။ စာပြန်ပလ္လင် ထီးဖြူတော်အောက်၌ စာပြန်ဆိုရသူ ရဟန်းတော်တစ်ပါးနှင့် ယင်း၏ ၀ဲ၊ ယာ၌ စာထောက်သူရဟန်းတော်နှစ်ပါးက ကုလားထိုင်နှင့်နေရသည်၊ ၄င်းစာထောက်နှစ်ပါးအောက်ကြမ်းပြင်၌ ရေးမှတ်ရန်ထားပေးသော လူတစ်ယောက်ကို “စာမှတ်” ဟုခေါ်သည်။
ထိုနေ့က မိမိတို့ စာပြန်ပလ္လင်၌ “စာမှတ်” လုပ်သူကား အသက်ခြောက်ဆယ်ခန့်ရှိ၍ နားအလွန်လေးသော သူဖြစ်လေသည်။ အော်ပြောမှ ကြားသည်။ အမည်ကိုတော့ မမှတ်မိတော့ပါ။ သူဌေးကြီးဆာဦးသွင်သည် မေးစစ်ရင်း အတော်စိတ်မချမ်းမြေ့ဖြစ်နေချေပြီ။ ယင်းအား မေးမြန်းသောအခါ ထိုနေ့က ဘာမျှ ရေးမှတ်စရာမရှိ၍ မှတ်တမ်းအောက်ဇယား၌(ထောက်ရ) ဟု တစ်ကြိမ်ရေးမှတ်ခဲ့ကြောင်းနှင့် ဖြေကြားအစစ်ခံတော့သည်။
အမှန်က ထိုစာပြန်သူသည် အထောက်အမ မရှိချောမောစွာ မှန်မှန်ကန်ကန်နှင့် ဖြေဆိုနိုင်သူဖြစ်သည်။ ထို့ကြောင့် မိမိက သူဌေးကြီးဆာဦးသွင်အား “စကင်းဝိစိတ္တပဲ ဒကာကြီးရေ” ဟု ပြောထားမိခြင်းဖြစ်သည်။
ဤကား စာထောက်သူတို့၏ အလေ့သဘာဝ စာကိုရလျှင် “ရတယ်၊ တော်တယ်”၊ မရလျှင် “မရဘူး၊ အလကား၊ လာညာနေတဲ့ အရှုပ်အပွေသာဖြစ်တယ်၊ အညာမထိအောင် သတိထားကြည့်လုပ်ကြ” ဟု မိမိတို့စာထောက်အချင်းချင်း ပြောနေကြစကားပင် ဖြစ်၏။ စာအောင် ဂေဇက်ပြန်တမ်းအမှန်သည် မှန်ကန်စွာ စာစစ်သူတို့၏နှလုံးသားထဲမှာသာ တည်ရှိသည်။
ယခုမူ စာအောင်ပြန်တမ်း ဂေဇက်ကိုလည်း ရိုးရိုးအောင်နှင့်ထုတ်ပြန်ပြီးပြီ (၀ိသိဋ္ဌနေရာ၌) ပြန်လည်ပြင်ဆင်ကာ မပေးနိုင်တော့ချေ၊ ထိုပုဂ်္ဂိုလ်မှာ မတရားသော ဆုံးရှုံးရခြင်းဖြင့် စိတ်ဓါတ်ကျဆင်းရတော့၏။
သူဌေးကြီး ဆာဦးသွင်သည် စိတ်နှလုံးမအေးချမ်းတော့ဘဲ ထိုစာမှတ်လုပ်သူကို သဲသဲမဲမဲကြိမ်းမောင်းလျက် (“မင်းထောင်ကျချင်လား၊ ထောင်ကျသွားနိုင်တယ်” စသည်ဖြင့် ရေရွတ်မြည်တွန်ကာ) ပြန်လွှတ်လိုက်တော့၏။
မှတ်ချက်။ ။ ယင်းပြဿနာကား အရည်အချင်းဂုဏ်အင်္ဂါ ဘာမျှမစစ်ဆေးဘဲ “လက်သင့်ရာစားတော်ခေါ်ဟူသော” အာဏာရှင်အလုပ်မျိုးဖြစ်၍ ဆင်ခြင်စရာ ထုံးတစ်ခုဟု မှတ်ယူရပေမည်။
ဤပြဿနာပေါ်ပြီးသည့်နောက်ပိုင်း ကာလမှစ၍ သူဌေးကြီးဆာဦးသွင်နှင့် (ဤကျမ်းပြုသူ) မိမိတို့သည် ရင်းနှီးသည်ထက် ပိုမိုရင်းနှီးကာ ဖော်ဖော်ရွေရွေ နီးနီးစပ်စပ် မကြာခဏ မျက်နှာချင်းပြိုင် ရင်ချင်းဆိုင်၍ အမှတ်တရစကားမှစပြီးလျှင် ရယ်မောစရာပြောင်လှောင် ကျီစယ်ခြင်းတို့တိုင်အောင် တစ်ဦးကိုတစ်ဦး ပြောဆိုလျက် ချစ်ကြည်စွာ နေထိုင်ကြလေပြီ။
တိပိဋကဓရ စာပြန်ပွဲကြီးကို ရက်ပေါင်း (၃၃)ရက်မျှကျင်းပခဲ့ရာ တစ်နှစ်အတွက်ပြီးစီးသွားလေပြီ။ မိမိလည်း ဖလ်ယဉ်ဓမ္မာရုံကြီးထဲ၌ ဆဋ္ဌပိဋကတ်တော် စာပြင်ဌာနသို့ ၀င်ရောက်စစ်ဆေးပြင်ဆင်၍ ဉာဏလုပ်အားပေးနေလေပြီ၊ သူဌေးကြီးဆာဦးသွင်သည် မိမိတို့စာပြင်ဌာနသို့ မကြာခဏ လာရောက်ကြည်ညိုလေ့ရှိသည်။
မိမိတို့ စာပြင်ဌာနအနားယူသောအချိန်ပိုင်းမျိုး၌ကား အငယ်ဆုံးဖြစ်သော(မိမိအား ပုထုဇဉ်တို့ သဘာဝရှိတတ်သော သူဌေးမာန်ဖြင့် လေးစားမှုစိတ်ထားမပါဘဲ) ရင်းနှီးချစ်ခင်များဖြင့်သာ သူပြောလိုပြော၍ မေးလိုရာတို့ကို မေးမြန်းကျီစယ်လေ့ရှိသည်။ သူဌေးကြီးနှင့်တွဲဖက်ပုဂ်္ဂိုလ်တို့ကာ နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးသိန်းမောင်၊ သာသနာရေးဝန်ကြီးဟောင်း ဦးဝင်းစသည်တို့အပြင် အခြားသူများလည်း ပါ,ပါလာတတ်လေသည်။
မှန်ပါသည်။ ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာကျမ်း၏အစ ဥပါသကာအခန်းကဏ္ဍ၌ ပထမပုစ္ဆာကားသူဌေးကြီးဆာဦးသွင်နှင့် အပေါင်းပါတစ်စုတို့က မိမိအားမလေးမစား ချစ်ကြည်သောအားဖြင့်၊ တစ်နည်းဆိုရသော် မလေးမနက်ပြက်ရယ် ကျီစယ်မှု သဘောဖြင့် မေးမြန်းချက် ပဥှာပင် ဖြစ်လေသည်။
ယင်းပြက်ရယ်ကျီစယ်မှု အမေးပဥှာမှစလျက် တစ်စထက်တစ်စ သိမ်မွေ့ခက်ခဲနက်နဲလေးစားရသော အမေး၊အဖြေ အပိုင်းအခန်းများသို့ တက်လှမ်းတက်လှမ်းကာ ရောက် ရောက်သွားလျက် သာသနာတော်၏ အနှစ်သာရနှင့်စပ်သော သိလိုချက် “သမ္မာဒိဌိ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လိုရေး ” စတဲ့လေးနက်သော ပဥှာပြဿနာများကို ဆက်ခါဆက်ခါ မေးမြန်းမှတ်သားကြခြင်း ဖြစ်တော့၏။
စာဖတ်သုခမိန်သည် ဤကျမ်းစာ၏ ပထမပိုင်းအစ ဥပါသကာအခန်းကဏ္ဍကို လှန်ကြည့်လိုက်ပါ။ သူဌေးကြီးဆာဦးသွင်နှင့် အပေါင်းပါတို့ စတင်မေးမြန်းပုံ ပထမပဥှာကို တွေ့ရပေလိမ့်မည်။
ထိုအမေးပဥှာ၏ ဟန်ပန်မူရာ ရည်ရွယ်ချက် အနေအထားနှင့် စကားအသွားအလာတို့ကို အကဲခတ်ကြည့်လျှင် ကျမ်းဆရာအားကျီစယ်ထားခြင်းနှင့် သူတို့ဖော်ပြသွားသော ဥပါသကာ၏ ရုပ်ပုံအပြင်အဆင် အသွင်သဏ္ဌာန်ပါ ပေါ်လွင်စွာတွေ့မြင်ရပေလိမ့်မည်။
ယင်းဥပါသကာ၏ ဗဟိဒ္ဓပိတ်ဖြူဝတ် ရုပ်လုံးဖော်သော မေးခွန်းပဥှာကစ၍ ဥပါသကာအစစ်၏ အဇ္ဇျတ္တစိတ်ဓါတ်ဖြစ်ပုံ၊ ဥပါသကာ၏ဂုဏ်ရည်၊ ဥပါသကာ၏အင်္ဂါ၊ သမ္မာဒိဌိ ဗုဒ္ဓဘာသာ ဥပါသကာစစ်စစ်ဖြစ်ရှိသွားဖို့ အရေးနှင့် ဥပါသကာ၏တက်လမ်း၊ ကျင့်စဉ်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဝင်သည်အထိအကျိုးခံစားခွင့် အသင့်ပြုလုပ်ထားရှိရမည့် ကိစ္စရပ်များ စသည်ဖြင့် သိမှတ်စရာ ဓမ္မာနုဓမ္မာ ပဋိပတ် အကျင့်မြတ် ဂုဏ်ရည်တွေကား ဓမ္မဂုဏော အနန္တော ပြောမဆုံးပင်ရှိတော့သည်။

No comments: