သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

ဤကျမ်းစာဖြစ်ပေါ်လာပုံ ခြင်းရာစုံ အကျဉ်းချုပ်ကား

ဤကျမ်းစာဖြစ်ပေါ်လာပုံ ခြင်းရာစုံ အကျဉ်းချုပ်ကား

ဤသုတေသန သမ္မာမဂ္ဂင်္ဂ ပဥှာကျမ်းစာအုပ်ကို ရေးပြုထုတ်ဝေသူ(မိမိ)သည် ဆဌသံဂါယနာ မဟာဓမ္မသဘင်ကြီး မတင်မီကပင် ကြိုတင်၍ ပါဝင်ပြုလုပ်ခဲ့မှုများမှာ
၁။ ပိဋကတ်သုံးပုံ ပါဠိတော်နှင့် အဌကထာ ဋီကာများကို စစ်ဆေးပြင်ဆင်လျက် အမှန်ရောက်နိုင်အောင် တင်ပြပေးရသော ဆဌ မူလ၀ိသောဓကအဖွဲ့ကြီး၏အကျိုးဆောင်အဖြစ်လည်းကောင်း။

၂။ ယင်းတို့ကိုပင် တဖန်ထပ်၍ ပြန်လည်ပြင်ဆင် စစ်ဆေးပေးရသော ဆဌပဋိဝိသောဓက အဖွဲ့ထဲ၌လည်းကောင်း။
၃။ ဒီဃနိကာယ် ပါဠိတော် မြန်မာပြန်များကိုထပ်မံ၍ စစ်ဆေးပြင်ဆင်ပေးရသော ဆဌပါဠိတော် မြန်မာပြန်ပဋိဝိသောဓက အဖွဲ့ထဲ၌ လည်းကောင်း။
၎။ ဆဌပါဠိမြန်မာ အဘိဓါန်ကျမ်းကြီး စီစဉ်ရေးဖွဲ့ထဲ၌လည်းကောင်း ပါဝင်ဆောင်ရွက်မှုတို့ကို ပြုလုပ်နေရသည်။
ထိုကာလက မိမိသည် ဒီဃနိကာယ် သုတ်သီလက္ခန်ပါဠိတော် မြန်မာပြန် ပဋိဝိသောဓက မူချောပြင်လုပ်ငန်းကို
(၁) ဆရာတော် ဦးဉာနုတ္တရ အဂ္ဂမဟာပဏ္ဍိတ၊
(၂) မဟာစည်ဆရာတော် ဦးသောဘဏ အဂ္ဂမဟာပဏ္ဍိတ၊
(၃) မိမိဖျာပုံတိုက်သစ် သရက်တောကျောင်းတိုက် ဆရာတော် (၃)ပါးတို့ စတင်ပြုလုပ်ပေးနေရလေပြီ။
မှတ်ချက်။ ။ ထိုစဉ်က မိမိမှာ ရန်ကုန်၌ ကျောင်းပိုင်မရှိသေးချေ။ သူပုန်သူကန်တို့ ထကြွသောင်းကျန်းချိန်ဖြစ်၍ ရန်ကုန်သို့ ခေတ္တပြောင်းကာ နှစ်ကျိပ်ရှစ်ဆူကျောင်း၌ မှီခိုကပ်ရပ်နေရသော အညတြဘိက္ခုဘ၀မျှသာ ဖြစ်သော်လည်း ထင်ရှားကျော်ကြားသော ဆဌ၀န်ဆောင် ဆရာတော်များ၏ အားထားရည်ရော် ခေါ်ယူစေခိုင်းချက်အရ ထိုထိုအရေးပါသော နေရာတို့က ပါဝင်လုပ်ကိုင် ပေးနေရခြင်း ဖြစ်၏ဟု မှတ်မိပါသည်။
ကမ္ဘာအေးကုန်းမြေ၌လည်း သစ်တောကြီးများနှင့် ချုံနွယ်ပိတ်ပေါင်းတို့ကို သုတ်သင်ရှင်းလင်းလျက် ကုန်းမြင့်ချိုင့်ဝှမ်းတို့ကို မြေညှိစက်ကြီးများဖြင့် တစ်ပြေးညီပြုပြင်၍ လိုဏ်ဂူတော်ကြီးနှင့် ကျောင်းဆောင် စေတီတန်ဆောင်းတို့ကို ဆောက်လုပ်ဆဲပင်ရှိနေကြသည်။ မိမိတို့သည် တည်ထောင်ကာစမျှဖြစ်သော သာသနရိပ်သာမှနေလျက် ပိဋကတ်တော်စာပေများကို ဖော်ပြပါပုဂ်္ဂိုလ်တို့နှင့်ပင် ပျော်ပျော်ရွှင်ရွှင်ဖြင့် တိုင်ပင်စစ်ဆေး ပြုပြင်ပေးခဲ့ကြသည်များကို မိမိစိတ်တွင် မနေ့ကဟုပင် မှတ်ထင်မိနေတော့သည်။
ထိုစဉ်က သူဌေးကြီးဆာဦးသွင်သည် သာသနာ့ရိပ်သာကြီး တည်ထောင်ဆောက်လုပ်ရေး၌လည်းကောင်း၊ တိပိဋကဓရစာပြန်ပွဲကြီး ဖြစ်မြောက်ရေး၌လည်းကောင်း၊ ဆဌသင်္ဂါယနာတင် ပွဲသဘင်ကြီးဆင်နွဲရေး၌လည်းကောင်း ဦးဆောင်ဥက္ကဌနာယကကြီး လုပ်ကာ ငွေကြေးရက်ရောစွာ ပေးလှူပူဇော်သော သူဌေးကြီးတစ်ဦးဖြစ်ပေသည်။
ယင်းကာလ၌ သာသနာ့ရိပ်သာသည်လည်း သူတော်ကောင်းတို့ စိတ်နှလုံးမွေ့လျော်စရာ လျှိုမြောင် မြေပြင် သစ်ပင်ကြီးငယ် ချုံနွယ်တောရိပ်တို့ဖြင့် တိတ်ဆိတ်ငြိမ်သက်၍လည်းကောင်း၊ သင့်တင့်လျောက်ပတ်ရုံမျှသော သင်္ခမ်းကျောင်း လိုဏ်ဂူအဆောက်အအုံ တို့ဖြင့်လည်းကောင်း ဖွင့်လှစ်ကာ ယောကီများ လာရောက်တရားဝင်၍ စတင်ကျင့်ကြံ အားထုတ်ကြလေပြီ၊ တိပိဋကဓရစာပြန်ပွဲကြီးကိုလည်း ယာယီသစ်သားမဏ္ဍပ်ကြီးဖြင့် စတင် ဆင်နွှဲကျင်းပကာ နေလေပြီ။
မိမိသည် ယင်းတိပိဋကဓရ စာပြန်ပွဲ ဆင်နွှဲကျင်းပချိန်ကာလ၌ စာထောက်ပုစ္ဆာထုတ် စစ်ဆေး အမှတ်ပေး လုပ်ငန်းရပ်တို့ကို စာပြန်ပွဲကြီး၏ ဥက္ကဌ ခြောက်ထပ်ကြီး ဘုရားကြီးတိုက် အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးကောဏ္ဍည၏ စေခိုင်းချက်အမိန့်အရ ပါဝင်ဆောင်ရွက် ပြုလုပ်ပေးရသည်။
ယင်းစာပြန်ပွဲကြီး ကျင်းပဆင်နွှဲပြီးစီးသောအခါတို့၌လည်း အထက်ဖော်ပြပါ ဆရာတော်များနှင့်ပင် ဆဌသင်္ဂါယနာတင်ရန်အတွက် ပိဋကတ်တော်များ ပြင်ဆင်၊ စစ်ဆေးပေးရခြင်း၊ သီဟိုဠ်မူ၊ ယိုးဒယားမူ၊ လန်ဒန်မူတို့နှင့် တိုက်ဆိုင်ညှိနှိုင်းခြင်း၊ ပါဠိတော်များ မြန်မာပြန်ဆိုခြင်း၊ ဆဌပါဠိမြန်မာ အဘိဓါန်ကြီးကို မူချပေးရခြင်း၊ ထုတ်ပေးသောအဘိဓါန်ပုဒ်များကို စီစဉ်စစ်ဆေး ပြင်ဆင်ပေးရခြင်းစသော လုပ်ငန်းရပ်တို့ကို သာသနာ့ရိပ်သာ ဌာနမှပင် နေ့စဉ်နေ့တိုင်း ပါဝင်ဆောင်ရွက် ပြုလုပ်ပေးကာ နေရချေသည်။
သူဌေးကြီးဆာဦးသွင်သည် ပိဋကတ်သုံးပုံ စာပြန်ပွဲကြီးကျင်းပချိန်အခါမျိုး၌ ပြန်ဆိုဖြေကြားနေသော ပိဋကတ်တော်များကို မကြာခဏ လာရောက်နာယူ ကြည်ညိုလေ့ပြုသည်။ ထိုအခိုက် ဦးဝဏ်္ဏိတမည်သော စာပွဲဝင်ရဟန်းငယ်တစ်ပါး၏စာကို ကြေညက်ချောမောစွာ ပြန်ကြားရွတ်ဆိုနိုင်ပုံနှင့် ပြတ်သားရှင်းလင်းသော အသံရှိပုံတို့ကို ကြည်ညိုနှစ်သက်ကာ မိမိထံ လာရောက်မေးမြန်းပုံမှာ...

တိပိဋကဓရနှင့် သူဌေးကြီး ဆာဦးသွင်
သူဌေးကြီး။ ။““သည်ကိုယ်တော်လေး စာပြန်ပုံဟာ တော်တော်ချောမောပြတ်သားရှင်းလင်းတယ်၊ ဘယ်ကျမ်း စာပြန်ဆိုသလဲ၊ သူ့အတွက် အောင်မြင်မှုဘယ်လိုထင်မြင်သလဲ””
မိမိ။ ။“အင်း ... ဒီဃနိကာယ်ခေါ်တဲ့ သုတ်သုံးကျမ်းပြန်ဆိုတယ်၊ သည်ကိုယ်တော် ကလေးကတော့ “စကင်းဝိစိတ္တ တစ်ပါးပဲ” ဒကားကြီရေ့၊ အထစ်အငေါ့ အကျော်အလွှား အထောက်အမ မရှိ ကင်းစင်ပါတယ်၊ ဒုတိယ ၀ိစိတ္တတစ်ပါး ပေါ်ဦးမှပဲထင်တယ်၊ ၀ိသိဋ္ဌတော့ စွဲနိုင်ကောင်းပါရဲ့”
သူဌေးကြီးသည် ၀မ်းသာစွာဖြင့် သည်ကိုယ်တော်ကို မှတ်သွားလေသည်။ နောက်စာအောင်ပြန်တမ်း ဂေဇက်ထွက်လာသောအခါ အထူးအောင်(၀ိသိဋ္ဌ) ထဲမပါတော့ဘဲ ရိုးရိုးအောင်ထဲမှာသာ ပါလာတော့၏။
စာအောင်သူ ကိုယ်တော်မကျေနပ်တော့ပေ။ သူပြန်ဆိုသော နေ့စွဲနှင့် မှတ်တမ်းဇယားများကို ကြည့်လိုကြောင်း ဥက္ကဌဖြစ်သူ သူဌေးကြီး ဆာဦးသွင်ကို အရေးဆိုတော့သည်။
သူဌေးကြီး ဆာဦးသွင်သည် ကိုယ်တော်ကလေးအပေါ်၌ စောစောကပင် မေတ္တာပေမ၀င်နေဟန်တူသည်။ ထို့ကြောင့် ခြောက်ထပ်ကြီး ဘုရားကြီးတိုက် တိပိဋကဓရ စာပြန်ပွဲကြီး၏ ဥက္ကဌဖြစ်သူ ဆရာတော် ဦးကောဏ္ဍညထံ သွားရောက်လျှောက်ထားကာ စစ်ချက် မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးသောအခါ (မိမိ)ဖျာပုံတိုက်သစ်ဆရာတော် ဦးသြဘာသနှင့် သီတာရုံဆရာတော် ဦးဥတ္တရတို့ စစ်ဆေးသောနေ့၌ တစ်ကြိမ်မရ၍ ထောက်ပေးရကြောင်း မှတ်ချက်ကို တွေ့ရတော့၏။

No comments: