သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, June 24, 2010

နိစ္စပတ်ဝတ်လား၊ နိစ္စဘတ်ဝတ်လား

နိစ္စပတ်ဝတ်လား၊ နိစ္စဘတ်ဝတ်လား
ဒကာ။ ။ အချို့အချို့ ပုဂ္ဂိုလ်တွေက နိစ္စဘတ်ရှိရမည်၊ နိစ္စဘတ်ဝတ်ပြုရမည်ဟု ဟောပြောနေကြတာ နိစ္စဘတ်ဝတ်ဆိုတာ ဘာစကားလဲ၊ အဓိပ္ပါယ်လေးသိပါရစေ၊ ဆရာတော်က မြန်မာအဘိဓါန်ကျမ်းပြုမို့ မေးရတာပါ ဘုရား။

ဆရာ။ ။ အင်း…. ကြံကြံဖန်ဖန် ဒီဟာမေးတာ ဒီတစ်ယောက်ပဲ ရှိသေးတယ်၊ ဒါပေမယ့် မေးတာက နိစ္စပတ်လား၊ နိစ္စဘတ်လား ဒကာကြီးတို့ရ၊ နိစ္စဘတ်လည်း ရှိတယ် “နိစ္စပတ်” လို့လည်း ခေါ်ဆိုကြတယ်။

ဒကာ။ ။ မှန်ပါ့၊ ဒကာကြီးတို့ ကြားဖူးတာကတော့ ဓမ္မကထိကတွေ ဟောကြတာဖြင့် နိစ္စဘတ်ဝတ်၊ နိစ္စဘတ်ဝတ်ဆိုတာပဲ ကြားဖူးလို့ပါ ဆရာတော်။
ဆရာ။ ။ ကဲ…နားထောင်၊ အနုဿတိကမ္မဋ္ဌာန်း စာဂါနုဿတိအပိုဒ်မှာ ၀ိသုဒ္ဓိမဂ်ဆရာတော် ဖွင့်ပြထားပုံ ပါဠိလာရှိတာက….
စာဂါနုဿတိံ ဘာဝေတုကာမေန ပန ပကတိယာ
စာဂါမိမုတ္တေန နိစ္စပ၀တ္တဒါနံ သံဝိဘာဂေန ဘ၀ိတဗ္ဗံ။
ယင်းဆိုလိုချက်က စွန့်လွှတ်ပေးကမ်းမှု (ဒါန) စာဂကို ပွားများပြုလုပ်လိုသောသူသည် ပေးလှူလိုသော စိတ်ဖြင့် လှူဖွယ် ၀တ္ထုကို အမြဲမပြတ် ဝေဖန်ပိုင်းဖြတ် ပေးလှူအပ်၏တဲ့။ အဲဒီပါဠိထဲမှာ “နိစ္စပ၀တ္တဒါန” ဆိုတာ ပါတယ်၊ အဲဒီ “နိစ္စ ပ၀တ္တ ဒါန” ကို နိစ္စပတ်ဒါနလို့ ခေါ်ဆိုကြတာဖြစ်တယ်၊ “နိစ္စပတ်ဝတ်” လို့လည်း ခေါ်တယ်။
ဒကာ။ ။ အနို့ နိစ္စဘတ်ဆိုတာကကော ဆရာတော်၊ အဓိပ္ပါယ်လေး ပြောကြားပေးပါဦး ဘုရား၊ သိပါရစေ။
ဆရာ။ ။ နိစ္စဘတ် ဆိုတာက “နိစ္စ ဘတ္တ” ပါဠိက ဖြစ်လာတာ၊ နိစ္စ = အမြဲပေးလှူလေ့ရှိသော၊ ဘတ္တ = ဆွမ်း၊ နိစ္စဘတ္တ၀တ္တ = အမြဲပေးလှူနေသော ဆွမ်းဝတ်၊ ဘိုးဘွားလက်ထက်က ကိုယ့်လက်ထက်ကျအောင် မပျက်မကွက်စေဘဲ အမြဲချက်ပြုတ်ပြုလုပ်ပေးလှူလာသော ဆွမ်းဝတ်ကိုခေါ်တာ ကွဲပြားရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ ကွဲပြားစွာသိရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်။

No comments: