သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 25, 2010

သီရိဓမ္မာသောကမင်းကြီးဟာ စပါးကြီးမြွေကြီး ဖြစ်သွားသလား? အသောကမင်းကြီး နောက်ဆုံး မှာတမ်းတော်၊ အသောကနှင့် မှတ်သားဖွယ်များ။

သီရိဓမ္မာသောကမင်းကြီးဟာ စပါးကြီးမြွေကြီး ဖြစ်သွားသလား
ဒကာ။ ။ ကျောင်း ဘုရား စေတီပေါင်း ရှစ်သောင်းလေးထောင်ပေးလှူကာ သားတော် ရှင်မဟာမဟိန္ဒ သမီးတော်သင်္ဃမိတ္တထေရီမတို့၏ ဖခင်ကြီးဖြစ်တဲ့ အထက်တစ်ယူဇနာ အောက်တစ်ယူဇနာ အစိုးရတော်မူတဲ့ အသောကရာဇာ မင်းတရာကြီးဟာ ဆီးဖြူသီးတစ်ခြမ်းကို မြေခွက်နဲ့ ထည့်ပေးရမလားလို့ ဒေါသနဲ့ သေသွားတော့ စပါးကြီးမြွေကြီး ဖြစ်သွားတယ်ဆိုတာ ဟုတ်ပါရဲ့လား ဆရာတော်၊ ပိဋကတ်တော်မှာ ဒီစကားများ ပါ ပါသလား ဘုရား။

ဆရာ။ ။ အင်း.. ထေရ၀ါဒ သာသနာဝင် ပါဠိ အဋ္ဌကထာ ဋီကာ ပိဋကတ်တော်များမှာတော့ ဒီလို အမှာစကားမျိုး မပါ မရှိဘူး၊ သူရဲ့ ဘုန်းတန်ခိုး ကြီးကြောင်းကိုတော့.....
သကလံ မေဒနိံ ဘုတွ၊
ဒတွာ ကောဋိသတံ သုခီ။
အဍ္ဎမာလက မတ္တဿ၊
အန္တေ ဣဿရတံ ဂတော။
သကလံ မေဒနိံ ဘုတွာ = မောရိယ အင်ပိုင်ယာကြီးနဲ့တကွ ဇမ္ဗူကျွန်းခွင် မိုးကောင်းကင် ရေပြင် မြေအောက်ယူဇနာပေါက်အောင် အခွန်တော်အဆီ အနှစ် တို့ကို ကောက်ယူ သုံးဆောင်ခံစားပြီး၍……
ဒတွာ ကောဋိသတံ သုခီ = စေတီ ကျောင်းဆောင်ရှစ်သောင်း လေးထောင်တို့ကို အသပြာငွေ ကုဋေတစ်ရာဖိုးမျှ ကုန်ကျတည်ဆောက်ကာ ချမ်းသာစွာပေးလှူပြီးသော ဓမ္မာသောကမင်းကြီးသည်….
အဍ္ဎမာလက မတ္တဿ အန္တေ = သက်ရွယ်တော်အိုမင်း၍ ကိုယ့်ကိုယ်ကိုမျှ မနိုင်မနင်းသောကာလ နောက်ဆုံးအချိန်ကျကာမှ ဆီးဖြူသီးတစ်ခြမ်းကိုမျှသာ……
ဣဿရတံ ဂတော = ဘုန်းတန်ခိုးတွေယိုင်၍ စိုးပိုင်သောသူအဖြစ်သို့ရောက်ရလေတော့သတည်း။ ဟု ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းတော်ကြီးများမှာ လာတာကို ဂါထာနဲ့တွေ့ရတယ် ဒကာကြီးတို့ရ။
ဒကာ။ ။ ဒါလောက်သုံးမကုန် လှူမခန်း ချမ်းသာတဲ့ မင်းတရားကြီးဟာ နောက်ဆုံးမှာ ရင်နင့်စရာခံစားချက် မြေခွက်ကလေးတစ်ခုနဲ့ ဆီးဖြူသီးတစ်ခြမ်းသာ ပိုင်ဆိုင်ရတယ်ဆိုတာကတော့ ဘာ့ကြောင့်ပါလဲ ဆရာတော်၊ သိသလောက်ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ဒီအကြောင်းအရာတွေက ထေရ၀ါဒ သင်္ဂါယနာပါဠိ အဋ္ဌကထာ ဋီကာတို့မှာအပြည့်အစုံ မပါဘူး၊ နည်းနည်းစီပဲပါတယ်၊ အများအားဖြင့် သက္ကတဘာသာ ( ဒိဗ္ဗ၀ါဒါန) ဒိဗျာဝါဒါန၊ အာသုဗောဓစတဲ့ ကျမ်းတွေမှာ ပြဆိုထားတာကတော့……
မင်းကြီးအိုမင်းမကျန်းရှိသောအခါ အလှူအတန်းတွေ များလွန်းတယ်ဆိုပြီး ဗြဟ္မဏအနွယ်ဝင် များဖြစ်တဲ့ သာသနာမကြည်ညိုသူ (ဟိန္ဒူ) မှူးကြီးမတ်ကြီးတို့က မြေးတော်အိမ်ရှေ့စံ သမ္ပဒိမင်းသားနဲ့ တိုင်ပင်ကြပြီး ဘဏ္ဍာတိုက်တွေကို သိမ်းလိုက်ကြတယ်တဲ့။
ဒကာ။ ။ ဟာ… သည်လိုဆို မင်းကြီးတော့ ဒုက္ခပေါ့၊ ဘယ်ပေးလှူနိုင်ပါတော့မလဲ၊ ပေးလှူစရာ မရှိတော့ဘူးပေါ့ ဆရာတော်၊ သံဝေဂယူစရာပဲနော်။
ဆရာ။ ။ အင်း… မင်းကြီးကတော့ ဒါနပါရမီသမားပဲ၊ ဒါနဘက်က မလျှော့ဘူး၊ ဒီဘုရား သာသနာတော်မှာ အသောကရာဇာကို ဘယ်သူမှ မမီဘူး၊ အနာထပိဏ်တို့ ၀ိသာခါတို့ လှူတာက ကုဋေတစ်ရာမှ မပြည့်ဘဲဟာ၊ ကုဋေတစ်ရာပြည့်လို့လား။
ဒကာ။ ။ ဆရာတော် သိသလောက် ဆက်လက်မိန့်ကြားပါဦး ဘုရား၊ ဒကာကြီးတို့ နာယူလျက်ပါ။
ဆရာ။ ။ အင်း. ရွှေတိုက် ငွေတိုက် ဘဏ္ဍာတိုက်တွေ ချိပ်ပိတ်လိုက်တော့ကာ မင်းကြီးထံ ပို့ဆက်ရတဲ့ ရွှေဇွန်း ရွှေပန်းကန် ပွဲတော်အုပ်ကိုပဲ မင်းကြီးပိုင်ဆိုင်တော့တယ်။
အဲဒီအခါ သူ့ဆီယူလာတဲ့ ရွှေပွဲတော်အုပ်ကိုပဲ သူဆောက်လုပ်ထားတဲ့ ပါဋလိပုတ်ပြည်ရှိ ကုက္ကုဋာရုံ ကျောင်းတော်ကြီးကို ပေးလှူ ပေးလှူ လိုက်ပြန်တယ်တဲ့။
အဲဒီအကြောင်းကို ၀န်ကြီးများကြားသိပြန်တော့ကာ ငွေခွက်ပွဲတော်အုပ်နဲ့ ပို့ဆက်စေပြန်တယ်တဲ့၊ ငွေပွဲတော်အုပ်ကိုလည်း သူ့ရဲ့ကျောင်းတော်ကြီးကိုပဲ ပေးလှူပေးလှူ ပစ်ပြန်တော့ကာ ကြေးပွဲတော်အုပ်နဲ့ ပို့ဆက်ကြပြန်တယ်။
ကြေးအိုး ကြေးခွက် ပွဲတော်အုပ်ကိုလည်း ရှေးနည်းအတိုင်းပဲ ပေးလှူပစ်ပြန်တော့ကာ ဗုဒ္ဓသာသနာတော်ကို မျက်မုန်းကျိုးတဲ့ တန်ခိုးအာဏာရှိ ၀န်ကြီးများက မြေခွက်မြေအိုး မြေပန်းကန်တွေနဲ့သာ ပွဲတော်အုပ်အသုံးအဆောင်များကို ပို့ဆက်စေရမည်၊ ရွှေ ငွေ သံ ကြေးများ မင်းတရားကြီး တောင်းခံတိုင်း မပေးရဟု ဘဏ္ဍာရေးဝန်ကြီးအား တားမြစ်လိုက်ကြတယ်တဲ့။
အဲဒီအချိန်ကစပြီး မင်းတရားကြီးရဲ့ စားပွဲခုံအပေါ်မှာ မြေအိုး မြေခွက် မြေပန်းကန် အသုံးအဆောင်တွေ သာ ဖြစ်ကုန်တော့တာပဲတဲ့။
သို့ရာတွင် အသောကဘုရင်ကြီးက သူပိုင်ဥစ္စာ သူ့နောက်ပါမည့် ကုဋေတစ်ရာဖိုးမျှမကသော ရွှေငွေရတနာတွေကို ပေးလှူပြီးသားဖြစ်နေသောကြောင့် သူ့အတွက် ဘာမျှစိုးရိမ်သောက မရောက်ပါဘူးတဲ့၊ ကျေနပ်သော မျက်နှာဖြင့် သူ့အားချစ်ကြောက်ရိုသေ သူတစ်ဦးဖြစ်သော အစောင့်ဝန်ကြီး ရာဓဂုတ္တကို (အဘယ်သူသည် မောရိယတိုင်းဣန္ဒိယပြည်ကြီး၏ ဘုရာဖြစ်သလဲဟု) မေးတော်မူသောအခါ ၀န်ကြီးက ရိုသေစွာ ဦးညွတ်လျက် အရှင်မင်းတရားကြီးသာ ဇမ္ဗူဒိပ်ကျွန်းကြီး၏ အရှင်သခင်ဖြစ်ပါသည်ဟု လျှောက်ကြားလေသည်တဲ့။
ထိုအခါ မင်းမြတ်က သင်ဟာ ငါ့အား ချစ်ကြောက်လေးစားသူဖြစ်ပါလျက် အဘယ့်ကြောင့် မမှန်စကား မြှောက်ပင့်ပြောကြားဘိသနည်း၊ ငါသည် ဘုရင်မဟုတ်တော့ပြီ၊ ဘုရင်ဘ၀မှ လျောကျခဲ့လေပြီဟု မိန့်ကြားတော် မူတယ်တဲ့။
မင်းကြီးသည် တတိယသင်္ဂါယနာတင် ကုသိုလ်တော်ရှင်ဖြစ်၍ (သဗ္ဗေ သင်္ခါရာ အနိစ္စာ) ဖြစ်သမျှ မုချပျက်ရမည်ကို ကြိုတင်သိထားသူ ဆရာကောင်းတပည့် ဖြစ်ရကား အဘယ်မှာလျှင် နှလုံးမသာစိုးရိမ်ရင်နာခြင်း ဖြစ်တော့အံ့နည်း။ ( ဆရာအချို့က စိုးရိမ်သောကမျက်ရည်ကျလျက် ဟု ဆိုကြသည်) တရားဓမ္မနဲ့ သောက ပရိဒေ၀ တို့ကို ကျော်လွန်စေတယ်တဲ့။
ဒကာ။ ။ ဒီလိုဆိုရင် မင်းကြီးဟာ စုတေခါနီးမှာ မြေခွက်ငယ်တစ်ခုနဲ့ ဆီးဖြူသီးတစ်ခြမ်းမျှကိုသာ ပိုင်ဆိုင်တော့သည်ဖြစ်၍ ဒေါမနဿတွေဖြစ်ကာ သေပြီးစပါးကြီးမြွေ ဖြစ်သွားတယ်ဆိုတာ မဟုတ်မမှန်ဘူးပေါ့ ဆရာတော်။
ဆရာ။ ။ အင်း.. မြွေကြီးဖြစ်သွားတယ်ဆိုတာတော့ မဟုတ်နိုင်ပါဘူး၊ မင်းကြီးဟာ အလှူဒါနအရာ သူမတူအောင် ပေးလှူပူဇော်လေ့ရှိတဲ့အတိုင်း မကျန်းမမာဘဲ ရောဂါသည်းလာတဲ့အခါ သူ့ကိုကျွေးဖို့ဆေးအတွက် ယူဆောင်လာတဲ့ ဆီးဖြူသီး တစ်ခြမ်းနဲ့ မြေခွက်ငယ်တစ်ခုကို စေ့စေ့ရှုပြီးတော့ အင်း… ငါပိုင်ပစ္စည်းဥစ္စာဟာ ဒါနောက်ဆုံးပဲဟု ကြံစည်လိုက်တယ်တဲ့။ ယင်းသို့ ကြံစည်ပြီးနောက် သူ၏အလုပ်အကျွေးမင်းချင်းတစ်ယောက်ကို ခေါ်၍ ငါသည် ဤမြေခွက်ငယ်နှင့် ဆီးဖြူသီးတစ်ခြမ်းကို ကုက္ကုဋာရုံကျောင်းတော်ကြီးရှိ သံဃာတော်အရှင်မြတ် အပေါင်းအား ပေးလှူလိုသည်၊ သင်သွား၍ ငါ့စကားဖြင့် လျှောက်ကြားကာ ပေးလှူချေဟု အဲဒီအမှာစကားကို နောက်ဆုံးပြောကြားတယ်။

အသောကမင်းကြီး နောက်ဆုံး မှာတမ်းတော်
အရှင်မြတ်တို့…. တပည့်တော် (အသောက ရာဇာ) ၏ နောက်ဆုံးဖြစ်သော ဤဒါန၀တ္ထု အလှူတော်ကို လက်ခံတော်မူကြပါဘုရား။ အရှင်မြတ်တို့၏ ခြေတော်အစုံကို အကြိမ်ကြိမ် တပည့်တော်ရှိခိုးလိုက်ပါ၏ဘုရား။
ဤ ဒါနမြတ်သည် မောရိယတိုင်း ဣန္ဒိယပြည်ကြီးရှင် တပည့်တော် (အသောက) ၏ နောက်ဆုံးပေးလှူ ပူဇော်ခြင်းပါဘုရား။
တပည့်တော်၏ တန်ခိုးအာဏာနှင့် စည်းစိမ်ဥစ္စာ ဘုရင်မင်းဘ၀များလည်း တပည့်တော်မှ စွန့်ထွက် ဖဲခွာကြပါပြီ။ သက်ကြီးအိုမင်း၍ ကျန်းမာသန်စွမ်းခြင်း မရှိသောတပည့်တော်အား သမားတော်များကလည်း လက်လျှော့သွားကြချေပြီ ဘုရား။
ရတနာသုံးပါးမှ တခြား အားထားကိုးစားစရာ မရှိသော တပည့်တော်မှာ သံဃာတော် အရှင်မြတ်တို့သာ အားထားကိုးကွယ်ရာ (နာထ) အစစ်ဖြစ်ပါသည်။
တပည့်တော်၏ဆရာများဖြစ်တော်မူကြသော သံဃာတော်အရှင်မြတ်တို့သည် တပည့်တော်၏ ဤနောက်ဆုံးဒါနဖြစ်သော မြေခွက်ငယ်နှင့် သျှိသျှား(ဆီးဖြူ) သီးကို သုံးဆောင်ဘုဉ်းပေးတော်မူကြပါဘုရား။
ဤသို့ မင်းချင်း အလုပ်အကျွေးအား မှာကြားအပ်နှင်းလျက် ကုက္ကုဋာရုံကျောင်းတော်ကြီးရှိ သံဃာတော်များအား နောက်ဆုံးမိမိ၏အလောင်းကို မြတ်ဘုရားအား ရည်စူးကာ ၀ါဂွမ်းအထပ်ထပ်ပတ်၍ ဆီလောင်းလျက် နောက်ဆုံးပေးလှူစေကာ နတ်ရွာစံ ကံတော်ကုန်ရရှာတယ်တဲ့၊ ကဲ…နောက်ထပ် ဘာများ စောဒကတက်ချင်သေးသလဲ၊ စပါးကြီးမြွေကြီးထဲ စိတ်ရောက်သေးသလား။

အသောကနှင့် မှတ်သားဖွယ်များ
ဒကာ။ ။ တပည့်တော်တို့က နားစွန်နားဖျားနဲ့ ကြားဖူးထားတာပါ ဆရာတော်၊ ဒီလို အကျယ်မှတ်သားဖွယ်တို့နဲ့ ကြားသိထားတာ မဟုတ်တော့ စပါးကြီးမြွေကြီးဖြစ်သွားတယ်၊ ဘာညာနဲ့ အမှားမှားတွေကို ပြောကြားမိပါတယ်၊ တပည့်တော်တို့ ၀စီကံအပြစ်များကို သနားခွင့်လွှတ်ပါရန် သူမတူကြီးကျယ်စွာ သာသနာပြုသွားတဲ့ မင်းတရားကြီးအား ရှိခိုးကန်တော့ပါတယ် ဘုရား။
အသောကမင်းတရားကြီးရဲ့ သာသနာတော်နဲ့စပ်တဲ့ မှတ်သားဖွယ်များကိုလည်း ကြည်ညိုလေးစားမှတ် ထားရအောင် ဟောကြားပါဦး ဆရာတော်။
ဆရာ။ ။ ဓမ္မာသောကမင်းကြီး သာသနာပြုပုံ နည်းတွေကတော့ ကြက်သီးထခမန်း ကြည်ညိုဖွယ်ရာ အခန်းတွေဟာ များစွာပဲ ရှိပါတယ်၊ ဒကာကြီးတို့ မှတ်သားချင်ရင် အနည်းငယ်ပြောပြပါမည်။
၁။ မြတ်စွာဘုရားသခင်၏ သာသနာတွင်းသို့ ရဟန်းတုရဟန်းယောင် သင်္ကန်းဝတ်ဆည်းကာ ၀င်ရောက်နှောင့်ယှက်လျက် လူအပေါင်းတို့ကြည်ညိုသဒ္ဓါပျက်အောင် ၀ိနည်းတရားတော်မြတ်ကို မကျင့်ဆောင် မလိုက်နာဘဲ ပြုလုပ်နေကြပြန်သောကြောင့် ခြောက်သောင်းသော မဟာသံဃာ့အစည်းအဝေးကြီးက သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး သင်္ဂါယနာတင်ပေးရန် ဆုံးဖြတ်ချက်ချကာ တောင်းဆိုလာကြသောကြောင့် သာသနာတော်သက္ကရာဇ် ၂၃၅ ခုနှစ်မှာ ဓမ္မာသောကမင်းကြီး ကူညီထောက်ပံ့ချက်အရ ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ ရှင်မောဂ္ဂလိပုတ္တမထေရ် နာယကပြု၍ ရဟန္တာကြီးတစ်ထောင်ကို ရွေးချယ်စိစစ်ပြီးလျှင် ထိုနှစ် နယုန်လမှစ၍ တပို့တွဲလအထိ ၉ လတိုင်တိုင် အရံသံဃာတော်ခြောက်သန်းတို့ဖြင့် နှုတ်တက် ရွတ်ဆိုကာ သင်္ဂါယနာတင်ကြတယ်တဲ့၊ အဲဒါမင်းကြီးကို ကြည်ညိုစရာပေါ့။
၂။ မင်းကြီးသည် အဇာတသတ်မင်းမြတ် အဓိဋ္ဌာန်၍ ကိုးစားသိမ်းဆည်းတည်ထားခဲ့သော လက်နက်ကိုင်စက်ရုပ်တို့ ပြေးလွှားလှည့်ပတ် စောင့်ကြပ်လျက် ဖောက်ဖွင့်ခြင်းငှာ ခဲယဉ်းလှစွာသော ဓါတ်တော်တိုက်ကို စက်ခလုတ်တို့ရပ်စေကာ ဓါတ်တော်များစွာတို့ကို ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်ပူဇော်လျက် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ရည်စူးကာ ကျောင်းပေါင်းရှစ်သောင်းလေးထောင်၊ စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဆောက်လုပ်စေပြီး တိုင်းပြည်နိုင်ငံ အရပ်ရပ်သို့ သာသနာပျံ့နှံ့စေရန် ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ကြီးမှူလျက် ရဟန်းတော် ၁၃ ပါးကို ကိုးတိုင်း ကိုးဋ္ဌာနသို့ သာသနာပြု စေလွှတ်တော်မူပြန်တယ်၊ ကိုးဋ္ဌာနကတော့….
(က) ကသ္မီရ၊ ဂန္ဓရတိုင်း ဟိမ၀န္တာ၏ အနောက်မြောက်ဘက် အရပ်သို့ မဇ္ဈန္တိကထေရ်။
(ခ) မဟိံသက မာဏလ၊ ဣန္ဒိယနယ် တောင်ပိုင်း၌ ရှိသော မိုက်စိုးဒေသသို့ မဟာဒေ၀ထေရ်။
(ဂ) နပါဒါသီ၊ အရပ် တောင်ပိုင်းနှင့်ဣန္ဒိယ ဟိုက်ဒရဗတ်နယ် အရှေ့ဘက် ဒေသသို့ ရက္ခိတထေရ်။
(ဃ) မဟာရဋ္ဌတိုင်း ဘုံဘေနယ်တစ်ဝိုက်နှင့် ပူနားမြို့စသော တိုင်းတို့သို့ အရှင် မဟာရက္ခိတထေရ်။
(င) အပရန္တတိုင်း မလ၀ါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်ဝ စသော “ကချကွေ့” အနီးရှိ အပရန္တခေါ် အရပ်သို့ ( စူဠ) ဓမ္မရက္ခိတထေရ်။
(စ) ယောနကတိုင်း ပါရှား၊ တူရကီ၊ ဂရိတ်၊ အီတလီ စသော တိုင်း၊ ခရိုင်၊ နိုင်ငံတို့၏ တည်ထွန်းရာ ယောနကလောက ခေါ်သော အနောက်ဘက်ပြည်နယ် နိုင်ငံတို့သို့ မဟာရက္ခိတထေရ်။
(ဆ) စိနရဋ္ဌ၊ ဟိမ၀န္တာ အနီးဒေသရှိ၊ (ချိန)ခေါ်သို့မဟုတ် တရုတ်ပြည် “ချိုင်းနား” ခေါ်စိန့်တိုင်းသို့ မဇ္ဈိမထေရ်။
(ဇ) သုဝဏ္ဏဘုမ္မိတိုင်း စိန့်တိုင်းကြီး၏ တောင်ဘက် မွန်၊ မြန်မာ၊ ယိုးဒယား၊ ယွန်း…စသော လူမျိုးတို့နေထိုင်ရာ သုဝဏ္ဏဘုမ္မိခေါ် အရှေ့တောင်ကျွန်းဆွယ်ကြီးသို့ သောဏထေရ်နှင့် ဥတ္တရထေရ်။
(ဈ) သီရိလင်္ကာဒီပ သီဟိုကျွန်းသို့ မဟိန္ဒထေရ်၊ ဥတ္တိယထေရ်၊ သမ္ပလထေရ်၊ ဘဒ္ဒသာလထေရ်။
ဤသို့လျှင် တန်ခိုးသိဒ္ဓိရှင် မဟာထေရ်မြတ်ကြီး ၁၃ ပါးတို့ကို ဆိုင်ရာဆိုင်ရာ ကိုးတိုင်း ကိုးဋ္ဌာနသို့ မိမိတို့ကျရာကျရာ တာဝန်ယူကြလျက် ထွက်ကြွ၍ ဗုဒ္ဓ၀ါဒကို ဖြန့်ချိဟောကြားကာ သာသနာပြုတော်မူကြတာဟာ လည်း အသောကမင်းတရားကြီးရဲ့ ကောင်းမှုတော်တွေပဲ။
၃။ မင်းကြီးသည် သားတော်မဟိန္ဒမင်းသားနဲ့ သမီးတော်သင်္ဃမိတ္တာမင်းသမီး အမှူးပြု၍ အခြား အခြားသောာ မင်းညီမင်းသားများစွာတို့ကိုလည်း သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကာ သာသနာပြု တော်မူခဲ့တယ်။
၎။ လူသားများနှင့် တိရစ္ဆာန်သတ္တ၀ါတို့အတွက် အစာရေစာလယ်ယာသစ်ပင်ဥယျာဉ် ဆည်မြောင်းစသည် များစွာတို့ကို ဓမ္မာသောကမင်းကြီး ကိုယ်တိုင်ကြပ်မတ် ကွပ်ကဲကာ စိုက်ပျိုးတူးဖော်သတ်မှတ်၍ ပေးခဲ့ခြင်းများရယ်။
၅။ ဂိလာနသာလာ၊ ခေါ် လူနာများတည်းခိုဆေးကုရာ ဆေးရုံဆေးခန်းများ ဆောက်လုပ်၍ ဆေးများပေးလှူခြင်း၊ ဆေးပင်များစွာတို့ကို စိုက်ပျိုးစေခြင်း၊ ကျောက်သား ကျောက်စာများ ထိုးနှံစိုက်ထူကာ လူသားတို့ ဘ၀သံသရာကောင်းစားရေးအတွက် ညွှန်ကြားထားခဲ့ခြင်းများမှာ ယနေ့အထိ အသောကမင်းကြီး၏ ကျောက်စာတော်နှင့် အမှတ်တံဆိပ် ခတ်နှိပ်ထားသော ကျောက်တိုင်ကြီးတွေ ရှိနေသေးခြင်းများနှင့်။
၆။ ဓမ္မသောကမင်းကြီးသည် မင်းကျင့်တရား ဆယ်ပါးနှင့်အညီ သာသနာတော်မြတ်အကျိုး လောကလူ သားတို့အကျိုးကို ဆောင်ရွက်ကျင့်ကြံ အားထုတ်ကာ ကုဋေတစ်ရာမျှသော ငွေအသပြာတို့ကို ပေးလှူတော်မူလေသည်။
ရ။ ထိုမျှလောက် သာသနာတော်မြတ်အကျိုး လူသားများနှင့်သားငှက် တိရစ္ဆာန်သတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးကမ်းလှူဒါန်းလို့ မရောင့်ရဲ့ မတင်းတိမ်နိုင်သော မင်းတရားကြီးသည် မိမိကံတော်ကုန်၍ နတ်ရွာစံသောအခါ၊ မြတ်စွာဘုရားသခင်အား မိမိကိုယ်ကို ၀ါဂွမ်းအထပ်ထပ်ပတ်စည်းလျက် ဆီလောင်စိမ်ကာ မီးရှို့ပူဇော်ပေးလှူခြင်းဖြင့် နောက်ဆုံးပူဇော်စေကြောင်းများကို သာသနာဝင်၊ မဟာဝင်နှင့် ဒိဗ္ဗ၀ါဒါန၊ အာသုဗောဓ စသော သက္ကတကျမ်းဂန်တို့က အသီးအသီး ထုတ်ဖော်ဂုဏ်ပြုချီးကျူးကာ သမိုင်းတင်တော် မူခဲ့ကြတယ်။
အဲဒါလောက် သဒ္ဓါတရား ကြီးမားလွန်ကဲတဲ့ ကမ္ဘာကျော်သာသနဒါယကာ မောရိယအင်ပိုင်ယာကြီး၏ အရှင်ဘုရင် သီရိဓမ္မာသောက ဒေ၀ါနံ ပိယဒဿီဘွဲ့ထူးချီပုဂ္ဂိုလ်မြတ်ကြီး သေတော့ကာ စပါကြီးမြွေကြီး ဖြစ်သွားတယ်ဆိုတာ အလွန်အမင်းယုတ္တိကင်းပြီး မင်းကြီးအား စော်ကားသော စကားလို့သာ မှတ်ပေတော့ ဒကာကြီးတို့၊ ကဲ… ကျေနပ်ရဲ့လား၊ ဆရာသမားများထံက အဲဒီလို အပြည့်အစုံ မှတ်သားရဖူးတယ်၊ ဒါပါပဲ။
ဒကာ။ ။ မှန်ပါ့၊ သီရိဓမ္မာသောကမင်းကြီးအား ကြည်ညိုလေးစားစွာဖြင့် ရှိခိုးဦးချကာ အလေးပြုလိုက်ပါတယ်၊ တပည့်တော်၏ယုံမှားခြင်း သံသယတို့ကို ယခုလိုကင်းရှင်းသွားအောင် ဖြေကြားတာ မှတ်သားရလို့ ကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments: