သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ပစ္စေကဗုဒ္ဓါ တရားဟောသလား? ပစ္စေကဗုဒ္ဓါ ပေးလှူလို့ နိဗ္ဗာန်မရနိုင်?

ပစ္စေကဗုဒ္ဓါ တရားဟောသလား
ဒကာ။ ။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သစ္စာလေးပါးတရားကို လူသားတို့ ပိုင်းခြားသိမြင်အောင် ဟောကြားပြသပေးနိုင်ပါသလား ဘုရား၊ တချို့ဆရာသမားများကလည်း ဟောကြားပြသပေးနိုင်တယ်တဲ့၊ ဆရာအချို့ကလည်း မဟောကြားနိုင်ဘူးတဲ့၊ အငြင်းပွားနေကြလို့ မှတ်သားဖို့ အဆုံးအဖြတ် ပေးစေချင်ပါတယ် ဆရာတော်။

ဆရာ။ ။ အင်း… ခုပေးမည့် အဆုံးအဖြတ်ကို သေချာစွာမှတ်သားပေတော့၊ သုတ္တ နိပါတ် အဋ္ဌကထာ ပထမအုပ် စာမျက်နှာ ၆၄ မှာ…
၁။ ပစ္စေကဗုဒ္ဓါ သယမေ၀ ဗုဇ္ဈန္တိ၊ န ပရေသံ ဗောဓေန္တိ။
၂။ အတ္တရသမေ၀ ပဋိဝိဇ္ဇန္တိ န ဓမ္မရသံ၊
၃။ န ဟိ တေ လောကုတ္တရဓမ္မံ ပညတ္တိံ၊
အာရောပေတွာ ဒေသေတုံ သက္ကောန္တိ။
၁။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သူတို့ကိုယ်တိုင်သာ ဆရာမရှိဘဲ သစ္စာလေးပါးကို သိမြင်ကြတာ၊ သူတစ်ပါးကိုတော့ ထိုးထွင်းသိမြင်လာအောင် မဟောစွမ်းနိုင်ကြဘူးတဲ့။
၂။ အကျိုးတရားစု (အတ္တရသ) ဖြစ်တဲ့ ဖိုလ်တရားများနဲ့ နိဗ္ဗာန် ၀ိပါက် ကြိယာစိတ်တို့၏ သဘောမျှကို သာ ထိုးထွင်းသိမြင်တော်မူကြတာ၊ အကျိုးဖြစ်စေတတ်တဲ့ အကြောင်းတရား ဓမ္မရသ သမုဒယမျိုး ဟူသမျှနဲ့ မဂ် လေးပါးကုသိုလ်တရားစုကို အစဖော်ကာ မသိကြလို့ မဟောစွမ်းနိုင်ကြတာတဲ့။
၃။ လောကုတ္တရာတရားကိုးပါးကို နတ် လူတို့ သိရှိနားလည်ကျင့်ကြံ အားထုတ်တတ်အောင် နည်းပရိယာယ် ပညတ်တင်ပြီးတော့ လည်ပတ်ဝေဆာအောင် မပြောနိုင်ကြဘူး၊ ဟောပြောခြင်းငှာ မစွမ်းနိုင်ကြ ဘူးလို့ အဆုံးအဖြတ် ပေးထားတယ် ဒကာကြီးတို့ရ။
စာပေမနှံ့စပ်လို့ သို့မဟုတ် သတိမထားမိလို့ ပြောဆိုတဲ့ ဆရာအချို့ကို ထည့်ပြော မနေနဲ့တော့၊ ကဲ.. အဲဒါမှ မကျေနပ်သေးရင် အဋ္ဌကထာဆရာကြီးထံ သွားပြီး စောဒကတက်ပေတော့၊ နောက်ဘာပြောချင်သေးလဲ။

ပစ္စေကဗုဒ္ဓါ ပေးလှူလို့ နိဗ္ဗာန်မရနိုင်
ဒကာ။ ။ ဒီလိုဆိုရင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား ပေးလှူမှုဟာ နိဗ္ဗာန်မရနိုင်ဘူးပေါ့ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ဟာ… ဒီလိုလည်း မယူရဘူး၊ အကယ်၍ မဂ်ဖိုလ်လိုချင်သူက သူလိုချင်တဲ့အတိုင်း နှုတ်မြွက်ပြီးတော့…..
“ဤကောင်းမှုကြောင့် အရှင်မြတ်တို့ သိထားသော တရားမြတ်ကို ထိုးထွင်းသိမြင်ရပါလို၏” ဟု အဲဒီလို ဆုတောင်းလိုက်ရင် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် မိမိသိထားသော ရုပ်နာမ်ဓမ္မ အနိစ္စလက္ခဏာကိုပြပြီး ၀ိပဿနာဓမ္မကို မဟောပြနိုင်ဘဲ နောက်တစ်ချိန် သာသနာတော်မြတ်ကို ရည်မှတ်ကာ….
ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊
ခိပ္ပမေ၀ သမိဇ္ဈတု။ ဆိုတဲ့ အရှင်မြတ်တို့ထုံးစံ ဣစ္ဆာသယဂါထာတော်ကြီးကို ရွတ်ဆိုကာ ချီးမြှောက်ပေး တော်မူကြတာပဲ၊ ဒါထက် အထူးမရှိဘူး၊ ဆုတောင်းသူဟာလည်း သူ့ဆုတောင်းအတိုင်း အပြည့်အ၀ ရတာပဲ၊ ကဲ.. ဘာထပ်မေးချင်သေးသလဲ။
ဒကာ။ ။ ရှင်းလင်းပြတ်သားသော အဆုံးအဖြတ်လည်းဖြစ်၊ လွယ်ကူကောင်းမြတ် သိလွယ်မှန်ကန် သော အဖြေလည်းဖြစ်၍ ကျေနပ်လှပါသည်၊ ၀မ်းသာစွာ မှတ်သားပါမည် ဆရာတော်။

No comments: