သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဓါတ်ကြီးလေးပါးခွဲခြားမှု အကျဉ်းဆုံး ဓါတ်ကမ္မဋ္ဌာန်း ရှိပါသလား

ဓါတ်ကြီးလေးပါးခွဲခြားမှု အကျဉ်းဆုံး ဓါတ်ကမ္မဋ္ဌာန်း ရှိပါသလား
ဒကာ။ ။ ဓါတ်ကြီးလေးပါး ရှုမှတ်ပွားရေးနဲ့ ပတ်သက်လို့ တပည့်တော်တို့ နားလည်နိုင်အောင် အလွယ် ဆုံး အကျဉ်းဆုံးများ ရှိပါသလား၊ ရှိလျှင် ပြပေးစေလိုပါတယ် ဆရာတော်၊ “ပထ၀ီ ဓါတုံ ရာဟုလ” တွေ ဘာတွေကို ရွတ်မနေပါနဲ့ ဆရာတော်၊ တိုတိုကျဉ်းကျဉ်း လွယ်လွယ်ကလေးသာ ပြတော်မူပါ ဘုရား။

ဆရာ။ ။ အင်း…. ရှိတယ်၊ တိုတိုတိတိနဲ့ ထိအောင်ပြောပြမယ်၊ မိအောင် မှတ်ပါ။
၁။ မာတာမှန်သမျှ ခက်မာ ပထ၀ီလို့မှတ်၊ နူးညံ့ပျော့ပျောင်းတာ မှန်သမျှ နူးညံ့ပထ၀ီလို့ မှတ်၊ ငါ မထည့် နဲ့၊ ပထ၀ီဓါတ် သဘောမျှသာလို့ ရှုမှတ်နေရမည်၊ အဲဒါဓါတ်ကမ္မဋ္ဌာန်း အကျဉ်းဆုံးပဲ။
၂။ စိုတာနဲ့ အရည်မှန်သမျှ ယိုစီးအာပေါလို့ မှတ်၊ မစိုလျှင် အခဲဟူသမျှ ဖွဲ့စေးအာပေါလို့ မှတ်၊ ငါမထည့်နဲ့။
၃။ ပူတာမှန်သမျှ ဥဏှတေဇောလို့မှတ်၊ အေးတာမှန်သမျှ သီတတေဇောလို့ မှတ်၊ မပူမအေးကို မျှတတေဇောလို့ မှတ်၊ ငါမပါရဘူးနော်၊ ငါအေးတာ မဟုတ်၊ ငါပူတာမဟုတ်၊ တေဇောဓါတ်လို့ မှတ်။
၎။ လှုပ်လျှင် လှုပ်ရှားဝါယောလို့ မှတ်၊ မလှုပ်ဘဲ တည်ငြိမ်နေလျှင် ထောက်ကန်ဝါယောလို့ မှတ်၊ ၀ါယောဓါတ်လှုပ်တာ ၀ါယောဓါတ်ငြိမ်တာ ငါမပါ ငါမရှိလို့ မှတ်၊ ကဲ… သဘောကျရဲ့လား။
ဒကာ။ ။ တိုတိုတိတိနဲ့ ထိလိုက်မိလိုက်တဲ့ ဓါတ်ကမ္မဋ္ဌာန်းမို့ သဘောကျပါတယ် ဆရာတော်၊ ငါမပါဘဲ မှတ်ဖို့က ခက်တယ် ဘုရား။

No comments: