သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ပဋိဝေဓ ပုဂ္ဂိုလ် ၂ ပါးဆိုတာ ဘယ်သူတွေလဲ

ပဋိဝေဓ ပုဂ္ဂိုလ် ၂ ပါးဆိုတာ ဘယ်သူတွေလဲ
ဒကာ။ ။ သစ္စာနဲ့စပ်တဲ့ တရားတော်များကို ရဟန်း ရှင် လူ ပညာရှိတို့၏ ဟောပြောချက်အတိုင်း အမှန်ကြားသိ နာယူထားပြီး သူဟာ၊ တရားအားထုတ်ဖို့ မလိုတော့ဘူး၊ သူ့ကိုပင် ပဋိဝေဓပုဂ္ဂိုလ်လို့ ခေါ်ဆိုနေကြ တာမှန်ပါသလား ဆရာတော်၊ ပဋိဝေဓပုဂ္ဂိုလ်ကို မှတ်စွဲသိထားဖို့ ဓါတ်ခွဲပြပါဦးဘုရား။

ဆရာ။ ။ အင်း… သူ့ကိုလည်း ပဋိဝေဓပုဂ္ဂိုလ်လို့ ခေါ်ချင်ရင် ခေါ်နိုင်ပါတယ်၊ ပဋိဝေဓ ပုဂ္ဂိုလ်ကို စာပေမှာ နှစ်မျိုးနှစ်စား ပြထားပါတယ်။
၁။ သ၀န ပဋိဝေဓ သမား။ ။ သစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်း ကြားနာသင်ယူ၍ အမှန်အတိုင်း သိယူမှတ်စွဲထားသူကို “သ၀နပဋိဝေဓပုဂ္ဂိုလ်”လို့ ခေါ်တယ်၊ ဉာတပရိညာမျိုးပေါ့၊ ဒါပေမယ့် ဒီအသိဟာ ဟုတ်မဟုတ် တရားအားထုတ်ကြည့်ရဦးမှာ၊ ကြားသိကလေးတွင် ရပ်မထားရဘူး၊ ကိုယ်တွေ့သိဖြစ် အောင် တရားအားထုတ်ရမယ်၊ အားမထုတ်ဘဲနေရင် သူ့ထက်မိုက်သူ မရှိတော့ဘူး၊ ငမိုက်ကန်းပဲ၊ ကြားဖူးနားဝ နဲ့ လျှောက်ရမ်းနေတာ။
၂။ သံဒိဋ္ဌိက ပဋိဝေဓ သမား။ ။ သူနာယူ သင်ကြားသိပြီးသား သစ္စာတရားကို ဟုတ် မဟုတ် မှန် မမှန် သူ့ကိုယ်တိုင် ဓမ္မသန ဉာဏ်ဖြင့် ကိုယ်ကာယထဲမှာ စူးစိုက် စုံစမ်း ဆင်ခြင် စစ်ဆေး ပွားများ မှတ်သား အားထုတ်လျက် ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု ဥဒယ ၀ယ ဉာဏ်ကစပြီး ဉာဏ်စဉ်တွေ တက်တက်သွားတာ မဂ်ဉာဏ် ဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင်တွေ့ရှိခံစားသွားရတဲ့ သူကို သံဒိဋ္ဌိကပဋိဝေဓ ပုဂ္ဂိုလ်လို့ ခေါ်ဆိုရတယ်၊ သူ့ကိုပဲ ဒဿနပဋိဝေဓပုဂ္ဂိုလ်လို့လည်း ခေါ်ရသေးတယ် ဒကာကြီးရဲ့၊ အဲဒါပဋိဝေဓပုဂ္ဂိုလ် နှစ်ပါးခြားနားပုံပဲ။
ဒကာ။ ။ မှန်ပါ့၊ ဒီလို မျိုးဇာတ်အားဖြင့် ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိရလို့ ကျေနပ်လှပါတယ် ဆရာတော်၊ သူတို့က သိရင်ပြီးရော ဆိုလို့ပါ။

No comments: