သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

မိစ္ဆာဒိဋ္ဌိနှင့်မိစ္ဆာပဋိပဒါ အယူမှားနှင့်အကျင့်မှားဆိုတာ ဘာထူးသလဲ

မိစ္ဆာဒိဋ္ဌိနှင့်မိစ္ဆာပဋိပဒါ အယူမှားနှင့်အကျင့်မှားဆိုတာ ဘာထူးသလဲ
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိ - မှားသောအယူစွဲကို ခံယူခြင်း၊ မိစ္ဆာပဋိပဒါ - မှားသောအကျင့်တရားကို ကျင့်ပွား အားထုတ်ခြင်းဆိုတာ ဘယ်လိုထူးပါသလဲ ဆရာတော်၊ စာပေကျမ်းဂန်က သည်တရားနှစ်ပါးရဲ့ အထူးများ ပြထား တာရှိသလား ဆရာတော် သိပါရစေ။

ဆရာ။ ။ အင်း… သည်တရားနှစ်ပါးက မယူတတ်ရင် မျက်စေ့လည်တယ် ဒကာကြီးတို့ရဲ့၊ မိစ္ဆာပဋိပဒါ သုတ်တော်မှာ မြတ်စွာဘုရားသခင်က…
ကတမာ စ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိံ၊ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ အ ဉာဏံ၊ ဒုက္ခသမုဒယေ အ ဉာဏံ၊ ဒုက္ခနိရော ဓ ဂါမိနိ ပဋိပဒါယ အ ဉာဏံ၊ ဒုက္ခနိရောဓေ အ ဉာဏံ၊ အယံဝုစ္စတိ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ။
မှားသောအယူ မိစ္ဆာဒိဋ္ဌိဆိုတာ သစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်းမသိဘဲ “ဘုံသုံးပါး၌ ဖြစ်တာမှန်သမျှ ဆင်းရဲဒုက္ခချည်းသာဟု အမှန်တရားကို မြတ်စွာဘုရားဟောကြားပြသော်လည်း အမှန်ကို မမြင် မယူဘဲ” လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာဟု အမှားတွေ စွဲယူကာ နေတာကိုပင် မိစ္ဆာဒိဋ္ဌိ- မှားသော အယူအစွဲလို့ မှတ်ပေတော့၊ ကဲ…. သဘောပေါက်ရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ အမှားကို အမှန်ဟု စွဲယူရှာမှီး ခံစားနေကြတာ မိစ္ဆာဒိဋ္ဌိတွေပါ ဆရာတော်၊ သဘော ပေါက်ပါပြီ။
ဆရာ။ ။ မိစ္ဆာပဋိပဒါမှားသော အကျင်းတရားကိုလည်း မိစ္ဆာပဋိပဒါသုတ်တော်မှာ မြတ်စွာဘုရားသခင် က….
ကတမာ စ ဘိက္ခဝေ မိစ္ဆာပဋိပဒါ၊ သေယျထိဒံ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပေါ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တော မိစ္ဆာအာဇီဝေါ မိစ္ဆာဝါယာမော မိစ္ဆာသတိ မိစ္ဆာသမာဓိ၊ အယံဝုစ္စတိ ဘိက္ခဝေ မိစ္ဆာပဋိပဒါ။
ချစ်သားချစ်သမီးတို့ မိစ္ဆာပဋိပဒါ - မှားသော အကျင့်ဆိုတာဟာ သမ္မာမဂ္ဂင်ရှစ်ပါး နိဗ္ဗာန်သွားလမ်း အကျင့်မှန်တရားကို ပယ်ရှားကာ မိစ္ဆာမဂ္ဂင်ရှစ်ပါး အမှားမှားတွေကို ကျင့်ပွားနေကြတာ ဖြစ်တယ်လို့ ဟောကြား တော်မူတယ်။
ဆိုလိုရင်းက မဇ္ဈိမ ပဋိပဒါ အလယ်လမ်းမှန်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အမြတ်တရားကို ပယ်ရှားပြီး အမှားတွေ ကျင့်နေခြင်းပါပဲတဲ့၊ မဂ္ဂင်မပါတဲ့ အကျင့်တရားမှန်သမျှ မိစ္ဆာပဋိပဒါ- မှားသောအကျင့်တွေလို့သာ မှတ်ပေတော့။
ဒကာ။ ။ မှန်ပါ့၊ မိစ္ဆာဒိဋ္ဌိအယူနဲ့ မိစ္ဆာပဋိပဒါအကျင့် ခုမှပဲ ရှင်းပါပြီဆရာတော်။

No comments: