သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဘယ်သူတွေလဲ နေ့တိုင်း အရူးထနေသူ တစုဆိုတာ

ဘယ်သူတွေလဲ နေ့တိုင်း အရူးထနေသူ တစုဆိုတာ
ဒကာ။ ။ ပုထုဇ္ဇနော ဥမ္မတ္တကော။ ။ ပုထုဇဉ်တွေဟာ အရူးတွေဆိုတာ စာပေကျမ်းဂန်က ဆိုတာလား၊ သူတို့ဘယ်လို အရူးထကြတာလဲ ဆရာတော်၊ အရူးထပုံကို သိပါရစေ၊ စာပေကျမ်းဂန်ကို ထုတ်ပြ ရှင်းပြပေးပါ ဆရာတော်၊ ပုထုဇ္ဇနော ဥမ္မတ္တကော- လောက် ပါဠိကိုတော့ တပည့်တော်သိပါတယ်။

ဆရာ။ ။ အင်း… ပုထုဇဉ်တွေ အရူးထပုံကို စာပေကျမ်းဂန်က ဆိုတာ အမှန်ပါပဲ၊ အရူးထပုံက…
အတိတ္တာယေ၀ ကာမေသု၊
ပပဉ္စေန ဟိ တေ သတ္တာ။
အနိစ္စံ နိစ္စသညာယ၊
ဥမ္မာဒန္တိ ဒိနေ ဒိနေ။
တဲ့ သတ္တ၀ါ ပုထုဇဉ်တွေဟာ တဏှာ မာန ဒိဋ္ဌိ ခေါ်တဲ့ သံသရာနယ်ချဲ့တရားသုံးပါးကို လက်ကိုင်ထားပြီး တော့ အာရုံငါးပါးကာမဂုဏ်တရားတို့၌ ရောင့်ရဲတင်းတိမ် အားရကျေနပ်မှု မရှိနိုင်ကြဘဲ ထပ်တလဲလဲ ရှာဖွေခံစားကာ……
မမြဲတဲ့ အနိစ္စတရားကို မြဲတယ်ဟုထင်မှတ်လျက် လင်မယား သားသမီး ပစ္စည်း ဥစ္စာ ၀တ္ထုကာမတို့ဖြင့် မူးယစ်မေ့လျော့ကာ နေ့တိုင်းနေ့တိုင်း အရူးထနေကြကုန်၏တဲ့။
ဒုက္ခ- ဆင်းရဲတာအမှန်ကိုလည်း ချမ်းသာဟု ထင်မှတ်ကာ နေ့တိုင်းနေ့တိုင်း ပျော်ပါးလျက် အရူးထ၍နေ ကြကုန်၏တဲ့။
အနတ္တ - ငါမဟုတ် ငါ့ဥစ္စာ မဟုတ်တဲ့ အရာဝတ္ထုတွေကိုလည်း ငါ ငါ့ဥစ္စာ ငါ့ဟာ ငါစိုး ငါပိုင်ဟု ထင်စွဲကာ နေ့တိုင်းနေ့တိုင်းပဲ အရူးပွဲခံနေကြကုန်၏တဲ့။
ကဲ.. ရှင်းရဲ့လား၊ အနိစ္စကို နိစ္စထင်တယ်၊ ဒုက္ခကို သုခထင်တယ်၊ အနတ္တကို အတ္တထင်နယ်၊ အဲဒါတွေဟာ အရူးစိတ်တွေနဲ့ အရူးထတာပဲတဲ့၊ အဲဒါ စာပေကျမ်းဂန်က စကားတော်ပဲ၊ ရှင်းလင်း ယုံကြည်ရဲ့လား။
ဒကာ။ ။မှန်ပါ့၊ အထူးပဲ ယုံကြည်လျက် ရှင်းလင်း ကျေနပ်လှပါတယ် ဆရာတော်၊ ခုမှပဲ ကိုယ့်ဟာကိုယ် ရူးမှန်းသိတော့တယ်။

No comments: