သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 29, 2010

သတ္တက္ခတ္တု ပရမ သောတာပန် မျိုးဟာ ဗြဟ္မာ့ဘုံမှာ ဖြစ်ကောင်းသလား သောတာပန်လေးပါး သတ္တက္ခတ္တုပရမ သကဒါဂါမ် ရှိကောင်းသလောလူအနာဂါမ်သည် ခြောက်ကြိမ်ခြောက်ဘ၀ထက် ပိုမနေရဘူးလော

သတ္တက္ခတ္တု ပရမ သောတာပန် မျိုးဟာ ဗြဟ္မာ့ဘုံမှာ ဖြစ်ကောင်းသလား
ဒကာ။ ။ ဗြဟ္မာ့ဘုံ ဗြဟ္မာ့လောကမှာ သတ္တက္ခတ္တု ပရမ သောတာပန် ဖြစ်ကောင်း ရှိကောင်းပါသလား ဆရာတော်၊ အဲဒီ အဘိဓာန်ပုဒ်ရဲ့ အနက်ကိုလည်း ရှင်းပြပါဦးဘုရား။

ဆရာ။ ။ အင်း… သတ္တက္ခတ္တု ပရမ သောတာပန် ရဲ့ အနက်အဓိပ္ပါယ်ကို အဘိဓမ္မာ ပုဂ္ဂလပညတ် ပါဠိတော်မှာ…..
သော = ထိုသောတာပတ္တိ မဂ်, ဖိုလ် ရသွားသောပုဂ္ဂိုလ်သည်။ ဒေဝေစ = နတ်ပြည်ခြောက်ထပ် ဘုံဘ၀၌ လည်းကောင်း၊ မာနုသေစ = လူ့ပြည်ဘုံဘ၀၌ လည်းကောင်း၊ သတ္တက္ခတ္တုံသန္ဓာဝိတွာ သံသရိတွာ = ခုနှစ်ကြိမ်မျှသာ ဖြစ်လိုက် သေလိုက်, ဖြစ်လိုက် သေလိုက်နဲ့ လှည့်လည်ပြီး၍၊ ဒုက္ခဿန္တံ ကရောတိ = ဖြစ်ခြင်းသေခြင်း ဆင်းရဲအဆုံးကိုပြုကာ အမြဲငြိမ်းအေးရာ နိဗ္ဗာန်ချမ်းသာကို ရယူသွား၏၊ အယံ သတ္တက္ခတ္တု ပရမ သောတာပန္နော = သောတာပန်ဘ၀နဲ့ ခုနှစ်ကြိမ်ထက် ပိုမနေဘဲ အဲဒါဟာ သတ္တက္ခတ္တု ပရမ သောတာပန်ပဲတဲ့။
အဲဒီလို ယင်းသောတာပန်မျိုးဖြစ်ရာဌာနကို လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ကာမသုဂတိ ခုနှစ်ဘုံကိုသာ ပြဆိုထားလို့ ဗြဟ္မာ့ဘုံလောက မပါသောကြောင့် ဗြဟ္မာ့ဘုံမှာ သတ္တက္ခတ္တု ပရမ သောတာပန်မျိုး မရှိကောင်း၊ မဖြစ်ကောင်းဘူးလို့ တချက်ပြတ်နဲ့ မှတ်ပေတော့။

သောတာပန်လေးပါး


ဒကာ။ ။ ဒီလိုဆိုရင် သောတာပန်ဟာ သောတာပန်ဘ၀နဲ့ ခုနှစ်ကြိမ် ခုနှစ်ဘ၀ထက် ပိုမနေရတော့ဘူးလားဆရာတော်။

ဆရာ။ ။ အင်း….. သောတာပန် ပုဂ္ဂိုလ်က ဟောဒီ လေးမျိုးသာရှိတာ ဒကာကြီးတို့ရ၊ ဒီလေးမျိုးထက်ပိုမရှိဘူး။

၁။ သတ္တက္ခတ္တုပရမ သောတာပန်က လူနတ်ဘ၀မှာ ခုနှစ်ကြိမ်သာဖြစ်ပြီး ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်စံတာပဲ။

၂။ ကောလံကောလ သောတာပန်က လူနတ်ဘ၀နဲ့ နှစ်ဘ၀မှ ခြောက်ဘ၀အထိနေပြီး ရဟန္တာဖြစ်တာဘဲ။

၃။ ဧက ဗီဇီ သောတာပန်ကတော့ လူနတ်ဘ၀နဲ့ တကြိမ်သာနေပြီး ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန် ၀င်စံတာပဲ။

၎။ သောတာပန်ရိုးရိုးကတော့ သုဒ္ဓါဝါသဘုံ ချန်ထားပြီး ကျန်တဲ့ဘုံဘ၀တွေမှာ နေချင်သလောက် အကြိမ်ကြိမ်ဘုံစဉ်စံပြီး နေနိုင်ကြတယ်၊ ဘ၀များစွာဖြစ်နိုင်တယ် နေနိုင်တယ်လို့မှတ်ရမည်၊ ၀ိသာခါတို့ အနာထပိဏ်တို့လိုပေါ့။

သတ္တက္ခတ္တုပရမ သောတာပန္န-- ပါဠိရဲ့ဆိုလိုရင်းက “ကာမသုဂတိဘုံမှာ” သောတာပန်ဘ၀နဲ့ ခုနှစ်ကြိမ်ခုနှစ်ခါ ခုနှစ်ဘ၀ဟာ အလွန်ဆုံးပဲတဲ့၊ ဒီထက်ပိုပြီး မနေတော့ဘူး၊ ခုနှစ်ဘ၀မြောက်မှာ အထက်မဂ်သုံးပါးကို ရကာ ရဟန္တာဖြစ်သွားရတယ်လို့ဆိုတယ်၊ ကဲ…ရှင်းပြီလား။

ဒကာ။ ။ သောတာပန်ရိုးရိုး ဘုံစဉ်စံဟာ ဖြစ်ချင်တိုင်း ဘ၀များစွာ ဖြစ်နိုင်တာကို ခုမှပဲ ရှင်းလင်းကျေနပ်တော့တယ်ဆရာတော်၊ ဒကာကြီးတို့ နောက်တချက် ဆက်မေးပါရစေ ခွင့်ပြုပါသလား ဆရာတော်။



သတ္တက္ခတ္တုပရမ သကဒါဂါမ် ရှိကောင်းသလော

ဆရာ။ ။ မေးစရာအချက်ရှိရင် မေးသာမေးပါ သိသလောက်ဖြေပေးရမှာပေါ့၊ ဘာသာရေးနဲ့ အမေးအမြန်းထူရင်ကောင်းတယ်။

ဒကာ။ ။ သတ္တက္ခတ္တုပရမ သကဒါဂါမ်တို့ သတ္တက္ခတ္တုပရမ အနာဂါမ်တို့ကော မရှိကောင်းဘူးလား ဆရာတော်။

ဆရာ။ ။ သတ္တက္ခတ္တုပရမ သကဒါဂါမ်ရယ်လို့ ပိဋကတ်တော် စာပေမှာ မလာမရှိဘူး၊ အနာဂါမ်ပုဂ္ဂိုလ်ကလည်း အနာဂါမ်ဘ၀နဲ့ ခြောက်ကြိမ် ခြောက်ဘ၀ထက် ပိုမနေရဘူး၊ ကြံကြံဖန်ဖန်မေးသကိုး၊ အင်း ကောင်းတယ်ကောင်းတယ်၊ မေးသာမေး။



လူအနာဂါမ်သည် ခြောက်ကြိမ်ခြောက်ဘ၀ထက် ပိုမနေရဘူးလော

ဒကာ။ ။ ဆရာတော်မေးခွင့်ပေးလို့ မေးရတာပါဘုရား၊ ကျေနပ်လှပါတယ်ဆရာတော်၊ အနာဂါမ်က ဘာဖြစ်လို့ ခြောက်ကြိမ်ခြောက်ဘ၀ထက် ပိုမနေရတာပါလဲ ရှင်းပြပါဦးဘုရား။

ဆရာ။ ။ အနာဂါမ်ပုဂ္ဂိုလ်သာ သွားရောက်နေထိုင်ခံစားရတဲ့ အနာဂါမ်ပိုင်ငါးဘုံရှိတယ်၊ အဲဒါကို သုဒ္ဓါဝါသ ငါးဘုံလို့ ခေါ်တယ်။

အနာဂါမိမဂ် ကို ရသွားသူဟာ သူရတဲ့ ဘုံဘ၀မှာ တကြိမ်ဖြစ်ပြီး၊ အဲဒီက စုတိကျသွားရင် အနာဂါမ်ဗြဟ္မာများသာ ပိုင်ဆိုင်တဲ့ သုဒ္ဓါဝါသ ငါးဘုံမှာ ငါးဘ၀ထက် ပိုမနေရလို့ ခြောက်ဘ၀ထက် ပိုမနေရတာဘဲ ဖြစ်တယ်၊ ကဲ…ရှင်းရဲ့လား။

ဒကာ။ ။ လူအနာဂါမ် တဘ၀၊ ဗြဟ္မာအနာဂါမ် ငါးဘ၀၊ ပေါင်း ၆ ဘ၀၊ ကျေနပ်လှပါတယ်ဆရာတော်၊ ရှင်းလင်းပါပြီ ဘုရား။

No comments: