သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

လောကထဲမှာ စိတ်က ခေါင်းဆောင်လား၊ ပညာက ခေါင်းဆောင်လား

လောကထဲမှာ စိတ်က ခေါင်းဆောင်လား၊ ပညာက ခေါင်းဆောင်လား
ဒကာ။ ။ နေရာတကာမှာ စိတ်ကသာ ရှေ့သွားခေါင်းဆောင်ဖြစ်တယ်၊ စိတ်ကောင်းရှိဖို့သာ ပဓါနလို့ တချို့က ဆိုကြပါတယ်၊ တချို့ကလည်း ပညာသာ ပဓါန ပညာသာ ခေါင်းဆောင်ဖြစ်တယ်၊ ပညာရှိဖို့သာ ပဓါနလို့ ဆိုကြပါတယ်၊ ဘယ်ဟာကို အသိလုပ်ယူရမှာလဲ ဆရာတော်။

ဆရာ။ ။ လောကထဲမှာ အသိ လုပ်နေကြတာဟာ သုံးပါးပဲရှိတယ်၊ (၁) ကာမဂုဏ်တရားကို အသိလုပ်ယူကြခြင်း၊ (၂) ပညတ်တရားကို အသိလုပ်ယူကြခြင်း၊ (၃) ပရမတ်တရားကို အသိလုပ်ယူကြခြင်း၊ အဲဒါ ဟာ လောကသားတို့ အသိလုပ်ယူခြင်း သုံးပါးပဲ။
ဒကာ။ ။ တပည့်တော်မေးတာနဲ့ ဘယ်လိုများ စပ်ဆိုင်ပါသလဲ ဆရာတော်၊ နားမလည်ဘူး ဘုရား၊ တပည့်တော် မေးတာက တခြား၊ ဆရာတော် ဖြေတာက တခြား ဖြစ်နေတယ်။
ဆရာ။ ။ ဒကာကြီးတို့ လိုချင်တဲ့ အဖြေကို ရပါလိမ့်မယ်၊ နားထောင်ပြီး မှတ်သားပါလေ၊ “ပါပသ္မိံ ရမတိမနော” တဲ့၊ စိတ်သက်သက်လွှတ်ထားလို့ရှိရင် မကောင်းတဲ့အာရုံနဲ့ အသိလုပ်ပေါင်းသွားမှာပဲ၊ သူက မကောင်းထဲ၌ ပျော်တတ်နှစ်သက်တတ်တယ်၊ ဒါကြောင့်မို့…
၁။ အာရုံငါးပါး ကာမဂုဏ်တရားတွေကို အသိလုပ်ပြီး စုပေါင်းယူရာ၌ စိတ်ကသာ ခေါင်းဆောင်ဖြစ်တယ်၊ စိတ်ကိုစိတ်အတိုင်းသာ စည်းကမ်းမရှိ လွှတ်ထားလိုက်လျှင် မတည်ငြိမ်ဘဲ ကာမဂုဏ် အာရုံထဲမှာသာ ပျော်ပိုက်နှစ်ခြိုက် မေ့မြောနေ၏။…တဲ့။
၂။ သမထလုပ်ငန်း ပညတ်ကမ္မဋ္ဌာန်းတရားကို အသိလုပ်ယူရာ၌ သမာဓိကသာ ခေါင်းဆောင်ဖြစ်တယ်၊ စိတ်ကို သမာဓိနဲ့ တည်ငြိမ်အောင် ချုပ်ကိုင်၍ မလှုပ်နိုင်အောင် ဖမ်းထားလိုက်လျှင် ပညတ်ကမ္မဋ္ဌာန်းအာရုံတွေထဲ မှာသာ ငြိမ်ဝပ်မြုပ်နစ်နေ၏….တဲ့၊ ဒါက ဈာန်သဘောအသိဖြစ်တယ်။
၃။ ၀ိပဿနာလုပ်ငန်းနဲ့ ပရမတ်တရားကို အသိလုပ်ယူရာ၌ ပညာကသာ ခေါင်းဆောင်ရှေ့သွားဖြစ် တယ်၊ စည်းစနစ်ကျကျနဲ့ ပညာဦးစီးပြီး ထိုစိတ်ကို သေသပ်ပိပြားစွာ ထိန်းသိမ်းတွဲယူ၍ ပရမတ်အာရုံထဲသို့ စေလွှတ်ထားလျှင် သူသည် ငြိမ်သက်ဖြောင့်တန်းစွာ တည့်တည့်မတ်မတ်နဲ့ ပရမတ္ထသစ္စာတရားထဲသို့ ၀င်ရောက် နိုင်၏….တဲ့။
အဲဒါကြောင့် ပါပသ္မိံ ရမတိ မနော များသောအားဖြင့် လောကမှာ စိတ်ချည်း သက်သက် ခေါင်းဆောင် အဖြစ်နဲ့ လွှတ်ထားရင် ကာမဂုဏ် အာရုံတောထဲမှာ ဗွက်ပေါက်မည်သာ မှတ်ပေတော့၊ ကဲ… သဘောပေါက်ရဲ့ လား၊ ပညာကိုသာ အမြဲခေါင်းဆောင် ထားပါ၊ ဒါပဲ အသိလုပ်ပါ၊ ထိုစိတ်ကို ပညာနဲ့ ထိန်းချုပ်ဆောင်ယူပါ၊ ကိုင်း… ရှင်းပြီလား။
ဒကာ။ ။ သည်လို အဖြေမျိုးတွေ ကြားသိရတာ တန်ဖိုးရှိလှပါတယ်ဆရာတော်၊ ၂ နံပါတ်နဲ့ ၃ နံပါတ် ထဲရောက်အောင် လုပ်ဆောင်ရမှာပေါ့၊ စိတ်- စိတ်အတိုင်းထားလို့တော့ မဖြစ်တော့ဘူးပဲ၊ သူက ကာမဂုဏ်နဲ့ချည်း နေလာတာ ခုမှပဲ ပေါလောပေါ်လာတော့တယ်၊ ရှင်းပါပြီဘုရား။

No comments: