သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 25, 2010

ဒါနကုသိုလ်က နိဗ္ဗာန်မရ ၀ဋ်ဒုက္ခကိုသာ ပေးတာဆိုတာ မှန်သလား

ဒါနကုသိုလ်က နိဗ္ဗာန်မရ ၀ဋ်ဒုက္ခကိုသာ ပေးတာဆိုတာ မှန်သလား
ဒကာ။ ။ ဒါနကုသိုလ်ပြုသူဟာ သံသရာ ရှည်အောင် လုပ်တာ၊ နိဗ္ဗာန်ကို မရနိုင်ဘူးဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်။

ဆရာ။ ။ အို... မဟုတ်တရုတ် ပါးစပ်ပုပ်ကြီးနဲ့ ဒါနကို ဖယ်ရှားပြီး အပါယ်ငရဲသွားဖို့ အဖော်စု ပြောဆို နေတာတွေ မမှန်ပါဘူး၊ မယုံနဲ့ သာသနာဖျက် စကားတွေ။

ဒကာ။ ။ သည်လိုဆိုရင် ဒါနနဲ့ နိဗ္ဗာန်ရောက်ကြောင်း ပါဠိ အဋ္ဌကထာ သာဓကနဲ့ ထုတ်နုတ်ရှင်းပြပေး ပါဦး ဆရာတော်။

ဆရာ။ ။ ဒါနပြုပြု သီလဆောက်တည် ဆောက်တည် ဘာဝနာပဲ ပွားများပွားများ နိဗ္ဗာန်တရားကို အာရုံပြု ဆုတောင်းရတယ်၊ အဲဒါဟာ လိုရင်းအချုပ်ပဲ၊ သာဓကထုတ်စရာကတော့ သံယုတ္တအဋ္ဌကထာမှာ...

“ဣဒံ မေ ဒါနံ အာသ၀က္ခယာ ၀ဟာ ဟောတူတိ ဧ၀ံ ပန ၀ိဝဋ္ဋ ပတ္ထေန္တေန ၀ိဝဋ္ဋ ၀သေန သမ္မာပဋ္ဌပိတံ အရဟတ္တံပိ ပစ္စေက ဗောဓိဉာဏံပိ သဗ္ဗညုတညာဏံပိ ဒါတုံ သက္ကောတိယေ၀ အရဟတ္တံ အပတွာ ပရိယောသာနံ န ဂစ္ဆိတိ။ တဲ့၊ အဲဒီလို အဋ္ဌကထာဆရာက မှာဆိုထုတ်ပြထားတယ်၊ မြန်မာလိုကတော့ ဟောသည်အတိုင်း မှတ်ရမည်။

မိမိ၏ ဤဒါနသည် အာသ၀ကုန်ရာ နိဗ္ဗာန်သို့ ရောက်အောင်ပို့ဆောင်ပါစေသတည်း၊ ဤသို့ ၀ဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကိုသာ မှန်ကန်စွာ တောင့်တရည်သန်သော ကုသိုလ်ကံသည် ပကတိသာဝက၊ အဂ္ဂသာဝက၊ မဟာသာဝက အဖြစ်ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါအဖြစ်ကိုလည်းကောင်း၊ သဗ္ဗညုဘုရား အဖြစ်ကိုလည်းကောင်း မုချပေးစွမ်းနိုင်၏... တဲ့။

အဲဒီ ဒါနရဲ့ ပတ္ထနာစွမ်းအင် သတ္တိဟာ ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ မရောက်မချင်း ဘ၀တွေ ဘယ်လောက်ပင် သွားရောက်လည်ပတ်နေစေကာမူ မကုန်မခန်း လမ်းဆုံးသို့ မရောက်နိုင်ပါဘူးတဲ့။

ကဲ....ရှင်းရဲ့ လင်းရဲ့လား၊ ဝေလာမသုတ် သံယုတ်ပါဠိတော်၏ အဖွင့်ဖြစ်တဲ့ အဲဒီ အဋ္ဌကထာစကားကို နှုတ်ရ အာဂုံကျက်ပြီးတော့ ဒါနသီလတို့ဟာ သံသရာ မရှည်ကြောင်း နိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်ဆိုတာ ရှင်းပြဟောကြားကာ သားစဉ်မြေးဆက် မှတ်ပေတော့။

ဒကာ။ ။ မှန်ပါ့၊ ဒါနကိုပယ်ရှားတဲ့ အပါယ်လားသမားတွေရဲ့ စကားကို နားမထောင်တော့ပါဘူး ဆရာတော်။

No comments: