သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 25, 2010

ရုပ်ကလာပ်ဆိုတာ ဘာလဲ

ရုပ်ကလာပ်ဆိုတာ ဘာလဲ
ဒကာ။ ။ ကလာပ်၊ ရုပ်ကလာပ် စသည် ခေါ်ဆိုနေကြတာ အဲဒီ ကလာပ်ဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ မူလဝေါဟာရနဲ့ ယင်းရဲ့အနက်အဓိပ္ပါယ်ကို သိပါရစေ ဆရာတော်။

ဆရာ။ ။ ကလာပ်ဆိုတဲ့ မူလဝေါဟာရက ကလာပ ပါဠိဘာသာ ဖြစ်တယ်၊ သူ့မှာ နှစ်ပုဒ်ပေါင်းစပ်ထား တာ ဖြစ်တယ်၊ ကလာ က တစ်ပုဒ်၊ အာပ က တစ်ပုဒ် နှစ်ပုဒ်ပေါင်းမှ ကလာပ ဖြစ်လာတာ၊ သူရဲ့ အနက်အဓိပ္ပါယ်က.....
(၁) ကလာ = အသေးငယ်ဆုံးသော (ပကတိကြည်လင်သော မျက်စိ၊ အားအကောင်းဆုံးသော မှန်ပြောင်းတို့ဖြင့်) ကြည့်ရှုလို့ မမြင်နိုင်သော ရုပ် အစိတ်အပိုင်းကလေးတစ်ခုကို ခေါ်ဆိုတယ်။
ပုံစံကတော့ ပထ၀ီရုပ်ကလေး တစ်ခုကိုသော်လည်းကောင်း၊ အာပေါရုပ် ကလေး တစ်ခုကိုသော် လည်းကောင်း စသည်တို့ ဖြစ်တယ်။
(၂) အာပ = အဖွဲ့အစည်းတစ်ခုကို ခေါ်ဆိုတယ်။
ဒါကြောင့် ကလာပ်ဆိုတာ အသေးငယ်ဆုံးသော ရုပ်အစိတ်အပိုင်းတို့၏ ၈ ခု တစ်တွဲ၊ ၉ ခုတစ်တွဲ၊ ၁၀ ခုတစ်တွဲ၊ ၁၁ ခု တစ်တွဲ၊ ၁၂ ခု တစ်တွဲ၊ ၁၃ ခုတစ်တွဲ အစည်းအလုံး အပေါင်းအစု အတွဲလေး တစ်ခုကို ခေါ်ဆိုတာ၊ ကဲ... သဘောပေါက်ရဲ့လား၊ ရုပ်ကလာပ် ဆိုတာ အဲဒါပဲ။
ဒကာ။ ။ မမြင်နိုင် မမြင်ရ ဆိုတဲ့ အဖြေစကားကို သံသယရှိပါတယ် ဆရာတော်၊ ဓါတ်ခွဲခန်းတွေမှာ မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးမျိုးတွေကို မှန်ဘီလူးကြီးနဲ့ ရှာဖွေတွေ့မြင်နေကြတာပဲဟာ၊ အဲဒီ ပိုးကောင်ကလေးတွေ ဟာ အသေးငယ်ဆုံးသော ရုပ်ကလာပ်တွေပဲမဟုတ်လား ဆရာတော်၊ အားလုံးနားလည်အောင် ရှင်းပြပေးပါဦး ဘုရား။
ဆရာ။ ။ အင်း... ဒါက အဘိဓမ္မာလေ့လာဖူးသူနဲ့မှ ရှင်းပြလို့ဟန်ရမှာ၊ သို့မဟုတ်က ရှုပ်သထက် ရှုပ်ကုန်မှာပဲ၊ကိုင်း... ရှင်းပြမယ် နားထောင် မှတ်သားပေတော့။
ကလာပ်စည်းတစ်ခုတည်းမှာ အနည်းဆုံး ရုပ်ရှစ်ပါး ပါတယ်၊ (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ) အဲဒီရုပ်ရှစ်ပါး တစ်ခုကို အဋ္ဌကလာပ်ရုပ်တစ်ခုလို့ ခေါ်တယ်၊အဲဒီ ရုပ်ရှစ်ပါးထဲမှာ ရုပ်ထိန်းဓါတ်ခေါ်တဲ့ ဇီဝိတရုပ် တစ်ပါးထည့်လိုက်ရင် ဇီဝိတန၀က ကလာပ်လို့ခေါ်ရတယ်၊ ပင်လယ်သမုဒ္ဒရာ ရေ၊ မြေ၊ တော၊ တောင် မြင်ရသမျှ သက်မဲ့အရာဝတ္ထု ဒြပ်တွေထဲမှာ အဲဒီရုပ်ရှစ်ပါး၊ တစ်နည်း- ကိုးပါးပဲ ရှိတယ်၊ အဲဒီ ရုပ်ရှစ်ပါးတစ်စုကို ပကတိမူလ ရုပ်ကလာပ်တစ်ခုလို့ ခေါ်တယ်။
အဲဒီ ရုပ်ကလာပ်တစ်ခုကိုလည်း မျက်စိနဲ့ မမြင်နိုင်ဘူး၊ ယင်းအဋ္ဌကလာပ်ရုပ်ပေါင်း သိန်း သန်း ကုဋေ စုပေါင်းမိမှ အိမ်ခန်းတွင်းမှာ အမြဲလွင့်နေတဲ့ နေရောင်ခြည်ထိုးမှ မြင်ရတဲ့ မြူမှုန်ကလေးတစ်ခုဖြစ်လာတာ၊ တီဘီ ပိုးကလေးတစ်ကောင် ဖြစ်လာတာ၊ အဲဒီမြူမှုန်ကလေးပေါင်း သိန်း သန်း ကဋေ စုမိမှ သဲမှုန့်ကလေးတစ်ပွင့် ဖြစ်လာတာ၊ ဒီတော့မှ မျက်စိနဲ့မြင်ရတာ၊ အဲဒီ သဲမှုန့်ကလေးတစ်ခုထဲမှာ ရုပ်ကလာပ်တွေ ကုဋေပေါင်း မရေမတွက်နိုင်အောင် ရှိတယ်ဆိုတာကို ဉာဏ်နဲ့သာ ဆင်ခြင်တွက်ဆပြီး မြင်အောင် ကြည့်ပေတော့၊ ဆားအနုကလေးတစ်ပွင့်၊ သဲအနုကလေးတစ်ပွင့်ထဲမှာ အဋ္ဌကလာပ် ရုပ်ပေါင်း သိန်း သန်း ကုဋေ ပါဝင်စုပေါင်းနေတာ ဖြစ်တယ်၊ အဲဒီတော့မှ ၀ဏ္ဏရုပ်ခေါ်တဲ့ အဆင်းရူပါရုံက ပေါ်လွင်ထင်ရှားလာတာမို့ မြင်ရတာ၊ ကဲ... ကျေနပ်ရဲ့လား။
ဒကာ။ ။ ဒီရုပ်တွေကို ကလာပ်စည်းဖြစ်အောင်နဲ့ သက်ရှိသက်မဲ့သတ္တ၀ါ ပုံစံအမျိုးမျိုးတွေကို ဘယ်သူက စုစည်းပေးနေတာလဲ ဆရာတော်။
ဆရာ။ ။ ရုပ်သက်သက်ရှိနေတဲ့ သက်မဲ့ တော၊ တောင်၊ ရေ၊ မြေ ပုံစံအမျိုးမျိုးတွေကို ဥတု က စီမံဖန်ဆင်းပေးတယ်။
ရုပ်နာမ်နှစ်ပါး ယှဉ်စပ်နေတဲ့ သက်ရှိသတ္တ၀ါ အမျိုးမျိုးတွေရဲ့ ပုံဟန် သဏ္ဌာန် ဒြပ် အမျိုးမျိုး တွေကိုတော့ ကံ၊ စိတ်၊ ဥတု၊အာဟာရ ဆိုတဲ့ အကြောင်းတရားကြီးလေးပါးက သင့်သလို စီမံဖန်ဆင်းပေးတယ်၊ အဲဒီလေးပါးထဲမှာလည်း ကံနဲ့စိတ်က ဦးစီးခေါင်းဆောင်ဖြစ်တယ်၊ ဒါပဲ၊ ဗုဒ္ဓဘာသာဝင်တို့အလို တန်ခိုးအရှင်က ဖန်ဆင်းပေးတာ မဟုတ်ဘူး၊ ဒါက ပညာရှိများမှသာ ယုံကြည်တာ၊ သမ္မာဒိဋ္ဌိဗုဒ္ဓဘာသာ အစစ်တို့ရဲ့အယူပဲ။
ဒကာ။ ။ ယုံကြည်ကျေနပ်ပါပြီ ဆရာတော်၊ ရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိစ္ဆေဒဉာဏ် နှစ်ပါး ခုမှပဲ ကွဲပြားတော့တယ်။

No comments: