သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

သေသူအတွက် ဆွမ်းစဉ် သပိတ်သွတ်တဲ့အလုပ်ဟာ အဟုတ်ရ ရောက်ရဲ့လား

သေသူအတွက် ဆွမ်းစဉ် သပိတ်သွတ်တဲ့အလုပ်ဟာ အဟုတ်ရ ရောက်ရဲ့လား
ဒကာ။ ။ ဗုဒ္ဓဘာသာဝင်တို့ သေလွန်သွားသောအခါ ကျန်ရစ်သူတို့က သေလွန်သူတို့အား ရည်စူး၍ ဆွမ်းစဉ်ခြင်း၊ သပိတ်သွတ်ခြင်း၊ ပရိတ်ရွတ်ခြင်းပြုကာ အမျှပေးဝေကြတာဟာ ဘ၀တစ်ပါးက သူများမှာ အကျိုးခံစားမှုသုခကို ရရှိပါသလား ဆရာတော်။ (ပီအောထွန်းရင် မေးသည်ဟု ထင်၏)

ဆရာ။ ။ အင်း… သည်လုပ်ငန်းက ဗုဒ္ဓဘာသာဝင် တွင်မကပါဘူး၊ ဗြာဟ္မဏဘာသာဝင်တို့လည်း သည်လိုပဲ ဝေဒဆရာကြီးတွေကို ကျွေးမွေးပြုစုလေ့ရှိကြတယ်၊ သို့သော်လည်း သည်ဗြာဟ္မဏ၀ါဒကို ဝေဖန်သူ “သစ္စတ္ထပကာသ” ဆရာကြီးက သည်လုပ်ငန်းဟာ ပုရာဏ်ဆရာတို့ စားပေါက်ထွင်ကာ ဝေဒကျမ်းထဲ ဖြည့်စွက်ထားခြင်းမျှသာဟု သေသူထံသို့ မရောက်နိုင်ကြောင်းဖြင့် ငြင်းပယ်ပစ်တယ်၊ ဆရာအချို့က ရောက်တယ်တဲ့။
ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓ၏အလိုတော်မြတ်ကိုတော့ ဤသို့ မှတ်သားရမည့် အင်္ဂါရပ်တွေရှိတယ်။
၁။ သေသူအားရည်မှန်း၍ ကျွေးမွေးပေးကမ်း လှူဒါန်းခြင်း၊
၂။ အလှူခံပုဂ္ဂိုလ်တို့သည် ကောင်းမြတ်သော အကျင့်သီလ၊ သိက္ခာနှင့် ပြည့်စုံရခြင်း၊
၃။ သေသူအား ဖိတ်ကြားကာ နှုတ်မြွက်၍ အမျှပေးဝေရခြင်း၊
၎။ သေသူကား ဘ၀တပါးက သာဓုနုမော် ခေါ်နိုင်ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံရင် ဘ၀တစ်ပါးက သူများမှာ ခဏခြင်း ချမ်းသာသုခ ရရှိနိုင်သည်ဟူ၏တဲ့။
အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ မိဘဆွေမျိုး မိတ်ဆွေစသည်တို့ သေဆုံးသောအခါ မမြဲသောဂတိ လားရာရှိ၍ မလိုလဲလိုလဲ ပြုလုပ်မြဲ ဓမ္မတာပဲ ဖြစ်တယ်။
ဗုဒ္ဓ၏ဆိုလိုရင်း သိမှတ်ဖို့ကတော့ ဒါဟာ မုချလုပ်ရမည့် ကိစ္စရပ်ပဲ၊ ဆင်းရဲဒုက္ခ ပြိတ္တာဘ၀မျိုးရောက်နေ က သာဓုခေါ်နိုင်ရင် ခဏခြင်း ချမ်းသာသုခရနိုင်၍ ချမ်းသာတဲ့ ဘ၀က သာဓုခေါ်နိုင်ရင်လည်း ပိုမိုပြီး ချမ်းသာသု ခတွေ ရရှိမှာကတော့ သေချာတယ်လို့ မှတ်ပေတော့။
အကယ်တိ သေသွားသူက ဘ၀တပါးက သာဓုမခေါ်နိုင်ခဲ့သော် သာဓုခေါ်နိုင်တဲ့ဘ၀ မဟုတ်ခဲ့သော် ပြုလုပ်သူတို့အတွက် အကျိုးမယုတ် မဆုံးရှုံးပါဘူးတဲ့၊ ဤ ကုသိုလ်က ပြုသူတို့အား မုချကောင်းကျိုးချမ်းသာကို ပေးမှာပါပဲတဲ့။
ဒါကြောင့် အဲဒီ ဆွမ်းစဉ်သပိတ်သွတ်အလုပ်ဟာ မပယ်သင့်သော လိုက်နာရမည့် သူတော်ကောင်းတို့၏ ရှေးဟောင်းအလုပ်လို့ မှတ်ယူရမည်။
မှတ်ချက်။ ။ ၀ိနည်းသိက္ခာသီလကို ဖျက်ဆီးလျက် ဆေးကု ဗေဒင်ဟော ဓါတ်ရိုက် မိစ္ဆာဇီဝ အလုပ်တွေ လုပ်နေကြတဲ့ ဒုဿီလရဟန်းဆရာမျိုး မဟုတ်တဲ့ အကျင့်သီလသိက္ခာနဲ့ ပြည့်စုံတဲ့ သံဃာတော်များ ကို ရွေးချယ်ပေးလှူတတ်ဖို့က အရေးကြီးတယ် မှတ်နော်။ အဲဒီဆွမ်းစဉ်သပိတ်သွတ်လုပ်ငန်းအကြောင်းကို မိလိန္ဒမင်းကြီးက ရှင် နာဂသေနကို မေးလျှောက်တဲ့အခါ ဥပမာတွေပြပြီး သာဓု အနုမောဒနာ ပြုနိုင်က သေသူတို့ ထံမှောက်သို့ ရောက်ရှိကာ ချမ်းသာသုခ ခံစားနိုင်ကြောင်းများနှင့် ဖြေကြားထားတာတွေလည်း အများကြီးပဲ ရှိတယ်။ ကဲ..ယုံကြည်ပြီလား။
ဒကာ။ ။ ယုံကြည်ပါပြီ ဆရာတော်၊ အကျင့်သီလရှိသော အလှူခံစတဲ့အင်္ဂါလေးပါးက အရေးကြီးတာ ပေါ့နော်၊ အင်္ဂါလေးပါးကို သတိထား လိုက်နာရမှာပဲ၊ ပြုလုပ်တတ်ပါပြီ ဘုရား။

No comments: