သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

အတ္တအမျိုးအစား ဘယ်နှစ်ပါး ရှိပါသလဲ? အတ္တမှ လွတ်ကင်းပုံနည်းကလေးများ။

အတ္တအမျိုးအစား ဘယ်နှစ်ပါး ရှိပါသလဲ
ဒကာ။ ။ ကမ္ဘာသူကမ္ဘာသား ရာခိုင်နှုန်း ၉၉ က အတ္တ၀ါဒ အတ္တ အယူအစွဲသမားတွေ ဖြစ်နေကြပါတယ်၊ ဒါကြောင့် အတ္တနဲ့ စပ်တဲ့ အယူအစွဲအမျိုးအပြားများကို နည်းနည်းပါးပါး သိပါရစေ ဆရာတော်၊ ပါဠိတွေကတော့ လွှတ်မရွတ်ပါနဲ့ ဘုရား၊ ဒကာကြီးတို့ နားမလည်ပါဘူး။

ဆရာ။ ။ အင်း… အတ္တကို အပြောအဆိုရလွယ်တယ်၊ သတ္တ၀ါတိုင်းလည်း သဘောကျနှစ်သက်ကြ တယ်၊ ပြန်မငြင်းကြဘူး၊ အနတ္တက ပြောဟောရခက်တယ်၊ မနှစ်သက်ကြဘူး၊ ပြန်ငြင်းကြတယ်၊ အတ္တ၏ နယ်ပယ် က အင်မတန်ကျယ်ပြန့်တယ်၊ တိုတိုနဲ့ပဲ လိုရင်းဖြေကြားပေးမယ်၊ မှတ်သားကြပေါ့။
အတ္တ ဆိုတာ မိမိ၊ သို့မဟုတ် ငါလို့ စွဲယူထားခြင်းမျိုးပဲ၊ ငါလို့ စွဲယူထားသဖြင့် ငါနဲ့စပ်သမျှ အရာဝတ္ထုတွေဟာလည်း ငါ့ဟာ ငါ့ဥစ္စာ ဖြစ်ကုန်တာပေါ့၊ ပြောမဆုံးပေါင် တောသုံးထောင် ဆိုတာလို သူစွဲ ငါစွဲက မဆုံးနိုင်တော့ဘူးပဲ။
အဲဒီ အတ္တကို ဗြဟ္မာဏ၀ါဒ ဆရာကြီးတွေက လေး၊ ငါး၊ ခြောက်မျိုးလောက် စွဲယူကြတယ်၊ သူတို့စွဲယူကြပုံက….
၁။ သာမိအတ္တ။ ။ကိုယ်ထဲမှာ ထင်သလို စီမံခန့်ခွဲပြုမူလုပ်ကိုင်ကာ အုပ်စိုးနေတဲ့ အစိုးရသူ ငါကောင်၊ အတ္တကောင်ကလေး ရှိတယ်လို့ စွဲမြဲယုံကြည်ခြင်းမျိုးကို “သာမိအတ္တ” ခေါ်တယ်။
၂။ နိဝါသီ အတ္တ။ ။ ကိုယ်ထဲမှာ အမြဲတည်ရှိနေတဲ့ ငါကောင်၊ အတ္တကောင်လေးပဲ၊ သူဟာ ဒီကိုယ်မ ကောင်းရင် တခြားကိုယ်သို့ ပြောင်း ပြောင်းပြီး ကိုယ်ထဲမှ အမြဲရှိနေတယ်လို့ စွဲယူခြင်းကို “နိဝါသီ အတ္တ” ခေါ်တယ်။
၃။ ကာရက အတ္တ။ ။ ကာယကံ ၀စီကံ မနောကံ ကိုယ်၊ နှုတ်၊ စိတ် ပြုလုပ်ဖွယ် ကိစ္စရပ်တို့ကို ငါကောင်၊ အတ္တကောင်ကလေးက ပြုလုပ်နေသည်ဟု စွဲယူခြင်းကို “ကာရက အတ္တ” ခေါ်တယ်။
၎။ ဝေဒက အတ္တ။ ။ ခံစားစရာ အဆိုးအကောင်း ဟူသမျှတို့ကို ငါ ကောင်ကလေးကသာ ခံစား နေတယ်လို့ စွဲယူခြင်းကို “ဝေဒက အတ္တ” ခေါ်တယ်။
၅။ ဇီဝ အတ္တ။ ။ ကိုယ်ကောင်ကြီးပျက်သော်လည်း မပျက်ဘဲအမြဲတည်နေတဲ့ ငါကောင် အတ္တကောင်ကလေးဟာ အမြဲရှိနေတယ်ဟု စွဲယူခြင်းကို “ဇီဝ အတ္တ” လို့ ခေါ်တယ်။
မှတ်ချက်။ ။ ယင်းဇီဝကိုပဲ မြန်မာလို အသက်၊ လိပ်ပြာ၊ ၀ိညာဉ်၊ ဇီဝိန်။ အာရဗီလို “ရူဟ်”။ အင်္ဂလိပ် လို “ဆိုလ်”။ ဟိန္ဒီလို “အာတမာ” စသည်ဖြင့် မိမိဘာသာအလိုက် ခေါ်ဝေါ်နေကြတယ်လို့ မှတ်ရမယ်။
၆။ ပရမ အတ္တ။ ။ ထာဝရ အရှင်သခင် ကိုးကွယ်သူတို့က ကမ္ဘာလောကကြီးနဲ့ ကမ္ဘာသူ ကမ္ဘာသားတို့ ကို ဖန်ဆင်းပေးနေသူဟု စွဲယူနေကြသော ထာဝရ အရှင်ကို “ပရမတ္ထ” ခေါ် “ပရမ အတ္တ” လို့ ခေါ်တယ်၊ ယင်းကိုပင် ဟိန္ဒီဘာသာ၌ “ဤယွှရ၊ ပရမေယွှရ” ဟူ၍လည်းကောင်း၊ ပါရှင်ဘာသာ၌ “ခုဒါ၊ ခိုဒါ ”ဟူ၍လည်းကောင်း၊ အာရဗီဘာ သာ၌ “အလ္လာဟ်” ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၌ “ဂေါ့ဒ် ”ဟူ၍လည်းကောင်း၊ မြန်မာဘာသာ၌ “ အရှင်၊ ကယ်တင်ရှင်” ဟူ၍လည်းကောင်း ခေါ်ဆိုနေကြတယ်၊ အဲဒါတွေဟာ အတ္တက ပေါက်ပွား လာတာတွေချည်းပဲ၊ ကဲ… ကျေနပ်ရောပေါ့။

အတ္တမှ လွတ်ကင်းပုံနည်းကလေးများ
ဒကာ။ ။ ပြည့်စုံလှပါတယ် ဆရာတော်၊ ကျေနပ်ပါပြီ၊ ဒါပေမယ့် ဒီအတ္တက လွတ်အောင် အတော်ကြိုး စားရမှာပဲ၊ အတ္တမှလွတ်ပုံ လွတ်နည်းကလေးများကိုလည်း အနည်းငယ်လောက် နည်းကလေးများပေးသနားပါဦး ဘုရား၊ ဒကာကြီးတို့က အတ္တတုံးကြီးတွေဖြစ်နေလို့ပါ။
ဆရာ။ ။ အင်း… စာပေကျမ်းဂန် တတ်မြောက်ပြီး နည်းလမ်းမှန်အောင် ပြပေးနိုင်တဲ့ ရိပ်သာတစ်ခုကို သွားပြီး ၀ိပဿနာတရားအားထုတ် ရှုမှတ်ပါ၊ အဲဒါ အတ္တမှလွတ်တဲ့ နည်းပဲ။ ဆက်မမေးနဲ့တော့၊ သွားဖြစ်အောင် သာ မြန်မြန်သွားပါ၊ အတ္တတုံးကြီး ပါးပါး နည်းနည်း သေးသေးသွားလိမ့်မယ်၊ ကြားလား သွားဖြစ်အောင် သွားပါနော်…
ဒကာ။ ။ အမိန့်တော်အတိုင်း စာပေကျမ်းဂန်ကို တတ်မြောက်တဲ ဆရာတော်များ၏ ဓမ္မရိပ်သာကို သွားရောက်ကာ အတ္တမှ လွတ်ကင်းအောင် ကြိုးစားပါမည် ဆရတော်။

No comments: