သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

မြတ်ဗုဒ္ဓမရှိတဲ့နောက် ရဟန်းသံဃာကို ဘယ်သူအုပ်ချုပ်ပါသလဲ

မြတ်ဗုဒ္ဓမရှိတဲ့နောက် ရဟန်းသံဃာကို ဘယ်သူအုပ်ချုပ်ပါသလဲ
ဒကာ။ ။ ဆရာဘုရား မရှိတဲ့နောက်မှာ ရဟန်းသံဃာအုပ်စုကြီးကို အာဏာရှင် ခေါင်းဆောင်တင်ထား ပြီး အုပ်ချုပ်ပါသလား ဆရာတော်၊ မူလခေါင်းဆောင် ပုဂ္ဂိုလ်ကို သိပါရစေဘုရား။

ဆရာ။ ။ “၀ိနေတိ ၀ိနယော ဘိက္ခုံ” တဲ့ ဆရာဘုရား မရှိတဲ့နောက် ရဟန်းသံဃာတော်များကို အုပ်ချုပ်ဖို့ ခေါင်းဆောင်ပုဂ္ဂိုလ်ရယ်လို့ မတင်မမြှောက်ကြဘူး၊ ၀ိနယ ဓမ္မဖြစ်တဲ့ ၀ိနည်းတရားတော်ဟာ သံဃာတော်များကို အုပ်ချုပ်ကွပ်ကဲပေးတဲ့ ခေါင်းဆောင်ကြီးတွေပဲ၊ ၀ိနည်းတရားက ရဟန်းအပေါင်းကို ဆုံးမအုပ်ချုပ်တယ်ဟု ဆိုတယ်၊ ၀ိနည်းတရားဟာ ရဟန်းသံဃာတော်များရဲ့ အာဏာပိုင်ပဲ။
ဒကာ။ ။ ဒီလိုဆိုရင် သံဃာတော်များမှာ မှီခိုအားထားလေးစားစရာ ပုဂ္ဂိုလ် မထားမရှိတော့ဘူးပေါ့၊ ကိုယ့်မင်းကိုယ်ချင်းပဲလား ဆရာတော်၊ ၀ိနည်းတရားတော်က စာအုပ်ပေထုပ်ထဲမှာ ရှိတာပဲဟာ၊ ၀ိနည်းတရား တော်က အ၀ိညာဏကပဲဟာ၊ ဘာအာဏာပေးနိုင်လို့လဲ ရှင်းပြပါဦးဘုရား။
ဆရာ။ ။ အင်း…ကြည်ညိုလေးစားထိုက်တဲ့ “ပသာဒနိယ” ဂုဏ်ဆယ်ပါးရှိသူဟာ သံဃာတော်များရဲ့ မှီခိုအားထားလေးစားစရာပင် ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းကိုသာ သီးခြားသပ်သပ် အလေးအမြတ်ပြုပြီး မှီခို လေးစားစရာဟု မတင်မြှောက်ကြောင်းကို ဆိုတာဖြစ်တယ်၊ ၀ိနည်းတရားတော်က မှီခိုလေးစားအားထားဖို့ ပုဂ္ဂိုလ်ကို ညွှန်ကြားပြီးပဲ၊ အကျင့်သီလ ရှိရမည်ဆိုတာ ၀ိနည်းရဲ့ အာဏာပညတ်တော်ပေါ့။
ဒကာ။ ။ ဒီအဖြေစကားတွေက ပိဋကတ်ကျမ်းဂန်မှာ ပါတာလား၊ ဆရာတော့်အတွေးနဲ့ မိန့်ကြားတာ လား၊ ပသာဒနိယဂုဏ် ဆယ်ပါးဆိုတာက ဘာတွေပါလဲ ဆရာတော် ရှင်းပြပါဦးဘုရား။
ဆရာ။ ။ ဆရာတော်တို့အလုပ်က ပိဋကတ်ကျမ်းဂန်သင်ကြားပို့ချ ထိန်းသိမ်းစောင့်ရှောက်မှုပဲဟာ၊ ဆရာတော်တို့ မိန့်ကြားတဲ့ စကားဟာ ပိဋကတ်တော်ကျမ်းစာနဲ့ လျော်လျောက်ပတ်တာချည်းပါပဲ၊ သိချင်ရင် ဂေါပက မောဂ္ဂလ္လာနသုတ် ဥပရိပဏ္ဏာသမှာ ကြည့်နိုင်ပါတယ်။
ပသာဒနိယဂုဏ် ဆယ်ပါးဆိုတာက…
၁။ အကျင့်သီလရှိခြင်း၊
၂။ ပိဋကတ် ဗဟုသုတရှိခြင်း၊
၃။ ရသမျှနဲ့ ရောင့်ရဲခြင်း၊
၎။ ဈာန်လေးပါး ရရှိခြင်း၊
၅။ ဣဒ္ဓိဝိဓ အဘိညာဉ်၊
၆။ ဒိဗ္ဗသောတ အဘိညာဉ်၊
၇။ စေတောပရိယ အဘိညာဉ်၊
၈။ ပုဗ္ဗေနိဝါသ အဘိညာဉ်၊
၉။ ဒိဗ္ဗစက္ခု အဘိညာဉ်၊
၁၀။ အာသ၀က္ခယ အဘိညာဉ်တို့ကို ရရှိခြင်းပါပဲ။
ယင်းတို့ထဲက ၁-၂-၃ အထိတော့ အနည်းဆုံး ရှိထားသူဖြစ်ရမယ်၊ အဲသည်ပုဂ္ဂိုလ်တွေဟာ သံဃာတော် များရဲ့ ကြည်ညိုလေးစားရာတွေပဲ။
ဒကာ။ ။ အင်း… သံဃာတော်များရဲ့ ဦးစီးခေါင်းဆောင် အုပ်ချုပ်သူဟာ ၀ိနည်းတရားပဲဆိုတာ ဆရာတော်ရဲ့ အဖြေစကားက ထင်ရှားစွာ ပြထားလို့ ကြည်ညိုလေးစားလှပါသည် ဆရာတော်၊ ရဟန်းတော်ရှိသ မျှ ၀ိနယဓမ္မကို ကြည်ညိုလေးစားစွာဖြင့် လိုက်နာကျင့်ကြံ စောင့်ထိန်းတော်မူကြရင် သာသနာတော်ဟာ မုချသန့် ရှင်းတည်တံ့ တိုးတက်ကောင်းမြတ်လာတော့မှာပဲကိုး၊ သာဓုပါဘုရား၊ သာဓု - သာဓု။

No comments: