သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

အနိစ္စ ဒုက္ခ အနတ္တဆိုတာ ဘာတွေလဲ? အနိစ္စဆိုတာ အဲဒါပဲ ဒကာကြီးတို့

အနိစ္စ ဒုက္ခ အနတ္တဆိုတာ ဘာတွေလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာဝင်တို့၏ ပါးစပ်မှာ အနိစ္စ ဒုက္ခ အနတ္တတို့ကို လူတိုင်းလိုလို ရွတ်ဆိုကြတယ်။ အဓိပ္ပါယ်သဘောမေးတော့လည်း ရုပ်တွေ နာမ်တွေ ပါဠိတွေနဲ့ ရှုပ်ပွေပြီး လူတစ်ဖက်သား နားလည်သဘောကျ အောင် ပြောမပြနိုင်တာက များနေပါတယ်၊ ဒကာကြီးတို့ နားရှင်းအောင် အကျဉ်းကလေးနဲ့ လင်းပေးပါဆရာတော်။

ဆရာ။ ။အင်း….ဒါက ပညာရှိတို့၏ လက်တွေ့အလုပ် ရုပ်နာမ်သဘောမို့ လက်တွေ့လုပ်စမ်းကြည့်မှ သိမှာဖြစ်တယ်၊ ကိုင်း… ဒကာကြီးတို့ကို ခုခိုင်းကြည့်မယ်၊ ဒကာကြီးတို့စိတ်နဲ့ မန္တလေး၊ ရေး၊ မြိတ်၊ ထားဝယ်၊ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ စုံအောင် ခုချက်ချင်း သွားကြည့်လိုက်စမ်း။
ဒကာ။ ။ သွားပြီးပါပြီဆရာတော်၊ ဒိမြို့တွေက ဒကာကြီးတို့ ရောက်ဖူးတာတွေမို့ မထူးဆန်းလှပါဘူး၊ နှံ့အောင် သွားခဲ့ပါတယ်။
ဆရာ။ ။ ဒကာကြီးတို့ကို မေးမယ် ဖြေပါ၊ မန္တလေးကနေပြီး ရေးမြို့ဘက်ကို သွားတော့ကာ မန္တလေးသွားတဲ့သိစိတ်ကလေးတွေဟာ ရှိနေသေးသလား။
ဒကာ။ ။ ရေးမြို့သွားတော့ မန္တလေးသွားတဲ့ သိစိတ်တွေ မရှိတော့ပါဘူး ဆရာတော်၊ ရေးမြို့သွားတဲ့ စိတ်တွေသာ ဖြစ်နေကြပါတယ်။
ဆရာ။ ။ မန္တလေးသွားတဲ့သိစိတ်တွေက မဖြစ်လို့ မရှိတာလား ဒကာကြီးတို့။
ဒကာ။ ။မန္တလေးသွားတုန်းကတော့ ဖြစ်ပါတယ် ဆရာတော်၊ မန္တလေးဈေးချိုရော နန်းတွင်းရော စိတ်နဲ့ နှံ့အောင်သွားခဲ့တာပဲဟာ ဖြစ်တာပေါ့။
ဆရာ။ ။ ဒါဖြင့် အဲဒီမန်းသွားတဲ့စိတ်တွေကို ခုပြစမ်းပါ ဒကာကြီးတို့။
ဒကာ။ ။ မန်းသိစိတ်က မန်းမှာတင်ပဲ သိဖို့ ဖြစ်ရှိနေမှာပေါ့ ဆရာတော်၊ ရေး သိစိတ်က တခြားပဲဟာ၊ ရေးဘက်ကိုတော့ ဘယ်လိုက်ပါလာတော့မှာလဲ၊ ရေးဘက်သွားတော့ ရေးမြို့သိစိတ်တွေသာ ဖြစ်နေမှာပေါ့ ဆရာတော်။


အနိစ္စဆိုတာ အဲဒါပဲ ဒကာကြီးတို့
ဆရာ။ ။ အင်း.. အနိစ္စဆိုတာ အဲဒါပဲ၊ “ဟုတွာ အဘာဝတော အနိစ္စာ” ဖြစ်ပြီးရင် ဘာမှ မကျန်ရစ်ခဲ့ပဲ အကုန်လုံး ပျက်ကုန်တာကို အနိစ္စလို့ခေါ်တယ်၊ တစ်ခါသိ တစ်ခါပျက်နဲ့ ဖြစ်ပေါ်မှုက လျင်မြန်လွန်းလို့ ပျက်သွားတဲ့ စိတ်နေရာမှာ နောက်ထပ်အစားထိုး အသစ်ဖြစ်ပေါ်လာတဲ့ စိတ်ကို မသိလို့ သည်တစ်စိတ်တည်းပဲ နိစ္စပဲ မြဲတာပဲလို့ ထင်မှတ်နေကြတာ၊ သဘောကျရဲ့လား၊ ကိုယ့်ဉာဏ်အမြင်နဲ့ ဆင်ခြင်ကြည့်လိုက်ပါ။
ဒကာ။ ။ စွမ်းနိုင်ရင် အနည်းငယ် ထပ်ပြီးရှင်းပြပါဦးဆရာတော်။
ဆရာ။ ။ နားထောင်ပါ (ပ-ထ-မ) ပ- ဆိုတဲ့အသံရုပ်ကို သိတဲ့စိတ်က နာမ်၊ သူပျက်သွားမှ ထ- ဆိုတဲ့ အသံရုပ်ကို သိတဲ့စိတ်နာမ်က ပေါ်လာတာ၊ တစ်စိတ်တည်းက သိသွားတာ မဟုတ်ဘူး၊ ရုပ်ပိုင်းမှာလည်း အတူတူ ပဲ၊ စိတ်နာမ်ဖြစ်ပျက်သလို ရုပ်တွေဟာလည်း တရစပ်ဖြစ်ပျက်နေတာပဲ၊ အဲဒါကို အနိစ္စသဘောလို့ ခေါ်တယ်၊ ဒကာကြီးတို့ရ အနိစ္စပဲ။
အဲဒီ အနိစ္စ မမြဲလို့၊ ဒုက္ခ ဆင်းရဲတာပဲ၊ လောကကြီးမှာ အရာဝတ္ထုတွေဟာ အားလုံးခိုင်မြဲနေရင် ဘာပြုပြင်လုပ်ကိုင် နေစရာလိုမလဲ၊ မပြုပြင် မလုပ်ကိုင်ဘဲ နေရရင် သုခ ချမ်းသာအစစ်ပေါ့၊ ခုတော့ လုပ်လိုက်ရတာ ခုတင်ခု ဖတ်ဖတ်ကိုမောလို့ အဲဒါဒုက္ခပဲ၊ အနိစ္စ မခိုင်မြဲလို့ ဒုက္ခ ဆင်းရဲတယ် ဒါပဲ၊ ရှေ့ကဖြစ် နောက်ကပျက် ဖြစ်လာတာကို ဥဒယ၊ ပျက်သွားတာကို ဗယ၊ အဲဒီရှေ့ကဖြစ်တာကို နောက်ကအပျက်နဲ့ ညှပ်ပြီး နှိပ်စက်နေတာကို “ပီဠနတ္ထ” ခေါ်တယ်၊ ဒါကြောင့်မို့ “ဥဒယဗ္ဗယ ပီဠနတ္ထေန ဒုက္ခာ” ဖြစ်ပျက်မှုတွေနဲ့ ကြိတ်ညှပ်ပြီး နှိပ်စက်နေတာဟာ ဒုက္ခပဲလို့ မှတ်ရတယ်။
အဲဒီ ဖြစ်ပျက်မှုတွေကို မြဲအောင် ခိုင်အောင် ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး၊ သူများကို လုပ်ခိုင်းလို့လည်း မရနိုင်ဘူး၊ ဖြစ်ပျက်ခြင်းနဲ့ နှိပ်စက်နေတဲ့ ဆင်းရဲဒုက္ခကိုလည်း သုခချမ်းသာဖြစ်အောင် မလုပ်နိုင်ဘူး၊ ကိုယ့်အလို အတိုင်း မလိုက်မဖြစ်တာကို အနတ္တလို့ ခေါ်တယ်၊ “အ၀သ၀တ္တနေန အနတ္တာ” ကိုယ့်အလိုမလိုက် ကိုယ့်အကြိုက်သို့ မပါ သူ့သဘောနဲ့သူ ဖြစ်ပျက်နေတာတွေဟာ အနတ္တပဲ။
ဆိုလိုရင်းက ငါ၊ ငါ့ဟာ မဟုတ်ဘူးတဲ့၊ ကဲ..ရှင်းလင်းပြီလား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သိချင်ရင် ကိုယ်ထဲမှာ စိတ်နဲ့ ရှာရတယ်။
ဒကာ။ ။ မှန်ပါ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာ ရုပ်နာမ်ဓမ္မအပေါ်မှာ စိတ်နဲ့ ရှုမှတ်ရတာဖြစ်လို့ ရှင်းလင်း ပြတ်သားပါပြီ ဆရာတော်၊ တရားရှာ ကိုယ်မှာတွေ့ ဆိုတာ သဟာပဲကို ကျေနပ်ပါပြီ ဆရာတော်၊ ဒါနဲ့များ အနိစ္စ အနိစ္စနဲ့ ပုတီးကြီးကိုင်ပြီး ရွတ်ဆိုကာ ပုတီးစိပ်နေကြတာ အံ့စရာပဲ၊ တချို့ကလည်း ပုတီးကြီးကိုင်ပြီး နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တံ တဲ့၊ စိတ်အလုပ် ကိုယ်မှာရှာရမှာကို နှုတ်နဲ့အော်နေကြတယ်၊ တော်တော်မထက်သေးတဲ့ သူတွေပဲနော်။
ဆရာ။ ။ အင်း၊ နောက်တော့လည်း အမြင်မှန်လာကြမှာပေါ့လေ၊ ဆရာကောင်းရဖို့ လိုတယ်နော်၊ ကြပ်ကြပ်သတိထားကြ။

No comments: