သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ

အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ
ဒကာ။ ။ အနာအမျိုး ၉၆ ပါးထဲမှာ လူသားတွေကို အနှိပ်စက်ဆုံး အဆိုးဝါးဆုံး အလွန်ကဲဆုံး နေ့ရှိသမျှ နှိပ်စက်နေတဲ့ ရောဂါမျိုးကို ဗုဒ္ဓဘုရား ဟောကြားချက်များ ရှိပါသလား ဆရာတော်။

ဆရာ။ ။ ခုမေးတဲ့ ၉၆ ပါးသော ရောဂါအနာတွေက ဒါလောက် မဆိုးပါဘူး၊ ဆေးကုလို့ ရပါသေးတယ်၊ အဲဒီအထဲမှာမပါတဲ့ ရောဂါဆိုးတစ်မျိုးရှိတယ်၊ အဲဒီရောဂါကတော့ ဆေးကုလို့ကို မပျောက်နိုင်ဘူး၊ သူပျောက်ရင် ခဏ ၁၂ နာရီလောက်ပဲ၊ နောက် ပြန်ပေါ်လာတာပဲ၊ အဲသည်ရောဂါဟာ ငါဘုရားနဲ့တကွ သတ္တ၀ါတွေကို နေ့ရှိသမျှ အနှိပ်စက်ဆုံးပဲလို့ ဗုဒ္ဓဟောပြထားတာ ရှိတယ် ဒကာကြီးတို့ရ၊ မွေးရာပါ ရောဂါဆိုးပဲ။
ဒကာ။ ။ ဘယ်လိုရောဂါမျိုးလဲ ဆရာတော်၊ ဘုရားရှင်ကိုတောင် အမြဲနှိပ်စက်နေတယ်ဆိုတော့ ပြောပြပါဦး ဘုရား။
ဆရာ။ ။ ဓမ္မပဒပါဠိတော်မှာ မြတ်စွာဘုရားကိုယ်တော်တိုင် မိမိရရှိထားတဲ့ကိုယ်ကောင်ကြီးရဲ့ နှိပ်စက်ပုံဆင်းရဲကို… “ဇိဃစ္ဆာ ပရမာ ရောဂါ” လို့ ဟောကြားထားတယ်၊ လောက၌ ဆာလောင်မွတ်သိပ်တဲ့ ရောဂါမျိးထက် ဆိုးသွမ်းလွန်ကဲတဲ့ ရောဂါ ဘယ်မှာမှ မရှိပါဘူးတဲ့၊ နေ့ရှိသမျှ အချိန်ကာလ ရှိသမျှ ကျွေးမွေးကုသ ပေးလို့ပဲ မပြီးနိုင်ဘူးတဲ့၊ ငါဘုရားသော်မှ မိုးလင်းသည်နှင့် သင်္ကန်းတော်ရုံလို့ သပိတ်ပိုက်ပြီး ထွက်ရတာ သည်ရောဂါဆိုးကြောင့်ပဲလို့ ခန္ဓာ၏ဒုက္ခသစ္စာကို ပြတော်မူတယ်။
ဒကာ။ ။ မှန်လိုက်တာ ဆရာတော်၊ အစာအဟာရတွေ ထည့်ပေးလို့ပဲ မဆုံးနိုင်ဘူး၊ နေ့ရှိသမျှ ကျွေးနေရတဲ့ ခန္ဓာကောင်ကြီးပဲ။
ဆရာ။ ။ ဒါကြောင့် ဘုရားမြတ်က ချစ်သားတို့ ခန္ဓာကိုယ် မလိုချင်ကြနဲ့၊ “ခန္ဓသမာ ဝေရီ နတ္ထိ” ခန္ဓာနှင့် တူတဲ့ရန်သူဟာ ဘယ်မှာမှမရှိဘူးတဲ့ ဒကာကြီးတို့ရဲ့။
ဒကာ။ ။ ကြောက်လှပါပြီ ဆရာတော်၊ ဆာတာလည်း သူပဲ၊ နာတာလည်း သူပဲ၊ ဘယ်လောက် ကောင်းကောင်းထားပေမင့် သူကပဲ သေအောင်သတ်တာပဲ၊ ဒီခန္ဓာကိုယ်ကို ပြန်မလိုချင်တော့ပါဘူး ဘုရား။

No comments: