သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

ဥပါသကာ မေး ဖြေ ကဏ္ဍ

ဥပါသကာ မေး ဖြေ ကဏ္ဍ
ဒကာ။ ။ ဥပါသကာဆိုတာ ဘုရား၊ ကျောင်း၊ စေတီနားမှာ အ၀တ်ဖြူဝတ်ကာ ကြေးစည်ထုပြီး ပိုက်ဆံခံယူနေတဲ့ သူကို ခေါ်ဆိုတာလား ဆရာတော်။
၁။ ဥပါသကာဆိုတာ ဘယ်လိုလူလဲ။
၂။ ဘာ့ကြောင့် ဥပါသကာခေါ်သလဲ။
ဥပါသကာဆိုတဲ့ အဘိဓါန်ပုဒ်ကို အနက်အဓိပ္ပါယ် ထုတ်ပြပါဦးဘုရား။ ။
ဆရာတော်က မြန်မာအဘိဓါန်ကျမ်းပြုပုဂ်္ဂိုလ်မို့ အနက်မထင်တဲ့ (ဥပါသကာ) အဘိဓါန်ပုဒ်ကလေးကို လာရောက်ဆွေးနွေး မေးမြန်းမှု ပြုကြတာပါဆရာတော်။

ဆရာ။ ။ အင်း.. သိချင်ရင် ဖြေကြားပေးပါ့မယ်၊ နားထောင်မှတ်သားကြပေါ့။
၁။ ဥပါသကာဆိုတာ “ဖြူစင်မြင့်မြတ်သောသူ၊ လူနှင့်တူသောလူ၊ အပါယ်မလားသောသူ၊ လူ၊ နတ် ဂတိမြဲသောသူ၊ အရိယာ နယ်ပိုင်းဝင်စပြုသောသူ” အဲဒီလိုလူပဲ။
၂။ ဥပါသကာခေါ်တဲ့အကြောင်းကတော့၊ သို့မဟုတ် ဥပါသကာခေါ်ခံရတဲ့သူဟာ သူ့မှာ ရှိထားရမည့် ဥပါသကာ အင်္ဂါ ၄ ပါးနှင့်အညီ ရတနာ ၃ ပါးကို ယုံကြည်ကိုးစား ဆည်းကပ် ခစားတတ်သူကို၊ သို့မဟုတ်သရဏဂုံ ခံယူကျင့်သုံးတတ်သူကို၊ သရဏဂုံ တည်သူကိုပင် အဲဒါကြောင့် ဥပါသကာခေါ်တယ်လို့ မှတ်ရမည်တဲ့။

ဒကာ။ ။ ဥပါသကာမှာ ရှိထားရမည့် အင်္ဂါ ၄ ပါးဆိုတာက ဘာတွေပါလဲဆရာတော်၊ ဒကာကြီးတို့လို လူတန်းစားအများသိအောင် တိုတို တိတိနဲ့ ရှင်းရှင်းဘွင်းဘွင်းပဲ ပြောပြပါ ဆရာတော်။


ဥပါသကာ အင်္ဂါ လေးပါး
ဆရာ။ ။ အေးလေ... ဒကာကြီးတို့ နားလည်ဖို့ တိုတိုတိတိနဲ့ မိမိရရ ဖြစ်အောင် တတ်သိသလောက် ဖြေကြားပေးပါမည်၊ မကျေနပ်ရင်လည်း ထပ်မေးကြပေါ့။
ဥပါသကာ အင်္ဂါ ၄ ပါး ဆိုတာက-

၁။ မြတ်စွာဘုရားကို ကြည်ညိုတတ်ရေး၌ ပြီးစီးနိုင်ရန်၊ မြတ်ဘုရား၏ဂုဏ်တော် (၉)ပါးကို တစ်နည်း၊ ဂုဏ်တော်(၁၀)ပါးတို့ကို နှုတ်ရအာဂုံ သင်ကြားဆောင်ယူထားခြင်းနဲ့ ဗုဒ္ဓမှာ အဟုတ်ရှိတဲ့ကျေးဇူးဂုဏ်ရဲ့ သဘောတရား အဓိပ္ပါယ်များကိုလည်း ကိုယ်ဉာဏ်သိ ယုံကြည်မှု သန့်ရှင်းခြင်းဖြစ်ကာ ဘုရားကို မတုန်မလှုပ် ကြည်ညိုလေးစားတတ်ရခြင်း အင်္ဂါ တစ်ပါး။
၂။ ဘုရားရှင် ဟောကြားညွှန်ပြထားတဲ့ တရားတော်မြတ်ကို ယုံကြည်စွာ လိုက်နာခံယူ ကျင့်ကြံပွားများတတ်ရေးအတွက် ပြီးစီးနိုင်ရန် တရားဂုဏ်တော်(၅)ပါး၊ (၆)ပါးတို့ကိုလည်း နှုတ်ရအာဂုံ သင်ကြားဆောင်ယူထားခြင်း၊ ရှင်းလင်းသော အသိဉာဏ်ပေါက်အောင် အထပ်ထပ် မွှေနှောက် လေ့လာဆွေးနွေး မေးမြန်းခြင်းတို့နှင့်ပြည့်စုံကာ မတုန်မလှုပ် အဟုတ်တကယ် ကြည်ညိုလေးစားခံယူ ကျင့်ပွားတတ်ရခြင်း အင်္ဂါတစ်ပါး။
၃။ မြတ်စွာဘုရား၏တပည့်သား သံဃာတော်ကို ကြည်ညိုလေးစား၊ ဆည်းကပ်ခစား တတ်အောင် သံဃာ့ဂုဏ်ရည် ၉-ပါးကိုလည်း နှုတ်တက်အရဆောင်ကာ အမှန်ဉာဏ်သိရောက် အောင် ဆွေးနွေးမေးမြန်းခြင်း
နှင့် ပြည့်စုံလျက် မတုန်မလှုပ် ကြည်ညိုလေးစား ဆည်းကပ်ကိုးကွယ်တတ်ရခြင်း အင်္ဂါတစ်ပါး။
မှတ်ချက်။ ။ အဲသည်သရဏဂုံ ၃ ပါးကိုလည်း အပြည့်အစုံ ကိုယ့်မှာရှိထားရမယ် လို့ မှတ်ပါတဲ့။ နောက်တစ်ခု မှတ်စရာက-
၎။ ဥပါသကာမှာ ရှိထားရမည့် ငါးပါးသီလကို မကျိုးမပေါက် မပြောက်မကျား မပျက် ပြားစေခြင်းနှင့် မိမိကိုယ်ပိုင်လုပ်ကိုင်နေသည့် ကုသိုလ်ကံများအပေါ်၌ ဘ၀ကိုလိုလားတောင့်တ ရယူခံစား သာယာမှုအစွဲကို တော်လှန်တိုက်ခိုက် ဖျက်ဆီးချိုးဖဲ့ နိုင်ရခြင်း အင်္ဂါတစ်ပါး။
အဲဒီ အင်္ဂါ ၄ ပါးနှင့်ပြည့်စုံတဲ့သူကို ဥပါသကာခေါ်တယ်လို့ ဗုဒ္ဓဘုရားဟောကြားတော်မူတယ်၊ ကဲ…ယုံကြည်ကြရဲ့လား ဒကာကြီးတို့၊ အဲဒါဟာ ဥပါသကာမှာ ရှိထားရမည့် အင်္ဂါ ၄ ပါးပဲ။
ဒကာ။ ။ ဆရာတော်တို့က သည်နေရာမှာ သည်လိုဘုရားဟောတော်မူမယ်ဆိုရင် ဒကာကြီးတို့က ယုံကြည်စွာနဲ့ မှတ်သား ခံယူရမှာပေါ့ ဆရာတော်။

ဘုရားဟောတိုင်း ပစ်ခတ် ယုံရမှာလား
ဆရာ။ ။ အင်း…. ဆရာတော်တို့က ဘုရးဟောဆိုတိုင်း၊ သို့မဟုတ် လူပြောသူပြော ရသေ့၊ ရဟန်းတို့က ဒါဟာ ဘုရားဟောလို့ ပြောတိုင်းလည်း တထစ်ချယုံကြည်လိုက်နာ ခံယူရမည်လို့ မမှတ်ရဘူး ဒကာကြီးတို့ရဲ့။ ကိုယ်တွေ့ ဒိဋ္ဌဓမ္မ သဘာဝကျ၊ မကျ ၊ ယုတ္တိ ရှိမရှိ၊ ကိုယ်တိုင်သိဖြစ်အောင် သင်ကြား၊ နာယူ၊ စမ်းသပ်၊ ဆင်ခြင်၊ နှိုင်းစား၊ စစ်ဆေးပါဦးတဲ့ - အဲဒါဟာ ဥပါသကာရဲ့ အသွင်ပုံစံ၊ ပိတ်ဖြူဝတ်သူကို ခေါ်ဆိုတာမဟုတ်ဘူး။ ကဲ… ဥပါသကာ ရဲ့ အသွင်ပုံစံရှင်းလင်းစွာ ပေါ်လာပြီလား။
ဒကာ။ ။ အသင့်အတင့်လောက်တော့ ရှင်းပါတယ်ဆရာတော်၊ ထင်းထင်းလင်းလင်း တော့ မရှိသေးဘူး၊ ၀တ်ဖြူစင်ကြယ်နဲ့ ဘုရားစေတီနားမှာ ကြေးစည်ထုပိုက်ဆံခံနေတဲ့ ဥပါသကာရဲ့ အသွင်ပုံစံတော့ ပျောက်ကွယ်သွားပါပြီဘုရား။
ဆရာ။ ။ အင်း…. ဒကာကြီးတို့က မေးပြီးရင် ဒီက ပြန်မေးရဦးမယ်၊ ဗုဒ္ဓဘာသာဝင်ရဲ့ လိုရင်းပင်မ ဖြစ်တဲ့ မြတ်စွာဘုရားသခင်မှာ ရှိနေသော ဂုဏ်တော်၊ ကျေးဇူးတော်တွေ အနန္တထဲက လူတိုင်းသိသုံးဖို့ အကျဉ်းဆုံး ထုတ်နုတ်ပြဆိုထားတဲ့ အရဟံဂုဏ်အစ ဘဂ၀ါ အထိ ၉ ပါး ၁၀ ပါးရှိတဲ့ ဂုဏ်တော်ထဲမှာ ဘယ်ဂုဏ်တော်က ဘာကိုညွှန်ပြတယ်ဆိုတာ ကိုယ်ကျိုးခံ စားချက် အနက်အဓိပ္ပါယ်နှင့်တကွ ဒကာကြီးတို့ဉာဏ်ထဲမှာ စွဲမြဲရှင်းလင်း သံသယကင်းအောင် ဘယ်နှစ်ပါးများ ယုံကြည်စွာနဲ့ သိထားပြီးပြီလဲ၊ မှန်မှန်ဖြေပါ။
ဒကာ။ ။ အမှန်အတိုင်း ဖြေရရင် ဣတိပိ သော ကို ပါဠိလို ငယ်ငယ်က ရထားဖူးတာပဲ ရှိတယ်၊ အနက်သဘောအဓိပ္ပါယ်နဲ့ ညွှန်ကြားချက် ကိုယ်ကျိုးခံစားခွင့်ဆိုတာတော့ ယနေ့အထိ ယောင်ဝါးဝါး သူများပြောသံကြားနဲ့ မရှင်းမလင်း သိထဲကပါပဲ၊ ကိုယ့်ဟာကိုယ် ဘာသာရေး ဆိုင်ရာ အသိဉာဏ်တွေ များစွာလိုသေးကြောင်း အခုမှပဲ သိရတော့တယ် ဆရာတော်။

က, ပြား ဗုဒ္ဓဘာသာများ
ဆရာ။ ။ အင်း…. ဘုရား ကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာ အမည်ခံသူတစ်ယောက် က ကိုယ်ဆည်းကပ်ကိုးစားတဲ့ ဘုရားရဲ့ယုံကြည်စရာ လိုရင်းဖြစ်တဲ့ ဂုဏ်တော်၊ ကျေးဇူးတော် တန်ခိုးစွမ်းအင် သတ္တိတော်တို့ကို ပညာရှိဆရာသမားများထံမှ သင်ယူကာ ကြားဖူးနားဝမှ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ကျ၊ ကြ၊ ဏ၊ န ပိုင်းခြားဝေဖန်ကာ အမှန်သိဖြစ်အောင် လုပ်မထားနိုင်သေးရင် ပြောတိုင်းယုံ၊ ကြုံတိုင်းလိုက်၊ ခိုင်းတိုင်းလုပ် ဗုဒ္ဓဘာသာ အစစ်မဟုတ် ဘဲ လူပြော သူပြောနဲ့ ယုံနေတဲ့ နတ်၊ ၀ိဇ္ဇာ၊ ဘိုးတော်၊ ပထမံ၊ အထက်ဆရာကြီးတို့ပါ ရောနှော ထားတဲ့ ရောရိရောရော ယောင်ဝါးဝါး မှုံပြာပြာ က,ပြား ဗုဒ္ဓဘာသာ ဖြစ်နေတော့မှာပေါ့ ဒကာ ကြီးတို့ရ။
ဒကာ။ ။ အပြည့်အစုံ ဆက်လက်ပြောပြပါဦး ဆရာတော်၊ ဒကာကြီးတို့ နားလည် အောင်။

အရေခြုံ သရဏဂုံခံများ
ဆရာ။ ။ အဲသည်ယောင်ဝါးဝါး က,ပြား ဗုဒ္ဓဘာသာ လုပ်နေသူတို့ရဲ့ ခံယူဆောက် တည်ကျင့်သုံးနေတဲ့ ထုံးတမ်းစဉ်လာ….
၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
၃။ သံဃံ သရဏံ ဂစ္ဆာမိ -
ဆိုတဲ့ သရဏဂုံ သုံးပါးဟာလည်း ၀ါးတားတား မှုံပြာပြာ ညာဒါဝါဒ အယောင်ဆောင် သူပြော လူပြောကို ယုံနေတဲ့ အရေခြုံ သရဏဂုံထဲက ဖြစ်နေတော့မှာပေါ့၊ စဉ်းစား စစ်ဆေး
ကြည့်ပါ။

ဓမ္မဂုဏ်လည်း မသိ - မပိုင်
ယင်း သရဏဂုံ အရေခြုံ လူတန်းစား က,ပြား ဗုဒ္ဓဘာသာဝင်မျိုးဟာ ဘရားရှင်ဟော ကြားထားသော သွာက္ခာတော စသောကိုယ်ကျိုး ဒိဋ္ဌခံစားခွင့်ပေးထားတဲ့ တရားဂုဏ်တော် ၅ ပါး၊ ၆ ပါးကိုလည်း ကိုယ်ပိုင်ဝေဖန်ဉာဏ်နဲ့ ကိုယ်တိုင် အမှန်သိ ဉာဏ်ဖြစ်အောင် စမ်းသပ်ခံစား ထိမိမှုရှိမှာ မဟုတ်တာကတော့ သေချာတယ်၊ ဒကာကြီးတို့ စဉ်းစားကြည့်ပေါ့။
ဒကာ။ ။ ပြောစရာရှိတာ အားမနာဘဲသာ ပြောပြပေးပါဆရာတော်၊ နာယူလျက်ပါ။

သံဃာ့ဂုဏ်တော့ အဝေးကြီးပဲ
ဆရာ။ ။ အင်း….. အဲသည် အကြမ်းဖျင်း လူတိုင်းရ သွာက္ခာတ စတဲ့ဓမ္မ ဂုဏ်တော်မြတ် ၅ ပါး၊ ၆ ပါးတို့မှ ဝေဖန်ဉာဏ်မရှိ အမှန်မသိ ခံစားမှု မရရှိသေးတဲ့ လူတန်း စားဟာ ယင်းတရားဓမ္မကို ဦးထိပ်မှာထားကာ ကျင့်ပွားပြီး အဆင့်ဆင့် မြင့်သထက်မြင့်အောင် အထက်အထက်ကို တက်တက်ကျင့်ကြံသွားနေတော်မူကြတဲ့ သံဃာတော်များမှာ ဧကန်ရှိ ထားကြသော ကြည်ညိုစရာ သုပ္ပဋိပန္နတာ စတဲ့ သံဃာ့ဂုဏ်တော် ၉ ပါး သိထားဖို့ဆိုတာက တော့ ဝေလာ ဝေးရောပေါ့၊ ဒကာကြီးရ။
ဒကာ။ ။ မှန်ပါ့၊ ရတနာသုံးပါးရဲ့ ဂုဏ်ရည် ယုံကြည်စွာ မဝေဖန်မိတာကတော့ ယနေ့ ထိပဲ ဆရာတော်။

ဝေဖန်စရာတွေကတော 
ဆရာ။ ။ သည် သရဏဂုံ ၃ ပါး၏ ဂုဏ်တော်များကိုမှ ယုံကြည်ကိုးစား အလေးအမြတ် ထားကာ ဆောက်တည်ခံယူ ကိုးကွယ်ကျင့်ကြံမှု မပြုတတ်သေးရင် အဲသည် ဗုဒ္ဓဘာသာဝင် ဆိုသူဟာ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေရယူထားရမည့် ကိုယ်ကျိုးသုခတရားကို ဘယ်လို နည်းနဲ့ ပြီးစီးရယူ ခံစားသွားနိုင်တော့မှာလဲ။ ဒကာကြီးတို့ပဲ စဉ်းစား ဝေဖန်ကြည့်ပေတော့။

အထက်ဂိုဏ်း၊ အထွက်ဂိုဏ်း သမားလား
အဲဒါကြောင့် ဘုရားဟောဆိုကာ ဘေးတီး နံတီး အဖြီး အဆွယ် အစည်းအရုံးကောင်း တဲ့ တတ်ယောင်ကား အာဘောင်နီ တောင်ပံစမ်းသူများက အထက်ဂိုဏ်း၊ အထွက်ဂိုဏ်း၊ အပေါက်ဂိုဏ်း၊ ဘာဂိုဏ်း၊ ညာဂိုဏ်းနဲ့ ဟောတိုင်း ပြောတိုင်း ပစ်ခတ်ပြီး မယုံလိုက်နဲ့ဦး။ အဲဒီလူဟာ ကိုယ်ပိုင်လက်ရှိ ကိုးစားအားထားရာ သရဏဂုံသုံးပါးထက် ပိုပြီး အထက်စီး အထွတ်အထိပ်ခေါင်းဆောင်ပိုင်းကလား၊ နောက်လိုက် ရောညာ သမားလားဆိုတာ သဘာဝ ကျ-မကျ ယုတ္တိရှိ - မရှိ၊ အမှား အမှန် ကိုယ်ခံဉာဏ်သိနဲ့ စိစစ်တတ်အောင် စာပေပိဋ ကတ် တတ်သိကျွမ်းကျင်မှုရှိတဲ့ ဆရာသမားများနဲ့ အားမနာတမ်း ဆွေးနွေး မေးမြန်းနာယူသင် ကြားပါ၊ ဗုဒ္ဓဟောပြောချက်တရားဓမ္ဓစာအုပ်စာပေများကိုလည်း ကြပ်ကြပ်ဖတ်ပါ မှတ်ပါ လေ့လာပါဟု တိုက်တွန်းလိုက်ပါတယ်နော်….။
ဒကာ။ ။ ဒီလိုမိန့်ကြားတာ၊ ကျေးဇူးတင်ပါတယ် ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။

ဘုန်းကြီးနဲ့ မတဲ့ဆုံးသူကတော့
ဆရာ။ ။ အင်း.. တစ်ခု ဒကာကြီးတို့ သိထားဖို့ တိတိကျကျ ပြောကြားလိုက်မယ် တတ်ယောင်ကားနဲ့ ရောလိုက်၊ ရောညာ အဖြီးသမားမျိုးဟာ ဆရာတော်တို့နဲ့ မတဲ့ဆုံးပဲ ကဲ- ဘာမေးစရာရှိသေးလဲ၊ ဘုပြောတယ်လို့တော့ အထင်မမှားနဲ့၊ အပါယ်လား ကုန်လိမ့်မယ်၊ ဒါပဲ။
ဒကာ။ ။ သည်လို အပြော အဆိုမျိုးဟာ တပည့်တော်တို့ရဲ့ အကြိုက်ဆုံးစကားလုံး တွေပဲ ဆရာတော်၊ (တပည့်တော်လည်း ပြောတိုင်းယုံ၊ ကြုံတိုင်းလိုက်၊ ခိုင်းတိုင်းလုပ်သမား တွေကို အဟုတ်ရွံ့မုန်းပါတယ်) တစ်ဘ၀တာ အစားချောင်ရေးသဘောနဲ့ ရောလိုက် ရောညာ မျိုး မကြိုက်ပါဘူး ဆရာတော်။
စောစောက ဆရာတော် ပြောကြားသွားတဲ့ သရဏဂုံ ကိုးကွယ်မှုကိစ္စနဲ့ စပ်ပြီး ကိုယ်ကျိုးကိစ္စပြီးရေးအတွက် ခံယူဆောက်တည်တတ်ဖို့ဆိုတာ ၀န်မလေးပါက ညွှန်ပြပေးစေချင်ပါတယ် ဆရာတော်၊ သိပါရစေ။

သရဏဂုံခံသူ လူတန်းစား နှစ်မျိုး
ဆရာ။ ။ အင်း….. ၀န်မလေးပါဘူး၊ သိချင်ရင် နားနဲ့ မိအောင် ထောင်နော်၊ နားနဲ့ ထောင်ပြီး မိအောင်ဖမ်းရတယ်၊ သရဏဂုံ ၃ ပါးအစစ်ဆိုတာက ဘုရား၊ တရား၊ သံဃာရဲ့ဂုဏ် ကို ခေါ်ဆိုတယ်လို့ မှတ်ရမယ်၊ ယင်းသို့ ခံယူကိုးကွယ်ခြင်း လူတန်းစားကလဲ ၂ မျိုး ၂ နည်းရှိတယ်။
၁။ သရဏဂုံ ခံယူခြင်း သက်သက်မျှသာ လူတန်းစားကတစ်မျိုး။
၂။ သရဏဂုံကို ယုံကြည်လေးစား ပွားများခံယူခြင်း လူတန်းစားက တစ်မျိုး။
ဒကာ။ ။သရဏဂုံ ခံယူခြင်း သက်သက်မျှသာ ဆိုတာက ဘယ်လိုလူတန်းစားပါလဲ ဆရာတော် ဒကာ့အပေါ်မငဲ့ညှာ အားမနာဘဲ တရားတော်လာအတိုင်း ပြတ်ပြတ်သားသားသာ မိန့်ကြားပါဘုရား။


ရိုးရာခံနေကျ သရဏဂုံ
ဆရာ။ ။ ၁ နံပါတ် သရဏဂုံအရ၊ ခံယူခြင်း သက်သက်မျှသာ ဆိုတာက သရဏဂုံ ၃ ပါးရဲ့ ဂုဏ်တော်များကိုလည်း ဘာမျှမသိ၊ ရိုသေလေးစား အားထားမှုလည်းမရှိ၊ စောစောက ဒကာကြီးတို့ ပြောသလို ဣတိပိ သော လောက်ကိုပဲ သာမန်ကာလျှံကာ သင်ယူကြားသိထား ပြီးတော့ မိဘဘိုးဘွားတို့၏ ရိုးရာခံယူနေကျအတိုင်း ဘုန်းကြီးက ရှေ့ကဆိုပေးသလို ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့် လိုက်ဆိုခံယူခြင်းမျိုးကို ခေါ်ဆိုတယ်။ ပမာပြရရင် အနေကဇာတင် ရှင်ပြု ရဟန်းခံ အိမ်တက်မင်္ဂလာ ပရိတ်ရွတ် မွေးနေ့ဆွမ်းကျွေးနဲ့ အသုဘအိမ်တိုင်းမှာ ဒကာကြီးတို့ လိုက်လိုက်ပြီး ခံယူနေကြတဲ့ သရဏဂုံမျိုးလိုပေါ့၊ ဂစ္ဆာမိရုံနဲ့ ပြီးတာပဲ။
အဲသည် ၁ နံပါတ် သရဏဂုံခံ လူတန်းစားက ဗုဒ္ဓ ဓမ္မ သံဃမှာရှိတဲ့ ဂုဏ်တော် ကျေးဇူးတော်များကိုလည်း အရှိအတိုင်း ဘယ်ဟာမှ မည်မည်ရရ မသိပေမယ့် သူတို့လုပ်စရာရှိ တဲ့….
၁။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း ဒါနရယ်။
၂။ ခံယူဆောက်တည် ကျင့်သုံးခြင်း သီလရယ်။
၃။ ပရိတ်တရား နာယူခြင်း ဘာဝနာရယ်။
အဲဒီ အမှုမျိုးကိုတော့ အပြည့်အစုံပြုနေတာပဲ၊ အဲသည်ထဲမှာ လောကချမ်းသာရေးအတွက် အမှန်လည်းပါတယ်၊ အလိမ်အညာခံ အမှားတွေကလည်း ဗရပွေပဲ ဒကာကြီးတို့ရ။
အခုဆိုခဲ့သလို ခံယူခြင်းမျှသာ သရဏဂုံရှိနေတဲ့ လူတန်းစားဟာ ဗုဒ္ဓဘာသာဝင်သူ အစစ်တို့ ရသင့်ရထိုက်တဲ့ ဗုဒ္ဓညွှန်ကြားချက်အရ လောကထွက် ကောင်းကျိုးချမ်းသာရေး အိုနာသေဘေးလွတ်ရာ အနှစ်သာရရှိတဲ့ သုခများကိုတော့ ထူးခြားစွာရယူ ခံစားမသွားနိုင်ဘူး ပဲ၊ သူတို့သွားနေကျ လူ၊ နတ်ဘ၀ သင်္ချိုင်း ကုန်းလမ်းကိုပဲ စိုးရိမ်ခြင်းသောက၊ ငိုကြွေးခြင်း ပရိဒေ၀ မီးလျှံတွေနဲ့ ဆူညံစွာ သွားနေရမှာသာဖြစ်တယ်။ ကဲ…..သဘောပေါက်ရဲ့လား။
ဒကာ။ ။ အားလုံးနားထောင်လျက်မို့ ဆက်လက်မိန့်ကြားပါဦး ဆရာတော်။

ဗုဒ္ဓ၏ စကား နှစ်ခွန်းသာရှိတယ်
ဆရာ။ ။ အင်း…သင်္ချိုင်းကုန်းနဲ့ လုပ်တိုင်း ကုန်းတို့ သုသာန်တို့ အသံကြားရရင် ဒကာ ကြီးတို့က တွန့်တွန့် သွားတယ်၊ တရားစကား ဆွေးနွေးတဲ့အခါ သုဂတဂုဏ်တော်မှာ လာတဲ့အ တိုင်း မြတ်ဘုရား အလိုတော်ကျ နှစ်ခွန်းသောစကားနဲ့ ပြောကြားရရင် ကောင်းမည်ထင်တယ် ဒကာကြီးတို့ရ။

ဒကာ။ ။ သုဂတ ဂုဏ်တော်လာ နှစ်ခွန်းသောစကားကို ကွဲပြားအောင် မိန့်ကြားပါဦး ဆရာတော်။

ဆရာ။ ။ အင်း.. နှစ်ခွန်းသောစကားဆိုတာမှာ ပထမတစ်ခွန်းက မှန်လည်းမှန်တယ်၊ အကျိုးစီးပွားလည်းရှိတယ်၊ နတ်လူတို့လည်း နှစ်သက်တယ်၊ အဲဒါကို မြတ်စွာဘုရား ဟော ကြားတော်မူတယ်။
ဒုတိယ တစ်ခွန်းက မှန်ကန်တယ်၊ အကျိုးစီးပွားလည်း ရှိတယ်၊ နတ်လူတို့ကတော့ ဒီစကားကို မကြိုက် မနှစ်သက်ဘူး၊ ဒါပေမယ့် (မှန်တယ်၊ အကျိုးရှိတယ်ဆိုရင်) နတ်လူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ မြတ်စွာဘုရား ဟောကြားတော်မူတာပဲ။
အဲဒါ သုဂတဂုဏ်တော်လာ နှစ်ခွန်းသောစကားပါပဲ၊ ဒါကြောင့် ဒကာကြီးတို့ နှစ်သက် ချင်နှစ်သက် မနှစ်သက်ချင်နေ (မှန်ကန်ပြီး လူသားတို့ အကျိုးစီးပွားဖြစ်မည့် စကားကိုတော့) အားမနာတမ်း ဖြေကြား သွားမှာပဲ၊ မေးချင်ရာမေးပေတော့။
ဒကာ။ ။ ဒကာကြီးတို့နဲ့ လူသားများအတွက် မှန်ကန်ပြီး အကျိုးစီးပွားဖြစ်မည့် စကား များဆိုရင် အားမနာတမ်းသာ မိန့်ကြားပါ ဆရာတော်၊ ဒကာကြီးတို့ မတုန်လှုပ်ပါဘူး ဆရာ တော်။

၂ နံပါတ် သရဏဂုံအစစ်
ဒါကြောင့် ပြောလက်စနဲ့ ၂ နံပါတ်အရ သရဏဂုံကို ယုံကြည်လေးစားပွားများခံယူခြင်း ဆိုတဲ့ ကိစ္စလုပ်ငန်းများကိုလည်း ဒကာကြီးတို့ နားလည်ပြီးစီးနိုင်ရန် မိန့်ကြားပါဦး ဆရာတော်။

ဗုဒ္ဓဘာသာအစစ်တို့ မလုပ်မနေရသော ကိစ္စများ
ဆရာ။ ။ အင်း… ယင်းကို ယုံကြည်လေးစား ပွားများခံယူမှု ဆိုတာကတော့ ဘုရားဂုဏ် ၉ ပါး၊ ၁၀ ပါး၊ တရားဂုဏ်တော် ၅ ပါး၊ ၆ ပါး၊ သံဃဂုဏ်တော် ၉ ပါးရဲ့ ပါဠိအနက်များကို အရကျက် နှုတ်တက်ဆောင်တယ်၊ ရွတ်ဖတ်တယ်၊ အဓိပ္ပါယ်ကိုသိအောင် ဆွေးနွေးမေးမြန်း တယ်၊ ဒကာကြီးတို့ရ။
သည်တွင် ရပ်မနေပဲ မိမိခံယူဆောက်တည်ကိုးကွယ် ဆည်းကပ်ထားတဲ့ ဘုရား၊ တရား၊ သံဃာ သရဏဂုံ ၃ ပါးမှာ မှန်ကန်စွာ အဟုတ်ရှိနေတဲ့ ဂုဏ်၏ ကြီးမားမြင့်မြတ်ပုံ ကယ်တင်နိုင်ပုံ နည်းနယကို သိထားဖို့နဲ့ ယင်းအကျိုးဖလ၏ တန်ဖိုးကို ရယူခံစားနိုင်ဖို့ ပြုလုပ်ကျင့်ကြံရေးကို အကြိမ်ကြိမ် အဖန်ဖန်စုံစမ်းမေးမြန်း ဆွေးနွေးနာယူတယ်၊ စိစစ်လေ့ ကျင့်တယ်၊ သူပြောသူဖြေ ကြားသိလောက်နဲ့ ယုံမနေဘဲ မှတ်ကျောက်တင်ခံ၊ မခံ သန္ဒိဋ္ဌိက ဂုဏ် ရှိ၊ မရှိ ကိုယ်တွေ့ဉာဏ်မြင်သိ ကျေနပ်မှုရသည်အထိ ၀ိပဿနာတရားကို ကျင့်ကြံပွား များ အားထုတ်တယ်။
အဲဒါဟာ သရဏဂုံကို ယုံကြည်လေးစားပွားများခံယူခြင်း ၂ နံပါတ် လူတန်းစား ဗုဒ္ဓဘာ သာအစစ်များရဲ့ မလုပ်မနေရတဲ့ ကိစ္စအချို့ပဲဖြစ်တယ်။
သည်နောက် လက်မခံဘဲ တော်လှန်ပယ်ရှား စွန့်ပစ်ရမည့် အမှားစွဲများကိုလည်း စွန့်ပယ်ထုတ်ပစ်လိုက်တယ်၊ ပြည့်စုံစွာ ဆောင်ယူထားရမည့် အမှန်တရားများကိုလည်း အပြည့်အစုံ ဆောင်ယူထားတယ်၊ အဲသည်လို အကြိမ်ကြိမ်အခါခါ အဖန်ဖန် အထပ်ထပ် အမှားပယ်အမှန်ယူ ကိစ္စတို့ကို အပြည့်အစုံ ပြုလုပ်ပြီး သရဏဂုံ ၃ ပါး၏ ဂုဏ်ကျေးဇူးတော်များ ကို သန္ဒိဋ္ဌိက ကိုယ်တိုင်တွေ့သိ ဖြစ်လာတဲ့အတိုင်း မှတ်ကျောက်တင်ခံသူဖြစ်တော့ ဘုရား၊ တရား၊ သံဃာတော်များအပေါ်မှာ မတုန်မလှုပ် ယုံကြည်လေးစားလာတယ်၊ ဘယ်သူဘာပြောပြော ခိုင်မြဲသော ယုံကြည်ချက် မပျက်တော့ဘူး ဒကာကြီးတို့ရ။
ဒကာ။ ။ မှန်ပါ့၊ ဒကာကြီးတို့တော့ ဗုဒ္ဓဘာသာ အစစ် အပိုင်းထဲ ၀င်စပြုလာသူဟု ဆိုရမည်လောက် ရိုးစွဲအမှားတွေ ပယ်ဖျောက်နိုင်လာပါပြီကော ဆရာတော်၊ ဆက်လက် ပြောကြားပါဦး ဘုရား၊ ဒကာကြီးတို့ အထူးပဲ စိတ်ဝင်စားပါတယ်။
ဆရာ။ ။ အင်း…. သူကိုယ်တိုင် ဘုရားထံမှာ၊ သို့မဟုတ် သံဃာတော်များထံမှာ ခံယူ ထားတဲ့ ငါးပါးသီလဟာလည်း မြဲလာတယ်၊ ဒါထက်ပိုပြီး ရှစ်ပါးသီလ ကိုးပါးသီလ ဥပုသ်သီတင်းများကိုလည်း စတင်သုံးလာတယ်၊ မိမိအား မုချကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့ ရတနာ အစစ်ဖြစ်သော သရဏဂုံ ၃ ပါးမှ အခြားတစ်ပါးသော ဗေဒင် နတ် ဘိုးတော် ၀ိဇ္ဇာ စတဲ့ ဗုဒ္ဓဘာသာ (သမ္မာဒိဋ္ဌိ) နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက်လောကကြောင်းသက်သက် တစ်ဖက်သတ် တစ်လမ်းသွား ဆရာကြီးတို့အား ကိုးကွယ် ဆည်းကပ်မှုလုပ်ငန်းများကိုလည်း ရပ်စဲ ပယ်စွန့် ထားလိုက်တယ်။
ထို့ကြောင့် ယင်းဆရာကြီးတို့ စေခိုင်းချက်(ဝေဒကျမ်းလာ) စွာရစတီ စန္ဒီ ဒေ၀ီ ရှရီ ရှရုံ ဥုံ အံ မန္တရားများကိုလည်း မရွတ်ဖတ်တော့ဘူး၊ ဓါတ်တက် ဓါတ်ဆင် ယတြာခွင်တွေလည်း မချေ မပတော့ဘူး၊ မယုံကြည် မကိုးစားတော့ဘူး။
ဒကာ။ ။ ဒကာကြီးတို့ နားထောင်လျက်မို့ ဆက်လက်မိန့်ကြားပါဦး ဆရာတော်။


ပိဋကတ် အဖျက်သမားတွေ
ဗုဒ္ဓဂုဏ်တော် အရဟံ အစစ်ရဲ့ ရှေ့နောက်ဝဲယာ ဥုံတွေ အောင်းတွေ သိဒ္ဓိတွေ ဘာ တွေ ညာတွေ ထည့်သွင်းကာ ဥုံ အရဟံ သိဒ္ဓိ စတဲ့ ပိဋကတ်တော်ဖျက်ဆီးမှု မိစ္ဆာသံတွေထည့် ပြီး မရွတ်ဖတ်တော့ဘဲ အရဟံဂုဏ်တော် သက်သက်ကိုသာ (အရဟံ၊ အရဟံ၊ အရဟံ-ဟု) သန့်ရှင်းဖြူစင်စွာနဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွားများသတိထားနေတော့တယ်။
မိမိစောင့်ထိန်းလုံခြုံတဲ့ (သီလာနုဿတိ) သီလဂုဏ်တော်၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းခဲ့ ဖူးတဲ့ (စာဂါနုဿတိ) ဒါနဂုဏ်စသည်တို့ကိုသာ အောက်မေ့သတိရကာ အကြိမ်ကြိမ် ပွားများ ၀မ်းသာနေတော့တယ်၊ ရတနာ ၃ ပါးမှတစ်ပါး အိမ်ပေါ် တင်ဆွဲကိုးကွယ်ထားစရာ တခြားဟာတွေကိုလည်း မရှာဖွေတော့ဘူး။
အဲဒီနည်းတွေနဲ့ အဆင့်ဆင့် တက်တက်ပြီး အထက်အထက်တရားတွေကို ဆက်လက် ကျင့်ဆောင်သွားတော့ကာ ဗုဒ္ဓဘာသာဝင် (သမ္မာဒိဋ္ဌိ) သူတော်စင်တို့ အိတ်ဝင် သပိတ်ဝင် မုချကိန်းသေပေါက် ရသင့်ရထိုက်တဲ့ အနှစ်သာရ အကျိုးဖလ သုခချမ်းသာမျိုးစုံတွေ ခုဘ၀မှာရော နောင်ဘ၀များစွာတို့အတွက်ပါ သုံးစားပေးကမ်းလို့ မကုန်နိုင်အောင် အရိပ်ပမာ ကိုယ့်နောက်ပါကာ ရယူခံစားနိုင်တာပေါ့၊ ကဲ- ရှင်းရဲ့လင်းရဲ့မိရဲ့လား ဒကာကြီးတို့။
ဒကာ။ ။ ဟာ…. ဆရာတော် ဟောပြောချက်တွေနဲ့ တပည့်တော်တို့ ပိုက်ကွန်ကွက် နားရွက်နဲ့ ထိလိုက် မိလိုက် လင်းလိုက် ထင်းလိုက်တာ ဆရာတော်၊ များစွာပဲ ရှင်းလင်းကျေနပ် မှု ရသွားပါပြီ။
ဗုဒ္ဓဘာသာဝင် သမ္မာဒိဌိသူတော်စင်အစစ်တို့ ရယူခံစားသင့်တဲ့ အနှစ်သာရ ချမ်းသာ သုခမျိုးစုံ ဆိုတာကို အနည်းငယ်လောက် ထပ်မံရှင်းပြမိန့်ကြားပါဦး ဆရာတော်။

ဗုဒ္ဓဘာသာဟာ အလုပ်သမား ကမ္မ၀ါဒ
ဆရာ။ ။ ကောင်းပြီ ဒကာကြီးတို့ကို တိုတိုနဲ့ ရှင်းပြမည် မှတ်သားပါ၊ ဗုဒ္ဓဘာသာဝင်အစစ်တို့ ရယူခံစားခွင့် အနှစ်သာရချမ်းသာသုခ အကျိုးဖလမျိုးစုံဆိုတာက သူ့သက်သက် အလိုလိုမိုးပေါ်က ကျလာတာမျိုးလည်း မဟုတ်၊ တစ်စုံတစ်ယောက်သော တန်ခိုးသိဒ္ဓိရှင်က စီမံဖန်ဆင်းပေးလို့ ရတာမျိုးလည်း မဟုတ်ဘူး၊ ဗုဒ္ဓဘုရားညွှန်ကြားစေခိုင်းချက်အတိုင်း……
ပုညံဝ သုခံ ဇနေတိ၊
အပုညံ ဒုက္ခံ ဇနေတိ။
တသ္မာ ပုညံဝ ကာတဗ္ဗံ၊
အပုညံ န စ ကာတဗ္ဗံ။
မိမိပြုလုပ်တဲ့ (စေတနာ) ကောင်းကံ၊ မကောင်းကံ၏ အကြောင်းအလိုက် ထိုက်တန်သလောက် ဖြစ်ပေါ်ခံစားရယူနိုင်မည့် ၀ိပါက်၊ ကောင်းကျိုးပေး မကောင်းကျိုးပေး သဘောပဲလို့ ကိုယ့်အလုပ်ကံကိုသာ စွဲမြဲယုံကြည်ထားရမှာ ဖြစ်တယ်။
ဗုဒ္ဓရဲ့ ဆိုလိုရင်း ထောက်ပြချက်က ကောင်းကံလုပ်ရင် ကောင်းကျိုးချမ်းသာသုခ အမျိုးမျိုးတွေ မုချရမည်၊ မကောင်းကံလုပ်ရင် မကောင်းကျိုး ဆင်းရဲ့ဒုက္ခ အမျိုးမျိုးတွေ မုချရမည်၊ ဒါကြောင့် ကောင်းမှုကုသိုလ် ပုညကိုလုပ်ပါ၊ မကောင်းမှု အကုသိုလ် အပုညကို မလုပ်ပါနဲ့ ဒါပဲ။
အဲဒါကို ကမ္မ၀ါဒီ အလုပ်သမားဝါဒလို့ ခေါ်တယ်၊ သူများကို အားမကိုးနဲ့ (အတ္တာဟိ အတ္တနော နာထော) ကိုယ့်ကိုယ်ကို အားကိုး၊ ကုသိုလ်တရားများ ကြိုးစားလုပ်ပါတဲ့၊ အဲဒါ ဗုဒ္ဓဘာသာဝင် အစစ်ပဲ။
ဒကာ။ ။ မှန်ပါ့ ဆက်လက်မိန့်ကြားပါဦး ဆရာတော်၊ ဗုဒ္ဓဘာသာဆိုတာ အလုပ်သမား ၀ါဒ ကိုယ့်အလုပ်ကံ၏ အကျိုးဖလ လုပ်ခရမှုကို ယုံကြည်အားကိုးတဲ့ ကမ္မ၀ါဒီသဘောကို ရိပ်စားမိကာ မှန်းဆနားလည်လာပါပြီ၊ ခုနက ပြတ်သွားတဲ့ စကားလက်စကို ဆက်မေးပါရစေ ဆရာတော် ခွင့်ပြုပါသလား ဘုရား။
ဆရာ။ ။ အင်း….ကောင်းပြီ၊ ခွင့်ပြုပါတယ်၊ လိုရာကိုမေးပါ၊ ဒကာကြီးတို့ဘာမှ အားနာမနေနဲ့၊ ဘာသာရေးရဲ့ သံသယများကို မေးသာမေးပါ၊ သိသလောက် ဖြေကြားပေးပါ့ မယ်။

သရဏဂုံ မတည်သူ၏ ဒါန၊ သီလ၊ ကုသိုလ်စုဟာ အကျိုးမရ
ဒကာ။ ။ စာမျက်နှာ (၉) ၁ နံပါတ် သရဏဂုံ ခံယူခြင်းမျှသာဆိုတဲ့ အခန်းမှာ သရဏဂုံ ၃ ပါး ဘုရား၊ တရား၊ သံဃာ ရဲ့ ဂုဏ်တော်များ၏ ကြည်ညိုစရာအနက် အဓိပ္ပါယ် သဘောသွားကို ဘာမျှမသိတဲ့ ယောင်ဝါးဝါး မှုံပြာပြာ ညာဒါဝါဒ ခံယူကာမျှသမားတွေ ခံယူ ဆောက်တည် ကျင့်သုံးနေကြတဲ့ သရဏဂုံ သီလနဲ့ ပေးလှူမှုဒါနမျိုးဟာ ဘာမျှအကျိုးမရှိ မရတော့ဘူးလား ဆရာတော်၊ အကျဉ်းမျှ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း…. သည်နေရာမျိုးမှာ ဗုဒ္ဓဘုရားက (န တံ ဟောတိ မဟပ္ဖလံ)တဲ့၊ အကျိုးမရှိဘူးလို့တော့ မဆိုရဘူး၊ အကျိုးသုခရသင့်သလောက် သူ့စေတနာကံနှင့် ထိုက်တန်ရုံ နည်းနည်းပါးပါးတော့ ရနိုင်ပါတယ်၊ ဗုဒ္ဓဘာသာဝင်အစစ်ရဲ့ သရဏဂုံအစစ် ခံယူထားခြင်းနှင့် ဆောက်တည်သောသီလ၊ ပေးလှူသောဒါနတို့လိုတော့ ကြီးကျယ်မြင့်မြတ်သော အကျိုးဖလ ကို အပြည့်အ၀ မရနိုင်ဘူးပဲ။


ဗုဒ္ဓဘာသာအစစ်ဆိုတာ ဤအတန်းအစားမျိုး
ဒကာ။ ။ ဗုဒ္ဓဘာသာဝင် အစစ်ရဲ့ သရဏဂုံ ခံယူပုံမျိုးနဲ့ အကျိုးအပြည့်အ၀ ခံစားရနိုင် ခြင်းတို့က ဘယ်လိုဟာပါလဲ ဆရာတော် နည်းနည်းလောက် ထပ်ရှင်းပြပါဦးဘုရား။
ဆရာ။ ။ စောစောက သရဏဂုံ ခံယူဆောက်တည်ပုံ လူတန်းစား ၂ မျိုးထဲက ၂ နံပါတ် လူတန်းစားအရ သရဏဂုံကို ယုံကြည်လေးစား ပွားများခြင်း ကဏ္ဍမှာ အသင့်အတင့် ပြောပြခဲ့တဲ့အတိုင်း -
ဧ၀ံ ဗုဒ္ဓံ သရန္တာနံ ဓမ္မံ သံဃဉ္စ
ဘိက္ခဝေါ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ
လောမ ဟံသော န ဟေဿတိ။
ယင်းသရဏဂုံ အစစ်အမှန်ကို ခံယူဆောက်တည်ကျင့်ထားသူက ဤသို့ နတ်၊ သိကြား၊ ၀ိဇ္ဇာ၊ အထက်ဆရာကြီးများ မဖက်ဘဲ ရတနာ ၃ ပါး၏ ဂုဏ်တော်သက်သက်ကိုသာ ကိုးစားယုံကြည် စွာ အောက်မေ့ပွားများနေရင် ဘေးရန်မထိ ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိ၊ ကြက်သီးမွေး ညင်းထခြင်းတောင် မဖြစ်နိုင်ဟု…ဓဇဂ္ဂသုတ္တန်မှာ ပဋိညာဉ်ဝန်ခံချက်ဖြင့် မြတ်ဘုရားမိန့်ကြား တော်မူခဲ့သည်ကို ယုံကြည်စွာသိထားတဲ့အတိုင်း သရဏဂုံ ၃ ပါးအပေါ်မှာသာ မယိမ်းမယိုင်ဘဲ တည်ခိုင်ငြိမ်သက်စွာ အဟုတ်တကယ်ယုံကြည်စိတ်ထားတယ်၊ အခြား နတ်၊ ၀ိဇ္ဇာ၊ ဘိုးတော်၊ မယ်တော် စသည်တို့ကို ကိုးကွယ်ပသမှု စိတ်မ၀င်စားတော့ဘူး၊ အမျှပေးဝေခြင်းနဲ့ မေတ္တာတ ရားတော့ ပွားများပို့သတယ်။
သူ့စိတ်ဓါတ်ကိုက လောက၌သန့်စင်မွန်မြတ်ခြင်းတို့၏ အတုမရှိအထွတ်ဆုံး အထိပ် ဆုံးဖြစ်သော ဗုဒ္ဓ၏တရားမြတ် ဓမ္မရတနာကို ရိုသေစွာ ခံယူလိုက်နာသုံးစွဲ ကျင့်ကြံခြင်းကသာ အခက်အခဲဟူသမျှတို့ကို အောင်မြင်နိုင်မယ်၊ ခုဘ၀ရဲ့ ကောင်းကျိုးချမ်းသာနဲ့ ဘ၀တစ်ပါးရဲ့ ကောင်းကျိုးချမ်းသာတို့ကိုလည်း မုချပေးစွမ်းနိုင်တယ်၊ ဘ၀ရဲ့ငြိမ်းအေးချမ်းသာရာ နိဗ္ဗာန် အထိ အဟုတ်တကယ် ပေးစွမ်းရရှိနိုင်မှာလည်း ဖြစ်တယ်လို့ တထစ်ချ ယုံကြည်ကြိုးစားပြု လုပ်ထားတယ်။
ရှောင်ကြဉ်ရမည့် ရှေးကအယူဝါဒစွဲ ပွဲပြင်၊ ပွဲထိုး၊ ဘိုးဘိုး၊ မနှဲ၊ သရဲ၊ ဘီးလူး၊ နတ်ပူး၊ ဗေဒင်၊ ဓါတ်ဆင်၊ ဓါတ်ရိုက်တို့ကိုလည်း မလိုက်စားတော့ဘူး၊ ရှောင်ကြဉ်ထားလိုက်ပြီ။
အမြင်အကြားရဲ့ အပေါ်၌ ကောင်းစွဲ၊ မကောင်းစွဲ၊ မင်္ဂလာ အမင်္ဂလာ အတိတ်နမိတ်စွဲ တို့ကိုလည်း မယူစွဲ မယုံကြည်တော့ဘူး၊ ရှောင်ကြဉ်လိုက်ပြီ။
ပြဿဒါး၊ ရက်ရာဇာ၊ ဇာတာ၊ စန်၊း လဂ်၊ ဂြိုဟ်စီး၊ ဂြိုဟ်နင်း တြင်းန၀င်း ၀ါရမိတ္တုတို့ကိုလည်း မရွေးချယ် မစိစစ်တော့ဘူး၊ ရှောင်ကြဉ်လိုက်ပြီ။
ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ စတဲ့ တန်ခိုးရှင်တို့ရဲ့ ဖန်ဆင်း မ စ ကယ်တင်ပေးမှုကို တောင့်တ ကိုးစားခြင်းနဲ့ ယုံကြည်ချက်တို့ကိုလည်း တစ်ခါတည်း အမြစ်ပြတ် တော်လှန်ပစ်လိုက်တယ်၊ ရှောင်ကြဉ်လိုက်တယ်။

ကိုယ်ဘုန်းကံသာ ကိုယ်ယုံကြည်တဲ့ သမ္မာဒိဌိသမားကြီး
သူတို့ကို မေတ္တာပို့ အမျှဝေခြင်းမှတစ်ပါး ရုပ်ပုံတွေကို ဘုရားရဲ့ အောက်ဆွယ်နားက ထားပြီး သီးခြားကိုးကွယ်မှုမပြုတော့ဘူး၊ မိမိကိုယ်တိုင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ကိုးစား ဆည်းကပ်လိုက်နာ ကျင့်ကြံပွားများ ပြုလုပ်အားထုတ်မှု မိမိပိုင်ကုသိုလ်ကံ၏ ဘုန်းတန်ခိုး ကြောင့်သာ ထိုထိုလူနတ်ဝိဇ္ဇာတို့က မိမိအား ကြည့်ရှုစောင့်ရှောက် ၀ိုင်းဝန်းကူညီ မ စ ပေးရ တာပဲဟု မိမိရဲ့ဘုန်းကံအမှန်ကို ယုံကြည်ဆုံးဖြတ်ကာ ရတနာ ၃ ပါးမှတစ်ပါး အခြားအားထား ကိုးကွယ်စရာ မရှာတော့ဘူး၊ သမ္မဒိဋ္ဌိ ဗုဒ္ဓဘာသာအစစ် ဖြစ်သွားပြီး၊ အမှားတွေ ရှောင်ရှားပစ် လိုက်ပြီ။
အမှန်တရား အပြည့်အစုံ ဆောင်ယူထားရမည့် ငါးပါးသီလနဲ့ ပြည့်စုံတယ်၊ ဘ၀သံသရာ၌ ကောင်းစားချမ်းသာ ပျော်ပါးစံစားစရာဟု အမှားသိ အ၀ိဇ္ဇာနှင့် သာယာ ခင်မင် လိုချင်တွယ်တာ ဆာလောင်စွဲလမ်းမှု သမုဒယသစ္စာ တဏှာ၊ ဥပါဒါန်တို့ စေခိုင်း စီမံပုံကာမဂုဏ် တို့ကိုလည်း ဒုက္ခသစ္စပဲဟု မလိုချင် မတောင့်တ၊ မစွဲလမ်း၊ မရှာမှီးတော့ဘူး။
သူလုပ်သမျှ ကုသိုလ်ကံတွေဟာ သင်္ချိုင်းကုန်းမှလွတ်ထွက်ရာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရ ရောက်ရေး ဥဇုပ္ပဋိပန္န တစ်လမ်းတည်းကိုသာ ဆန္ဒပြုလျက် ဖြောင့်တန်းစွာ သွားတော့တယ်၊ အဲဒါတွေဟာ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိအစစ်ဖြစ်သူ (သဒ္ဓါနုသာရီ) ပုဂ္ဂိုလ်တို့ရဲ့ သရဏဂုံ ယုံကြည် ဆောက်တည် ကိုးစားနည်းပါပဲ။
ဒကားကြီးတို့လည်း သမ္မာဒိဌိ ဗုဒ္ဓဘာသာအစစ် ဖြစ်အောင်လုပ်ပါ၊ အုတ်အရောရော ကျောက်အရောရော မလုပ်ပါနဲ့၊ အဲဒါဟာ စစ်မှန်တဲ့ သမ္မာဒိဌိပဲ။

ဗုဒ္ဓဘာသာဟာ သောတာပန်လား
ဒကာ။ ။ သည်လို ဗုဒ္ဓဘာသာသမ္မာဒိဋ္ဌိ အစစ်ဖြစ်သူရဲ့ သရဏဂုံခံယူ ဆောက်တည် ကိုးစားနည်းနဲ့ ပြည့်စုံတဲ့သူဟာ အပါယ်လေးပါး မလားတော့ဘူးပေါ့၊ ဓမ္မကထိကတွေ ဟောကြားနေတဲ့ သောတာပန် ဖြစ်ကရောလား ဆရာတော်။
ဆရာ။ ။ အင်း… အပါယ်လေးပါး မလားတာက နောက်တစ်ဘ၀အတွက်သာ ဖြစ်တယ်။
ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယ ဘူမိံ။
လို့ ဘုရားဟော စကားတော်အတိုင်း အပါယ်လေးပါး မလားမစိုင်းတဲ့ စူဠသောတာပန် အပိုင်း သဒ္ဓါ နုသာရီ ပုဂ္ဂိုလ်အနေအထား သောတာပန်အသေးစား အဆင့် အတန်းမှာသာ တည်နေသေးတယ်၊ တရားဝင် အာမခံ သောတာပန် အစစ်ကြီးတော့ မဟုတ်သေးဘူး၊ သရဏဂုံ မမြဲသေးတဲ့ သမ္မာဒိဋ္ဌိ ပုဂ္ဂိုလ်ကလေးလောက်ပဲ ရှိနေသေးတယ်၊ ယင်းသရဏဂုံက ခု ဘ၀မြဲပေမယ့် နောင်ဘ၀အတွက် ပျက်စီးဖွယ်သဘောကို ဆောင်နေတယ် မခိုင်မြဲဘူး။

ဓမ္မာနုသာရီ ပုဂ္ဂိုလ်
ဒကာ။ ။ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်ထက် ရင့်ကျက်မြင့်တက်ဂုဏ်မောက်သော အတန်းအစား အဆင့်ဆင့် ပုဂ္ဂိုလ်များကော ရှိပါသေးသလား ဆရာတော်၊ ရှိရင် သိပါရစေ ဘုရား။
ဆရာ။ ။ ဟာ.. ရှိတာပေါ့၊ သူထက်မြင့် အဆင့်ရှိသူက ဓမ္မာနုသာရီ တဲ့၊ သူကတော့ သဒ္ဓါ နုသာရီလို သရဏဂုံ ၃ ပါး အပေါ်မှာ ယုံကြည်လေးစားမှု အပြည့်အ၀ရှိရုံတင်မကဘူး လောက၌ အဟုတ်အမှန်ရှိ တရားကြီး ၄ ပါးခေါ်တဲ့ သစ္စာ ၄ ပါးကိုလည်း လေ့လာလိုက်စား နာယူစစ်ဆေးတယ်၊ ရုပ် နာမ် ဓမ္မတို့ရဲ့ သဘောမှန်ပြတဲ့ စာပေတို့ကို အဖန်ဖန်ကြည့်ရှုသုံးသပ် ဖတ်၊ မှတ်တယ်၊ အို နာ သေ ထွက် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ရ ရောက်ရေးစခန်း ၀ိပဿနာလုပ်ငန်း ရိပ်သာကိုလည်း ၀င်ရောက်ကာ ပိဋကတ်စာပေတတ် ဆရာသမားက ပေးအပ်စေခိုင်းတဲ့ တရားမှန်အတိုင်း ကြိုးစားပွားများ အားထုတ်နေတယ်၊ ဒါကြောင့် သူ့ကို ဓမ္မာနုသာရီ ပုဂ္ဂိုလ်မြတ်လို့ ခေါ်တယ်။

အရန် သောတာပန် အဆင့်
ဒါပေမယ့် သူကတော့ ဥပဒေစည်းကမ်းထဲဝင်တဲ့ အရန်သောတာပန် အဆင့်လောက်ပဲ ရောက်သေးတယ်၊ သောတာပန်အစစ် မဟုတ်သေးဘူး၊ ၀ိပဿနာဓမ္မကိုတော့ ပွားများရှုမှတ် ဆဲပဲ အလျှော့မပေးဘူး။

အရိယာဝင် သောတာပန်အဆင့်
သူဟာ အဲသည်လို ၀ိပဿနာတရားကို မနေမနား ကြိုးစားပွားများရင်း အားထုတ်ရင်း က
ဉာဏ်စဉ်တွေ ရင့်ကျက် တိုးတက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုကာ သောတာပန်အစစ်ဖက် ကို ရောက်သွားတော့တာပဲ၊ အရိယာပုဂ္ဂိုလ်မြတ် ဖြစ်သွားပြီ။
အဲသည်နောက် ၀ိပဿနာဓမ္မကိုပဲ ထပ်မံပွားများရင်း ဉာဏ်စဉ်တွေ ရင့်ရင့်ပြီး အဆင့်ဆင့် သကဒါဂါမ်၊ အနာဂါမ်၊ ဈာန်အဘိညာဉ်မရတဲ့ သူလို ငါလို ရိုးရိုး သုက္ခ၀ိပဿနာက ရဟန္တာမျိုး၊ တန်ခိုးတွေအမျိုးမျိုးဖန်ဆင်းနိုင်တဲ့ ပကတိသာဝက ဆဠဘိည ရဟန္တာမျိုး၊ မဟာသာဝကမျိုး၊ အဂ္ဂသာဝကမျိုး၊ ပစ္စေကဗုဒ္ဓါမျိုးနဲ့ သဗ္ဗညုမြတ်စွာဘုရား သခင်အထိ အဆင့်အဆင့်တွေဟာ (ဓမ္မာနုသာရီတို့၏) ၀ိပဿနာ တရားမှန်ကို အတန်တန် မရပ်မနားဘဲ အထပ်ထပ်ပွားများ အောက်မေ့ဆင်ခြင်ပြီး တက်တက်သွားကြလျက် သူ့ထက်သူ တန်ခိုးကြီး အစွမ်းကောင်းဉာဏ်ရင့်တဲ့ အဆင့်ဆင့် ပုဂ္ဂိုလ်မြတ်တွေပဲ ဒကာကြီးတို့။

ဒကာကြီးတို့ရဲ့ အဆင့်အတန်း ကကော
ကဲ… ဒကာကြီးတို့လည်း ခုပြောပြပြီးခဲ့တဲ့ အဆင့်အတန်းတွေထဲမှာ သောတာပန်ရဲ့ မိတ်ဆွေ အရန်သောတာပန်ဝင် အဆင့်အတန်းကစပြီးတော့ ဘယ်အဆင့်အတန်းလောက်များ ရောက်နေပြီလဲ မှန်မှန်ပြောစမ်းပါဦးလေ။

သရဏဂုံတည် ဥပါသကာအစစ်ကား ရှားပါးလှ၏
ဒကာ။ ။ အမှန်လျှောက်ထားရရင် ဆရာတော်နဲ့ မတွေ့ခင်ကတော့ ငါဟာတော်တော် ဟုတ်နေပြီ၊ စူဠသောတာပန်အဆင့်လောက်တော့ ရောက်နေတာပဲလို့ ကိုယ့်ကိုယ်ကို အထင် ကြီးခဲ့တာ ခုတော့ကာ ဣတိပိ သောဘဂ၀ါ အတန်းအစား တောင် ကျေပွန်လုံလောက်အောင် မရောက်သေးမှန်း သိရပါတယ် ဆရာတော်။
အခုဆရာတော် မိန့်ကြားသင်ပြသွားတဲ့ သရဏဂုံ ရှင်းတမ်းတရားမှန်း အတိုင်းသာဆို ရင် မြန်မာပြည်မှာ သရဏဂုံတည် ဥပါသကာအစစ်ဟာ ဖျစ်ဖျစ် မြည်အောင်ရှာမှ- ရှားနေတော့ မှာပဲ ဆရာတော်၊
နတ်၊ ၀ိဇ္ဇာ၊ ဗေဒင်၊ ဓါတ်ရိုက်၊ ဓါတ်စီး၊ ဓါတ်ဆင်တွေနဲ့ဖက်တွဲပြီး စိပ်ပုတီးကြီး လည်ပင်းဆွဲကာ သရဏဂုံတောထဲ ၀င်ရောမွှေနှောက် ခံယူနေကြတာတွေသာ များတာ သိရပါတယ် ဆရာတော်။
ဆရာ။ ။ အင်း…. ရှားပါးဆို အတိုင်းမသိ တန်ဖိုးရှိတဲ့ ဗုဒ္ဓသာသနာ ရတနာအစစ်အမှန် ကို ဘုန်းကံပါရမီကြီးမားတဲ့ ဘုန်းရှင် ကံရှင် ပညာရှင်များသာ ယုံကြည်စိတ်ချစွာနဲ့ ဆည်းကပ်မှီဝဲ သုံးဆောင်ခံစားနိုင်တယ်လို့ မြတ်စွာဘုရားသခင်က -
သာသနေ ပုည၀န္တဿ၊
ပုည၀န္တာဝ လာဘိနော။ လို့ ဟောကြားမိန့်မှာထားခဲ့တယ် ဒကာကြီးတို့ရဲ့၊ ဒါ ကြောင့် ဒကာကြီးတို့လည်း ဘုန်းကံရှင် ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်အောင် သရဏဂုံ ၃ ပါးမှ လွဲချော်ပြီး နတ်စွဲ ဘိုးတော်စွဲ ၀ိဇ္ဇာစွဲ ဘာဂိုဏ်း ညာဂိုဏ်းဆိုတဲ့ (အညတိတ္ထိယ) အခြားဝါဒစွဲ တွေ မလိုက်စားမယုံကြည်တော့ဘဲ သာသနာတော်နဲ့ တွေ့ကြုံတဲ့အခါ…
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ။
ဘုရား တရား သံဃာ ရတနာ ၃ ပါးသည်သာ ငါ၏ကိုးစားအားထားရာအစစ်ဖြစ်၏။ ရတနာ ၃ ပါးမှ အခြားသော ကိုးစားစရာ အည၀ါဒ ငါ့မှာမရှိ ဟု သရဏဂုံ ၃ ပါးကို ရင်ထဲနှလုံး ထဲမှာ အမြဲထားပြီး မြတ်ဘုရား လိုလားနှစ်သက်တော်မူတဲ့ ၀ိပဿနာတရားကိုသာ ကြိုးစား ပွားများ အားထုတ်ပါ။
အိုရ နာရ သေရ စိုးရိမ်ပူဆွေး ငိုကြွေးရသော ဆင်းရဲစုတို့ပြည့်နှက် နှိပ်စက်ခြင်းရှိနေတဲ့ မိမိသွားနေကျ အနိစ္စ ဒုက္ခ သင်္ချိုင်းကုန်းလမ်းမကြီးထဲမှ ဖဲထွက်ရှောင်ရှားလျက် ဆင်းရဲခြင်းလုံး ၀မရှိ၊ ပကတိငြိမ်းချမ်း အေးမြသာယာခြင်းရှိနေတဲ့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် နိစ္စ၊ သုခလမ်းကို လှမ်းတက်ရယူခံစားဖို့ အရွယ်ရောက်နေပြီနော်။ ဒါကြောင့် သေမင်းမလာခင် ဥပါသကာလုပ်ငန်းကို မြန်မြန်ဝင်စမ်းပါ၊ ၀ိပဿနာလက်နက်ဖြင့် သေမင်းရဲ့ဒဏ်ချက်ကို ချိုးဖျက်တော်လှန် လိုက်စမ်းပါလို့ ရှေးဦးစွာတိုက်တွန်း သတိပေးပါတယ်။
နောက်တစ်ချက် သတိပေးချင်တာက ဒကာကြီးတို့အိမ် ဘုရားခန်းနားမှာ တရိုတသေ ပြင်ဆင်လျက် ဝေဒကျမ်းအရ ဗြဟ္မဏဘာသာဝင် ပုဏ္ဏားတို့ ပူဇော်ပသ ကိုးကွယ်ကြတဲ့ ဗေဒင် ၄ ပုံဆောင် သူရဿတီ မယ်တော်ကြီးပုံတို့၊ အိမ်ထဲမှာဆွဲပြီး ပိတ်ဖြူပိတ်နီ ပတ်စီးထားတဲ့ အုန်းသီးတို့၊ ယပ်ဝန်းတို့၊ ၀က်သားမစားတဲ့ ကုလားအဆက်အနွယ် မင်းကြီး မင်းကလေးပုံတို့၊ ထန်ရေခါး အရက်နဲ့ပျော်တဲ့ ဦးမင်းကျော်တို့၊ မြင်းဖြူရှင်တို့ ရုပ်ပုံကားတွေကို ဖယ်ရှားပြီး ဘိုးတော်သိကြားနဲ့ နတ်ကြီးလေးပါး၊ ၀ိဇ္ဇာရှစ်သောင်း၊ ပထမံသိဒ္ဓိရှင် ဆရာအပေါင်းတို့ဖို့ ဇလုံကြီးတွေနဲ့ ပြင်ထားတဲ့ အုန်း၊ ငှက်ပျောပွဲတို့ကို ရတနာ ၃ ပါးအတွက် ပြောင်းလဲချက်ပြုပေး လိုက်ရင် တစ်ခုတည်းသော ဗုဒ္ဓဘာသာဝင် အစစ်၊ သန့်ရှင်းဖြူစင်တဲ့ သမ္မာဒိဋ္ဌိ ဥပါသကာကြီး တွေ ဖြစ်သွားမှာပေါ့၊ ဒကာကြီးတို့ရဲ့။ ကဲ… ဘယ့်နဲ့လဲ လုပ်ဝံ့ပါ့မလား။
နတ်မကိုင်ခင် သူတို့က အရင်ကိုင်မှာ
ဒကာ။ ။ အိမ်ဦး ဘုရားခန်းနားမှာ အထက်ဆရာကြီးပွဲ နတ်ပွဲအတွက် နံ့သာရေတွေ ပက်ပြီး ပြင်ထားတဲ့ အုန်းငှက်ပျောပွဲတွေကို တစ်ခုတည်းသော ဗုဒ္ဓမြတ်စွာဘုရားပွဲအတွက် ပြောင်းလဲမှုပြုလိုက်ရင် အိမ်ကဒကာမကြီးနဲ့ တပည့်တော်လည်း နောင်ဂျိန်ထိုးအိုးစားကွဲမှာတော့ သေချာပေါက်ပဲဆရာတော်၊ သူတို့ကိုလည်းကြောက်ရ၊ ငဲ့ရသေးတယ်ဘုရား၊ မလွယ်ဘူး နော်၊ နတ်မကိုင်ခင် သူတို့က အရင်ကိုင်မှာဆရာတော်။

ဘာသာရေး အစွဲကား ခိုင်မြဲလှ၏
ဆရာ။ ။ အင်း ဘာသာကိုးကွယ်ရေး အစွဲဆိုတာကလည်း စွဲထားမိရင် ဖြေရှင်းနိုင်ဖို့က တော်တော်ခက်တယ်လေ၊ အမှန်ဘက်ကို မရောက်နိုင်တော့ဘူး၊ အလွန်ခိုင်မြဲတယ်။ ဒါကြောင့် ဘာသာရေး၌ ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်ကြောင်းနှင့် နိုင်ငံတော်အခြေခံဥပဒေက လုံးဝခွင့်ပေးထားရတာပေါ့။
ရှင်သာရိပုတ္တရာတို့ ညီအစ်ကိုမောင်နှမတွေ အိမ်လုံးကျွတ်အကုန်လုံး ဗုဒ္ဓဘာသာအစစ် ရဟန္တာကြီးတွေ ဖြစ်သွားတာတောင် သူတို့မယ်တော်(ဒေါ်သာရီ)ကြီးက ဘုရား တရား သံဃာ သရဏဂုံ ၃ ပါးကို အလကားထင်နေတာ မှားသော အယူဝါဒတွေတဲ့။
ဗြဟ္မာတို့ ဘိုးတော်သိကြားတို့ နတ်မင်းကြီးတို့ကိုပဲ သူတို့စီမံဖန်ဆင်းပေးလို့ လူလာဖြစ် ရတာ၊ သူတို့ချီးမြှောက် စောင့်ရှောက်လို့ ချမ်းသာနေရတာပဲ ဟု အစွဲအထင်ကြီးကာ ကိုးကွယ် ဆည်းကပ်နေတာပဲ၊ ဘုရားကို လုံးလုံးမယုံကြည်ဘူး၊ ဒါကြောင့် အိမ်ကဒကာမကြီးရဲ့ အစွဲအမှားတွေကိုလည်း ခွင့်လွှတ်ထားလိုက်ပါတယ်လေ၊ ဖြည်းဖြည်းနားဝင်အောင် ဆွဲဆောင်ကယ်တင်ပေးပေါ့၊ ယုံကြည်စိတ်ချစရာ ရတနာအစစ်တွေ တွေ့နေမှပဲဟာ အတုတွေဘာလုပ်စရာလဲ၊ စိတ်မှမချရတဲ့ဥစ္စာကို ယုံကြည်ကိုးစားအားထား မနေနဲ့ပေါ့။

သာသနာကို ဓါးကိုင်ပြုလို့ မခိုင်မြဲနိုင်ချေ
ဒကာ။ ။ မှန်ပါတယ် ဆရာတော်၊ ဘာသာရေးအစစ်အမှန်ဆိုတာက ခြောက်လှန့်ကြိမ်း ၀ါး ဓါးကိုင်ပြီး ကျမ်းစာအုပ်ပေးလို့ယူရင် ခဏပါပဲ၊ ဓါးကြောက်လို့ ခံယူလိုက်နာကျင့်သုံးနေရ တာ၊ ပညာဆင်ခြင်ဉာဏ်နဲ့ ဝေဖန်မှုပြုလာတဲ့အခါကျတော့ အမှန်ဘ၀ရယူသွားမှာ သေချာပါ တယ်။
ဗုဒ္ဓဘာသာက ချစ်ခင်ခြင်း မေတ္တာ၊ သနားခြင်း ကရုဏာ၊ သည်းခံခြင်း ခန္တီတရားတို့ကို လက်ကိုင်ထားပြီး ပြုစုပျိုးထောင်ပေးရမှာမို့ သိမ်မွေ့သန့်ရှင်း နူးညံ့လှပါတယ်၊ ဒါကြောင့် အိမ်က ဒကာမကြီးကို ပညာပါရမီ မရင့်သေးခင် ခွင့်ပေးထားခြင်းပဲ ဖြစ်ပါတယ် ဆရာတော်။

သူရဿတီမယ်တော်ဆိုတာ ပိဋကတ်တော်မှာ ပါသလား
လက်စနဲ့မေးချင်တာက ခုနဆရာတော်မိန့်ကြားသွားတဲ့ စကားထဲမှာ သူရဿတီ နတ်သမီးကြီးကို ( ဗေဒင် ၄ ပုံဆောင် သူရဿတီမယ်တော်ကြီးပုံတို့) လို့ ကြားသိမှတ်သားမိလိုက် ပါတယ်၊ သူရဿတီ မယ်တော်ဆိုတာက ပိဋကတ် ၃ ပုံဆောင် သိဒ္ဓိရှင်မကြီး ဖြစ်တယ်၊ လူသားတို့လိုရာကို အပြီးတိုင်စောင့်ရှောက် ဆောင်ရွက်ပေးနိုင်တယ်လို့ ယုံကြည်ကိုးကွယ်ကြ တာ မဟုတ်ပါလား ဆရာတော်၊ သည်အကြောင်းတွေ ဘုရားဟောကျမ်းစာမှာ မပါဘူးလား ဘုရား၊ သိပါရစေ။
ဆရာ။ ။ ဘုရားဟောကျမ်းစာ ပိဋကတ်တော်မှာ သူရဿတီ မယ်တော်မပါဘူး၊ ဟိန္ဒူ ဗြာဟ္မဏများကို မလှုပ်နိုင်အောင် အရိုးစွဲချည်တုတ်ထားတဲ့ ဝေဒကျမ်းမှာလာတာတွေသာဖြစ်တယ်၊ ဝေဒကျမ်းအချုပ်ကတော့ နတ်ပူဇော်တဲ့ကျမ်းပဲ၊ နတ်တွေက မဟေသရ သိဝ ကရိရှဏ ဗိဿနိုး ဣန္ဒ ၀ရုဏ ပရာဝတီ သူရဿတီ စန္ဒ စတဲ့ နတ်တွေပေါ့၊ ရွာစောင့်နတ် ဘဂ၀တီအထိ သူတို့ကိုးကွယ်ပူဇော်ကြတယ်၊ ဘယ်က ပိဋကတ် ၃ ပုံဆောင် ဟုတ်ရမှာလဲ၊ ဗေဒင်ကျမ်း ကလာတဲ့ နတ်သမီး ဒေ၀ီတစ်ပါးပဲ၊ သူတို့ပူဇော်ဖြစ်အောင် ပိဋကတ်တော်နဲ့ ဆွေမျိုးစပ်ပြီး နားလှည့်ပါးလှည့်နဲ့ ဗုဒ္ဓဘာသာ အစစ်ထဲရောနှော ရိုက်သွင်းလိုက်တာ ဒကာကြီးတို့ရ၊ ဗုဒ္ဓဘာသာ နဲ့ တခြားစီပဲဟာ။
ဒကာ။ ။ ဆက်လက်မိန့်ကြားပါဦး ဆရာတော်၊ သိပါရစေဦး ဘုရား။

ဘုရားကိုးဆူ ကျွေးသလိုဟာမျိုးပဲ
ဆရာ။ ။ ဒကာကြီးတို့ ဘုရားကိုးဆူ ကျွေးသလိုပေါ့၊ နာမည်ခေါ်ပုံကိုကစပြီး လွဲချော် နေတာ၊ ဘုရားက ဂေါတမဗုဒ္ဓ တစ်ဆူတည်း၊ ဘေးက ရှင်သာရိပုတ္တရာစတဲ့ ရဟန္တာရှစ်ဆူရန် ထားတာကိုပဲ ဘုရားကိုးဆူလို့ ခေါ်ဆိုနေကြတာ၊ ရတနာ ၃ ပါးသက်သက်တင် မဟုတ်သေးဘူး၊ နတ်ရုပ်တွေရော ဂြိုလ်ကောင်တွေပါ ရှုပ်လို့။ ယင်းတို့အတွက် ဖက်စိမ်းခွက်တွေနဲ့ထည့်ရ ပြင်ရသေးတယ်၊ ဘုရားကို ဖက်ခွက်နဲ့ ကပ်ကောင်းလို့လား၊ မဟုတ်တရုတ်တွေပဲ၊ ကိုယ်ပိုင် ဉာဏ်နဲ့ ဆင်ခြင်ကြည့်ပေါ့လေ။
ကဲ….ဥပါသကာအစစ်ဖြစ်ဖို့ သမ္မာဒိဌိ လုပ်ငန်းက အရာကျယ်တယ်၊ နက်ရှိုင်းတယ်လို့ ပြောခဲ့တဲ့အတိုင်း ဥပါသကာရဲ့ ဂုဏ်အင်္ဂါတွေက ၅ ပါး၊ ၇ ပါး၊ ၁၀ ပါး စသည်များစွာရှိသေး တယ်။ နောက် ဥပါသကာ လိုက်နာစရာ အကြောင်းခြင်းရာတွေလည်း ပိဋကတ်တော်စာပေမှာ များစွာရှိသေးတယ်၊ အဲဒါတွေ သိချင်၊ ကြည့်ချင်ရင် သုတေသန သရုပ်ပြအဘိဓါန်ကြီး ရဲ့ ဥ- အက္ခရာပိုင်းမှာ ရှာကြည့်လေ့လာပေတော့လေ။
ကဲ…. ကျေနပ်လောက်ပါပြီနော်၊ နောက်ကိုလည်း သာသနာတော်နဲ့စပ်တဲ့ သံသယ အမည်းစက် မေးစရာအချက်ကြီးရော အချက်ကလေးတွေပါ မေးချင်တာရှိရင် လာရောက်မေး နိုင်ပါတယ်။
ဒကာ။ ။ မှန်ပါ၊ ယနေ့ ဆရာတော်နဲ့ လာတွေ့ဆွေးနွေးမေးမြန်းရတာ ကောင်းသော တွေ့ခြင်း မင်္ဂလာပါပဲ ဆရာတော်၊ ဒကာကြီးတို့ကိုလည်း ယနေ့ကစ၍ ဟိုအယူအစွဲတွေကို ပြောင်းလဲတော်လှန်ပစ်ကာ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိအစစ် ဖြစ်သွားသူတွေလို့သာ မှန်တော်မူပါ ဘုရား။
ဆရာတော်အား ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပါတယ်၊ လိုရာကို မိန့်တော်မူပါဆရာတော်၊ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာတော်မြတ်ကို စောင့်ရှောက်ပြုစုနိုင်ပါစေ၊ ၀မ်းသာစွာပဲ ကျေးဇူးတင်လှပါတယ် ဆရာတော်။

ဆရာတော်ဦးသြဘာသနဲ့ ဆက်ရင် ပျက်တော့မှာပဲတဲ့
ဆရာ။ ။ အင်း.. ကျေးဇူးတင် ဆိုတာကတော့ (နွားပြာကြီးအကြောင်းသိရင် အသား တောင် မစားချင်ဘူးဆိုတာလို) လူအများနှစ်သက်ချင်နှစ်သက် မနှစ်သက်ချင်နေ၊ မှန်ကန်ပြီး အကျိုးစီးပွား ချမ်းသာသုခရမည့်စကားဆိုရင် ပြောသာပြော ဟူသော သုဂတောဂုဏ်တော်အရ ဘွင်းဘွင်းရှင်းရှင်း ပြောချတဲ့သူမျိုးကို ဘောက်၊ ဘု ကျတဲ့ ဂွသမားလို့ အနားတောင် မကပ် လာဘူး ဒကာကြီးတို့ရဲ့၊ ကျေးဇူးတင်ဖို့တော့ ဝေးရော။
ဒကာ။ ။ မှန်ပါ့၊ တချို့ ဘိုးတော်သိကြားမင်းနဲ့ နတ် ဘိုးဘိုးအောင် စတဲ့ အထက်ဆရာကြီးတွေကို ဘုရားစင်နားမှာထားပြီး ကိုးစားယုံကြည်သူ ရှင်လူတို့ကတော့ ဆရာတော်ဦးသြဘာသနှင့် ဆက်ရင် ပျက်တော့မှာပဲလို့ ပြောကြတယ်၊ ဒကာကြီးတို့ကတော့ ဘုရားဟောတရားတော်မှန်ကန်ပြီး အကျိုးစီးပွားများရင် သီးခြားသန့်သန့် မှတ်သားလိုက်နာ ကိုးကွယ် ဆည်ကပ်တဲ့သူတွေပါ ဆရာတော်၊ အုတ်အရောရော ကျောက်အရောရော ယော ဆရာမျိုးထဲက မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာ သမ္မာဒိဌိ စစ်စစ်တွေ ဖြစ်လာကြပါပြီဘုရား။
ဆရာ။ ။ အင်း… သည်လူမျိုးသေရင် အနည်းဆုံး နတ်ပြည်တော့ရောက်မှာပဲ၊ ဟိုတင်း ဟိုဟာတွေ မပါတဲ့ ဗုဒ္ဓဘာသာစစ်စစ်သာဖြစ်အောင် ကြိုးစားကြပေတော့၊ ကဲပြန်နိုင်ကြပါပြီ၊ ကျန်းမာချမ်းသာကြပါစေ။

ဤမှာပင် ဥပါသကာ အစစ်အမှန် မေး ဖြေခန်း ပြီး၏။

No comments: