သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, June 24, 2010

ရဟန္တာ ဖြစ်နေမှပဲဟာ ဘာ့ကြောင့် ငါဟာ ရဟန္တာလို့ မပြောကောင်းတာလဲ

ရဟန္တာ ဖြစ်နေမှပဲဟာ ဘာ့ကြောင့် ငါဟာ ရဟန္တာလို့
မပြောကောင်းတာလဲ
ဒကာ။ ။ အရိယာအစစ် အဟုတ်ဖြစ်နေတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဟာ အရိယာအစစ် အဟုတ်ဖြစ်နေမှပဲဟာ ဘာ့ကြောင့် အရိယာလို့ မပြောကောင်း မပြောရတာလဲ ဆရာတော်။
အရိယာက ငါဟာ အရိယာအစစ် ဖြစ်တယ်လို့ ပြောကြားရင် ဘာအပြစ်များ သက်ရောက်ပါသလဲ၊ အမှန်ပြောလို့ အပြစ်ရောက်တာများ ရှိပါသေးသလား ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း… အဲဒီ အရိယာတရား မဂ်ဖိုလ်များက လောကထက် ထွတ်မြတ်တဲ့ လောကုတ္တရာ ရတနာတရားတွေ ဖြစ်တယ်၊ ဒါ့ကြောင့် ကိုယ်ပိုင် ရရှိထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မဂ်ဖိုလ်ရတနာ အမြတ်တရားများကို သူတစ်ပါးအား ပြောကြား ကြေငြာနေစရာ မလို၊ သူတော်ကောင်းပီပီ ကိုယ့်ဘာသာကိုယ် ပိရိသိပ်သည်းအေးမြစွာ ဖိုလ်ချမ်းသာကို ၀င်စံခံစားနေခြင်းမျှသာဟု ၀ိနည်းကျမ်းဂန်က မိန့်ကြားထားတာ ဖြစ်တယ်၊ အမှန်ပြောလို့ အပြစ်ရောက်ပုံများကို စာပေကျမ်းဂန်ဝိနည်းတရားတော်က နောက် ဆက်ပြီး အမိန့်ချလိုက်ပုံမှာ…..
“အရိယာဟုတ်မှန်လျှင် ဟုတ်တယ်လို့ မပြောကြားရ၊ ဟုတ်မှန်တယ်လို့ ပြောကြားလျှင် ပါစိတ် အာပတ် သင့်စေတဲ့”။
“အရိယာမဟုတ်ဘဲ ပါပိစ္ဆစိတ်ဓါတ်နဲ့ လာဘ်သပ်ပကာ ဒကာဒကာမ ပေါများကျော်ကြားလာစေရန်အ တွက် ဟုတ်တယ်လို့ ပြောကြားကြေငြာသော ရဟန်းကား ပါရာဇိက ကျ၏။ ရဟန်းမဟုတ်တော့ပြီတဲ့”။
ဒါထက် ပိုသိချင်ရင် စာပေကျမ်းတတ် ပုဂ္ဂိုလ်မြတ်တို့ထံ ချဉ်းကပ် မေးပေတော့၊ ဒါထက်ပိုပြီး ဖြေကြားကွက်လည်း မရှိတော့ပါဘူး။
ဒကာ။ ။ ကျေနပ်လှပါပြီဆရာတော်၊ ခုခေတ်ရဟန္တာတွေက ကြေငြာလွန်းလို့ မေးရတာပါ၊ တချိုကများ စွယ်စုံရဟန္တာကြီးတစ်ပါး ပေါ်လာပြန်ပြီဟု ပုံတော်ကြီးနဲ့ ထည့်ပြီး ကြေငြာပေးကြသေးတယ်၊ ဗဟုသုတနည်းတော့ ယုံမိတာပဲ ဘုရား။

No comments: